ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ အသက် ၁၅နှစ်ကနေ ၃၀အစောပိုင်း နှစ်တွေကို လူငယ်ဘဝလို့ သတ်မှတ်ကြပါတယ်။ ဒီအရွယ် ကာလအပိုင်းအခြားဟာ လူတစ်ယောက်ရဲ့ ဘ၀ သက်တမ်း တစ်လျှောက်လုံးမှာ အင်အားတွေ အပြည့်ဆုံး နဲ့ လန်းဆန်းတက်ကြွမှု အရှိဆုံး ကာလတွေပါ။ ကိုယ်ပိုင် စဉ်းစားဉာဏ်တွေ ဖွံံ့ ဖြိုးလာပြီး အရွယ်ရောက်တဲ့ လူတစ်ယောက် အဖြစ် သတ်မှတ်နိုင်တဲ့ ကာလတွေပဲ ပေါ့။ ကြိုးစားအားထုတ်မှု တွေကို မိုင်ကုန် မောင်းတင်ထားရမဲ့ အချိန်ပဲ ဖြစ်ပါတယ်။
အသက်ကြီးပြီး လူငယ်ကာလကို ကျော်လွန်လာတဲ့ အခါ ကျရင် လူဆိုတာ ဘာဖြစ်မလဲ ကြိုတင်မသိနိုင်ပါဘူး။ အသက်ကြီးသွားတဲ့အခါ လူတိုင်းက အေးအေးဆေးဆေး နဲ့ သက်တောင့် သက်သာ ဘ၀ ကို လိုချင်ကြပါတယ်။
အသက်ကြီးပြီး လူငယ်ကာလကို ကျော်လွန်လာတဲ့ အခါ ကျရင် လူဆိုတာ ဘာဖြစ်မလဲ ကြိုတင်မသိနိုင်ပါဘူး။ အသက်ကြီးသွားတဲ့အခါ လူတိုင်းက အေးအေးဆေးဆေး နဲ့ သက်တောင့် သက်သာ ဘ၀ ကို လိုချင်ကြပါတယ်။
ဒါကြောင့် လူငယ်ဘ၀ ကျော်သွားတဲ့ အခါမှာ လူများအလယ်မှာ ရှိသင့် ရှိထိုက်တဲ့ အထိုက်အလျောက် လူနေမှု ပုံစံ ကို နေထိုင်နိုင်ဖို့ ခွန်အားပြည့်နေတဲ့ လူငယ်ဘဝမှာ ကြိုတင်စုဆောင်း ရှာဖွေထားသင့်တဲ့ အရာတွေလည်း ရှိနေပြန်ပါတယ်။ လူငယ်ပီပီ လူငယ်ဆန်တဲ့ လူငယ်ဘဝကို ဖြတ်သန်းရင်း နောင်အနာဂတ်မှာလည်း ကိုယ့်အတွက် အကျိုး ရှိစေမဲ့ အရာတချို့ ကို လူငယ်ဘဝမှာ စုဆောင်းရှာဖွေနိုင်ကြပါစေ နော်။
၁. သူငယ်ချင်းကောင်း
ဘဝမှာ ရှင်သန်နေထိုင်ရင်း ကျွန်တော်တို့ တွေဟာ ကိစ္စမျိုးစုံ နဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အခက်အခဲ ပြဿနာတွေဆိုတာ ပိုတိုးလို့ ရင်ဆိုင်ရအုန်းမှာပါ။ အခက်အခဲ တွေ ကြုံရတိုင်းလည်း အချစ်ဆုံး သူငယ်ချင်းတွေကို အားကိုး တတ်ကြတာ လူ့ သဘာဝပါပဲ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လို့ ဆိုတဲ့ အတိုင်း လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မှီခို နေထိုင်ကြရတာ ဖြစ်ပါတယ်။ အတု အယောင်တွေ များတဲ့ ခေတ်မှာ သင့်မှာ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းတွေ ရှိထားတယ်ဆိုရင် ဒါဟာလည်း ရတနာ တစ်ပါးပါပဲ။
၂. အတွေ့ အကြုံ
လူငယ်ပီပီ ကောင်းတဲ့ အတွေ့ အကြုံ တွေလည်း ရှိမယ်၊ ဆိုးတဲ့ အတွေ့ အကြုံတွေ လည်း ရှိနိုင်သလို အမှားတွေလည်း လုပ်ခဲ့ဖူးမယ်၊ သို့သော် ဒီအတွေ့ အကြုံတွေကပဲ ကိုယ့်ကိုကိုယ်ရင့်ကျက်လာဖို့ ဆုံးမစာတွေပဲ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း လူငယ်ဆိုတာ အမှား အမှန် ခွဲခြားသိမြင်တတ်တဲ့ အရွယ် ဖြစ်တာမို့ မိမိကိုယ်ကို လမ်းဆုံးထိ ရောက်စေနိုင်မဲ့ အတွေ့အကြုံ တွေတော့ ရှောင်ရှား ဆင်ခြင် တတ်ဖို့ ကတော့ အရေးကြီးပါတယ်။
၃. အမှတ်တရ
ကျွန်တော်တို့ ငယ်ငယ်တုန်းက အိမ်မှာ မိသားစု စုံချိန်ဆိုရင် အဖေက သူငယ်ငယ်က ပျော်ပါးခဲ့ဖူးတဲ့ အမှတ်တရတွေ အခက်အခဲတွေကို ကျွန်တော်တို့မောင်နှမတွေကို ပြန်ပြောပြတတ်တယ်။ ကျွန်တော်ကတော့ အဖေ အမေတို့ အမှတ်တရ တွေ နားထောင်ရတာကို သဘောကျတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မှာ မတူညီတဲ့ ဘဝဇာတ်လမ်းတွေ အသီးသီး ရှိကြပါတယ်။ အမှတ်တရ တွေဆိုတာလည်း တန်ဖိုးဖြတ်လို့ မရတဲ့ ရွှေပါပဲ။ ဒါကြောင့် ငယ်တုန်း ရွယ်တုန်း လူငယ်ကာလ က အမှတ်တရ တွေ ဖန်တီးလို့ အကောင်းဆုံး ကာလ တွေပါပဲ။
သူငယ်ချင်းတွေနဲ့ ပျော်ပါးခဲ့တာတွေ ကျောင်းလစ်ပြီး မုန့်သွားခိုးစားတာတွေ ခရီးထွက်ခဲ့ ကြတာတွေ ရည်းစားတွေထား ပြီး ကြည်နူးခဲ့တဲ့ အချိန်တွေ အသည်းတွေ ကွဲ ပြီး ငိုယို ခဲ့တဲ့ အချိန်တွေ ဒါတွေဟာ အသက်ကြီးသွားရင် ပြုံးပြုံးလေးနဲ့ တစိမ့်စိမ့် တွေးပြီး အမှတ်ရနေရမဲ့ အမှတ်တရတွေပဲ ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လူငယ်ဘ၀ ကို လူငယ်ဆန်ဆန် ဖြတ်သန်းခဲ့တဲ့ အတွက် နောင်တ ဆိုတာ ရှိမှာ မဟုတ်ပါဘူး။
၄. ပိုက်ဆံ
ပိုက်ဆံ ဆိုတာ ဒုတိယဘုရားသခင် လို့ ဆိုကြတဲ့ အပေါ် လက်ခံ တဲ့သူလည်း ရှိသလို လက်မခံတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ငွေကြေး အကူအညီအားဖြင့် ပြဿနာ တော်တော်များများ ကို ဖြေရှင်းလို့ ရနိုင်တယ် လို့ ကျွန်တော် ကတော့ ယုံကြည်ပါတယ်။ မြန်မာလူမျိုးတွေမှာလည်း အဆို ရှိပါတယ်။ ပထမအရွယ်မှာ ပညာရှာ ဒုတိယအရွယ်မှာ ဥစ္စာ ရှာ ဆိုသလိုပါပဲ။
ဒုတိယအရွယ်ဖြစ်တဲ့ လူငယ်ကာလ က လူတစ်ယောက်ရဲ့ လန်းဆန်းတက်ကြွ ဆုံး အချိန်ဖြစ်လို့ ကြိုးစားအားထုတ်မှုတွေကို အရှိန်ကုန်တင်ပြီး ငွေကြေး စုဆောင်းထားသင့်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ပိုက်ဆံ စောစော စုထားလေ အနာဂတ် ဘ၀ အာမခံချက်က ပိုခိုင်မာလေပဲ ဖြစ်ပါတယ်။ သို့သော် ငွေနောက်ကို လိုက်ရင်း ငွေကြေး ရဲ့ ကျေးကျွန် မဖြစ်သွားဖို့ ကလည်း အရေးကြီးပါသေးတယ်။
ငွေက အရေးကြီးတာ မှန်ပေမဲ့လည်း ၁၀၀ရာခိုင်နှုန်းသော ပြဿနာ တိုင်းကိုလည်း ဖြေရှင်းနိုင်တာ မဟုတ်ပြန်ပါဘူး။ လူငယ်ဘဝမှာ ကိုယ်တတ်နိုင်တဲ့ ပမာဏ တစ်ခုကို သတ်မှတ်ထားပြီး အထိုက်အလျောက် ငွေကြေး စုဆောင်းမှု ကတော့ လိုအပ်ပါတယ်။ ငွေဟာ ဒုတိယဘုရားသခင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာတာတော့ ပထမ ဘုရားသခင်တော့ မဟုတ်ပါဘူး။
၅.ပညာ
ပညာ ရွှေအိုး လူမခိုး လို့ ငယ်ငယ်က သင်ခဲ့ဖူးသလိုပါပဲ။ ပညာဆိုတာ ကိုယ့်ဆီကနေ ဘယ်သူမှ ခိုးယူလို့ မရနိုင်တဲ့ ပိုင်ဆိုင်မှု တစ်ခုပါ။ ပညာရပ်တစ်ခုခုအပေါ် ရင်းနှီးမြှုပ်နှံထားခြင်းဟာလည်း အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ပါပဲ။ ဘွဲ့ ရသွားပြီဆိုရင်လည်း ကျွန်တော်တို့ဟာ လေ့လာမှုတွေကို ရပ်တန့်လိုက်လို့ မရပါဘူး။ Continuous learning လို့ ခေါ်တဲ့ စဉ်ဆက်မပြတ် လေ့လာတတ်သူ နဲ့ မလေ့လာတတ်သူ ဟာ နားလည်တတ်ကျွမ်းမှု ပညာရပ်ဆိုင်ရာ ဗဟုသုတ တွေမှာ သိသာကွာခြားတာမို့ အလုပ်ခွင်မှာလည်း တိုးတက်မှုနှုန်း ဟာ ထင်ရှားနေမှာပါ
ငယ်စဉ်အခွင့်အရေး ရတုန်း ပညာရပ်တွေ မလေ့လာမိခဲ့ရင် နောင်အနာဂတ် ကိုယ့်ရဲ့ career လမ်းကြောင်းမှာ ထိခိုက်မှု ရှိလာနိုင်ပါတယ်။အပြိုင်အဆိုင်တွေ များလာပြီး လူတော်တွေ များလာတဲ့ ခေတ်ကြီးထဲမှာ ကိုယ်က မကျန်ခဲ့ချင်ရင် ပညာ ဝမ်းစာ ပြည့်အောင် ဖြည့်ထားဖို့တော့ လိုအပ်ပါတယ်။ နောက်ဆုံး အနေနဲ့ အနာဂတ်ဆိုတာ ဘာမှန်း မသိရသေးခင် လက်ရှိဖြတ်သန်းနေရတဲ့ လူငယ်ဘ၀ ကို လူငယ်ပီသစွာ လွတ်လွတ်လပ်လပ် ဖြတ်သန်းရင်း တစ်ဖက်မှာလည်း လှပတဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင် ထားဖို့ မမေ့ပါနဲ့ လို့ ပြောပြချင်ပါတယ်။
credit live the dream