အစိုးရကို အမြင်ကပ်ပါက ဆဲနိုင်သော်လည်း မီတာခကိုမူ မဆောင်ဘဲမနေသင့်ကြောင်း စကစခန့် ပြန်ကြားရေးဝန်ကြီးပြော
အစိုးရကို အမြင်ကပ်ပါက ဆဲနိုင်သော်လည်း မီတာခကိုမူ မဆောင်ဘဲမနေသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။ စက်တင်ဘာ ၃ဝ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်တွင်း၊ ပြည်ပရှိ
သတင်းမီဒီယာများနှင့်တွေ့ဆုံရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီနေ့ပြည်သူတွေ မီတာခမပေးချင်ဘူးလို့ပြောတယ်။ Why ဘာကြောင့်လဲ။
အစိုးရကို အမြင်ကပ်လို့လား။အစိုးရကို အမြင်ကပ်တာနဲ့ပဲ မီတာခ မပေးရတော့ဘူးလား။ ဒီမိုကရေစီလေ ဘယ်ဟာမှ အလကားမရဘူး။
မီးလင်းချင်ရင် ပိုက်ဆံပေးရမှာပေါ့။ ဒါကျွန်တော်ရိုးရိုးပြောတာပါ။ လျှပ်စစ်ကလည်း မီးတစ်ပွင့်ရဖို့ ဘယ်လောက်လုပ်ရတယ်ဆိုတာလဲ စဉ်းစားလိုက်ရင်သိပါတယ်။ ဓာတ်အားထုတ်ဖို့တိုင်တွေစိုက် ကြိုးတွေသွယ် လူတိုင်းမီးရဖို့ အများကြီးလုပ်ရပါတယ်။ နိုင်ငံတော်ဘတ်ဂျတ်နဲ့လုပ်ရတယ်။
နိုင်ငံတော်ဘတ်ဂျတ်ကဘာလဲ။ ပြည်သူ့ဘဏ္ဍာပဲ။ အလကားဘယ်ဟာမှမရဘူး။ ကျွန်တော်ပြောတာ အစိုးရကိုအမြင်ကပ်ရင် ဆဲ။ အမြင်ကပ်တာနဲ့ မီတာခမပေးဘူးဆိုတော့ ဒါနိုင်ငံရေးလား ” ဟု ၎င်းကပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသားများသည် ပြည်တွင်းစစ်ဖြစ်နေသည်ကိုပင် ရှက်ရကောင်းမှန်း မသိကြတော့ကြောင်း ၎င်းက ဆိုသည်။ ကမ္ဘာမှာ တိုင်းရင်းသားလက်နက်ကိုင် ၁ဝဝ လောက်နဲ့ ပြည် တွင်းမှ ပဋိပက္ခတွေ၊ တိုက်ပွဲတွေဖြစ်နေတာ မြန်မာတစ်နိုင်ငံတည်းရှိပါတယ်တဲ့။
အင်မတန်ရှက်ဖို့ကောင်းပါတယ်လို့ ကျွန်တော့်ကို လူတစ်ယောက်ကပြောဖူးတယ်။ ကျွန်တော်တို့အနေနဲ့ ရှက်ရကောင်းမှန်းမသိတော့ဘူး။ ပြောတော့ ကမ္ဘာမှာ မြန်မာဆိုပြီးတော့မှ သွားချင်ကြတယ်။
ကိုယ့်အချင်းချင်းလည်း မတည့်ဘူး။ ကိုယ့်ထက်သာရင်လည်းမနာလိုဖြစ်တယ်။ နိုင်ငံရေးပါတီဆိုလည်းဖွဲ့လိုက်ရင် အများကြီး၊ တော်ကြာကွဲပြန်ပြီ၊ပြဲပြန်ပြီ။”ဟု ဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။
ဦးမောင်မောင်အုန်း သည် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်နေသူဖြစ်သည်။ သူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ မတ်လအထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သူသည် တပ်မတော် (ကြည်း)မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ ဇွန်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားခဲ့သော ဦးလှမောင်တင် နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ထိုဝန်ကြီးချုပ်နေရာအား ရခိုင်တိုင်းရင်းသားများထဲမှ ခန့်အပ်ရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခဲ့သော်လည်း ဗမာလူမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းအားခန့်အပ်ခဲ့သည်။ ဦးမောင်မောင်အုန်းအား ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။
ဦးမောင်မောင်အုန်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်းအရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်း ခံခဲ့ရသူဖြစ်သည်
စိုင်းစောညို