မန္တလေး ရှိ ကုန်းလမ်း ပို့ဆောင်ရေး ရုံးအနီး ပေါက်ကွဲမှု ကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် လူ ကိုးဦးခန့် ဒဏ်ရာ ရရှိ သွားခဲ့မှု နှင့် အတူ စစ်ကောင်စီအား တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်တက်လာနေပြီ ဖြစ်သည်ဟု အေပီ သတင်း ကို ကမ္ဘာအနှံ့ သတင်း မီဒီယာများ တွင် ဖေါ်ပြလာခဲ့ကြသည်။
ရေတာရှည် PDF အဖွဲ့ မှ ကိုယ်ပိုင် အုပ်ချုပ်ရေး ထူထောင်တော့မည်ဟု သတိပေးချက် ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အယောက် ၄၀ ခန့်မှာ ကျန်းမာရေး အကြောင်းပြ၍ ရာထူးမှ နှုတ်ထွက်သွားခဲ့ ကြောင်း မြန်မာ နောင်း မှ ဖေါ်ပြလာခဲ့သည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု တိုက်ပွဲကြီးက တဖြေးဖြေး နှင့် ရုပ်လုံးပေါ်လာနေပြီ ဖြစ်သည်။ ဒလန်များကို သုတ်သင်မှု နှင့် အတူ မိမိတို့ အချင်းချင်း တယ်လီဖုန်း ဖြင့် လျှို့ဝှက် ဆက်သွယ်မှု များ ပြုလုပ်ပါကလည်း ဖြစ်နိုင်လျှင် တခါသုံး ဖုံး ကို သုံးရန် နှင့် သုံးမိနစ် ထက် ပိုမပြောကြရန် သတိပေးလာခဲ့ကြသည်။ ကြားဖြတ် နားထောင်ကာ တည်နေရာ ကို စုံစမ်းမှုသည် သုံးမိနစ်အောက်သာ ရှိလျှင် နည်းပညာ ကျွမ်းကျင်ပါသည် ဆိုသော အမေရိကန် တို့ပင် လက်မှိုင်ချနေရ၍ လည်း ဖြစ်သည်။
ရုရှား သံရုံးမှ ကြေညာချက် ထုတ်ပြန်ရာတွင် အမျိုးသား ညီညွတ်ရေး အစိုးရဟု အမည်ပေးထားသော အဖွဲ့မှ စက်တင်ဘာ ၇ ရက်တွင် “ပြည်သူ တွန်းလှန် ခုခံ စစ်” ဆင်နွှဲတော့မည်ဟု ကြေညာလာခဲ့သည့် အချိန်မှစ၍ တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်တက်လာနေ၍ ခက်ခဲဆုံး အခြေအနေများ ရင်ဆိုင်နေရသည်ကို ထင်ဟပ် လျှက် ရှိနေသည်။
သို့သော် လက်ရှိ စစ်အုပ်ချုပ်ရေး အဖွဲ့အနေနှင့် မိမိတို့ သံရုံး ပုံမှန်လည်ပတ်နိုင်ရေး အတွက် ဆက်လက် ၍ လုံခြုံရေး တာဝန်များ ယူထားလျှက် ရှိနေကြောင်း ပထမဆုံး အကြိမ် အဖြစ် လူသိရှင်ကြား ပါးနပ်စွာ သတိပေး လာခဲ့သည်။
မင်းအောင်လှိုင် နှင့် စစ်ကောင်စီ ကိုယ်စားလှယ် တဦး တလေမျှ အာဆီယံ ထိပ်သီး အစည်းအဝေး တွင် မြန်မာ အား ကိုယ်စားပြု တက်ရောက်ခွင့် ငြင်းဆိုခဲ့ပြီးနောက် ပြည်ပရှိ အဖွဲ့အစည်းများက အမျိုးသား ညီညွတ် ရေး အစိုးရကို အာဆီယံ မှ အသိအမှတ် ပြုရန် တောင်းဆို မှု များ ဆူညံစွာ ထွက်ပေါ်လာသည်။
ထိုအထဲတွင် အတက်ကြွဆုံး ပြောဆိုလာသည့် အဖွဲ့ က အာဆီယံ နိုင်ငံများ၏ ပါလီမန် အမတ်များ အဖွဲ့ကြီးပင် ဖြစ်သည်။ အဆိုပါ အဖွဲ့ကြီး၏ ဥက္ကဌ ဖြစ်သူ ချားလ် စင်တီယာဂို မှ “မြန်မာ ပြည်သူများသည် နေ့စဉ်နှင့် အမျှ လူသတ် အစိုးရ ကို လက်မခံနိုင်ကြောင်း ကမ္ဘာသိ ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ပြသလျှက် ရှိနေပြီ ဖြစ်၍ ၎င်းတို့အား ကိုယ်စားပြုသည့် NUG နှင့် ဆက်သွယ် ဆောင်ရွက်ရန် တိုက်တွန်းသည် ဟု CRPH ကိုယ်စားလှယ်များ နှင့် ပူးတွဲ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောဆိုခဲ့သည်။
အာဆီယံ အနေဖြင့် ယခုအခါ မင်းအောင်လှိုင်ကို ဖယ်ထုတ်လိုက်ပြီ ဖြစ်၍ မြန်မာ အရေး အား အမှန်တကယ် ဖြေရှင်း ရန် တခုတည်းသော နည်းလမ်း ဖြစ်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ထိတွေ့ ဆွေးနွေး မှသာ ဖြစ်တော့မည်ဟူသော အယူအဆများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ ထိုအရေးကို လွန်စွာ စိုးရိမ်ပူပန်လာနေ သော စစ်ကောင်စီသည် အာဆီယံ နှင့် ဆက်လက် ပူးပေါင်းသွားပါမည်ဟု အောက်ကျခံ ဒူးထောက် ပြောဆို လာရသည့် အဆင့် ဖြစ်လာခဲ့သည်မှာ အထင်အရှားပင်။
အာဆီယံ အနေဖြင့် စစ်ကောင်စီက ဘာမှ လုပ်မပေးလျှင် လုပ်နိုင်သောလူနှင့် ပြောဆိုမည်ဟု ပြတ်ပြတ် သားသား ရာဇသံပေးဖို့သာ ရှိပေတော့သည်။ အာဆီယံ ခေါင်းဆောင်များ ယခုလို တစုတဝေးတည်း တွေ့ဆုံ စည်းဝေးနေကြချိန် တွင် ၎င်းတို့ အားလုံး တလေးတစား နှင့် နေရာပေး ဆက်ဆံခဲ့ကြရသော လုပ်ဖေါ်ကိုင်ဖက် တဦး ဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် ကမ္ဘာသိ ခေါင်းဆောင်တဦးမှာ စစ်အာဏာသိမ်း အဖွဲ့၏ လျှို့ဝှက် တရားရုံးတခုတွင် သူမ အပေါ် မတရားစွပ်စွဲလာမှုများကို ချေပနေရချိန် ဖြစ်သည်ကိုလည်း မေ့ပျောက်နိုင်ကြမည်တော့ မဟုတ်ပေ။
ဘိုင်ဒင် အစိုးရအား အမျိုးသား ညီညွတ်ရေး အစိုးရကို အသိအမှတ် ပြုပြီး ထိန်းချုပ်ထားသော မြန်မာပိုင် ဒေါ်လာ တစ် ဘီလီယံ ကို ကိုဗစ် ကာကွယ်ဆေး ဝယ်ယူနိုင်ဖို့ ထုတ်ပေးရန် နယူးဝိခ် မဂ္ဂဇင်း တွင် ရေးသား ထားခဲ့သည်။ သို့မှသာ ဒေသတွင်း တရုတ်၏ ဗိုလ်ကျ လွှမ်းမိုးမှုကို တုန့်ပြန်နိုင်ပြီး အမေရိကန်၏ အရှိန်အဝါကို ဖြန့်ကျက် လာနိုင်မည်ဟု ဆိုသည်။
ဘိုင်ဒင်သည် သူ သမ္မတ ဖြစ်ပြီး ဆယ်ရက် အတွင်း မှာပင် မြန်မာ စစ်ခေါင်းဆောင်များက ဒီမိုကရေစီ နည်းလမ်း ဖြင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းလိုက်ခြင်းဖြင့် နားရွက် တံတွေးဆွတ် ခံခဲ့ရပြီး ဖြစ်သည်။ ယင်း ပြဿနာ သည် ဒေသတွင်း တရုတ်၏ လွှမ်းမိုးနေမှု တန်ပြန်ရေး၊ မြောက်ကိုရီယား နျူ လက် နက် များ ထုတ်လုပ်နေခြင်း နှင့် အတူ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အတွက် အရေးပါသော စိန်ခေါ်မှုကြီး ဖြစ်လာခဲ့ရသည်။ အဆိုပါ ပြဿနာ သုံးရပ်တွင် မြန်မာ အရေးသည် ကိုင်တွယ်ရ အလွယ်ကူဆုံး ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြနေကြသည်။
ယခုအခါ အာဆီယံ နိုင်ငံများ အပါအဝင် နိုင်ငံ ၁၈ နိုင်ငံ ပါဝင်သည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး ကို ဆက်လက်ကျင်းပလျှက် ရှိနေသည်။ ထိုအစည်းအဝေး တွင် အမေရိကန် သည် မြန်မာ ပြဿနာကို ဖြေရှင်းရန် အဖြေတခုခု အခိုင်အမာ ထွက်လာရေးအတွက် ပြောဆို တိုင်ပင်မည်ဟု ယူဆရပေသည်။
ဘိုင်ဒင်သည် ပင်လယ်ပြင် လွတ်လပ်စွာ သွားလာခွင့်၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ အတွက် အာဆီယံ နိုင်ငံများဖက်က ရပ်တည်သွားမည် ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးအား ပြင်းထန်စွာ ခြိမ်းခြောက်လာနေသည့် စစ်ခေါင်းဆောင်များ၏ လုပ်ရပ်ကို ဖြေရှင်းရမည်ဟု အခိုင်အမာ ကတိကဝတ်ပြု ပြောကြားသွားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုအခါ နိုင်ငံ ပြင်ပသို့ မထွက်သည်မှာ ရက်ပေါင်း ၆၃၀ ရှိနေပြီး မကြာမီ ကာလများ အတွင်း အွန်လိုင်း အစည်းအဝေးများသို့ပင် တက်ရောက်ခြင်း မရှိတော့ဘဲ လက်ထောက်များကိုသာ စေလွှတ်လျှက် ရှိနေသည်ကလည်း သမ္မတ ဘိုင်ဒင် အဖို့ ၎င်းနှင့် နှစ်ကိုယ်ချင်း တွေ့ဆုံနိုင်ရန် အခက်အခဲများ ဖြစ်နေသည်ဟု သိရသည်။
လက်ရှိ အာဆီယံ ၏ ပြောင်းလဲလာသော မူဝါဒ များ အပေါ် တရုတ်၊ ရုရှား တို့ နှင့် အတူ ငြိမ်သက်နေသော နောက် တနိုင်ငံမှာ ဂျပန် ပင် ဖြစ်သည်ဟု တိုကျို သတင်းစာများက ဝိုင်းဝန် ဝေဖန်လာနေကြသည်။ ဂျပန်သည် နီးကပ်လာနေပြီ ဖြစ်သော ရွေးကောက်ပွဲကို အာရုံထားနေပုံ ရသည်။
အာဆီယံသည် မင်းအောင်လှိုင် အား ထုတ်ပယ်လိုက်မှု နှင့် တင်းတိမ် မနေသင့်ဘဲ လူသားချင်း စာနာထောက် ထားသော အကူအညီများ ပေးနိုင်ရေး၊ ပြစ်မှတ်ထား စီးပွားရေး ဒဏ်ခတ်မှုများ ပြုလုပ်ရေး၊ လက်နက်ရောင်း ချမှု ပိတ်ပင်ရေး နှင့် စစ်ခေါင်းဆောင်များ၏ ၎င်းတို့ လုပ်ရပ်များ အတွက် တာဝန်ခံမှု ရှိလာရေး များ အတွက် နိုင်ငံတကာ နှင့် ဆက်သွယ်ဆောင်ရွက်ရန်လည်း Just Security အဖွဲ့ကြီးက ထောက်ပြလာသည်။
စစ်အာဏာသိမ်း အဖွဲ့အား စီးပွားရေး အရ နောက်ထပ် ထိုးနှက်မှု တခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ အိန္ဒိယ ရှိ အာဒါနီ ဆိပ်ကမ်း ဆောက်လုပ်ရေး ကုမ္ပဏီကြီးမှ ရန်ကုန် တွင် ကွန်တိန်နာ ဆိပ်ကမ်းကြီး တခု ဆောက်လုပ် ရေး အစီအစဉ်များကို အပြီးအပိုင် စွန့်လွှတ်ကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
အမေရိကန် အစိုးရ ၏ ပြည်ပ ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ရုံး အား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ နှင့် ကင်းလွတ်ကြောင်း လိုင်စင် လျှောက်ထားခဲ့ပြီး နောက် အတည်ပြုချက် မရ၍ လာမည့် နှစ် ဇွန်လ တွင် အပြီးသတ် ရပ်ဆိုင်းရန် အခု လို ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပုံရသည်။ ထို့အတွက် စစ်ခေါင်းဆောင်များ မျှော်လင့်နေသော ဒေါ်လာ သန်းပေါင်း များစွာ ရမည့် မြေငှားခ များ လတ်တလောတွင် ဆုံးရှုံးသွားခဲ့ရလေသည်။
အဆိုပါ ဒေါ်လာ သန်း ၂၇၀ တန် နိုင်ငံတကာ အဆင့်မီ ကွန်တိန်နာ ဆိပ်ကမ်း တည်ဆောက်ရေး အတွက် စစ်တပ်၏ အာဏာသိမ်းခြင်း ခံလိုက်ရသော ပြည်သူ့အစိုးရ လက်ထက်တွင် အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။
မင်းအောင်လှိုင်သည် အစည်းအဝေးတွင် “ဘာတွေ ဖြစ်လာနိုင်မလဲ သဘောဖြင့် So What” ဟု ဆိုကာ မေးမြန်း ပေဦးမည်။ ထိုအခါ သူ့ထက် အင်္ဂလိပ်စာ အသင့်အတင့် နားလည်ပုံရှိမည့် စစ်ကောင်စီ ဝင်များ အဖို့ So What အဓိပ္ပါယ်မှာ အရေးမပါ၊ ဂရုမစိုက် ဟု သိထားသဖြင့် မည်သို့မျှ ပြန်လည် ပြောဆိုရဲကြမည် မထင်ပေ။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai