မြန်မာတစ်နိုင်ငံလုံး ၄၆ မြို့နယ်အမှ အပ ကျန်မြို့တွေမှာ ကျောင်းတွေပြန်ဖွင့်မယ်လို့စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရ စာသင်ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ပြန်လည် စတင် ဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျောင်းတက်ကြသူတွေ နည်ပါးနေတာ တွေ့ရပါတယ်။
ဒီတကြိမ်ဟာ စစ်ကောင်စီလက်ထက်မှာ ဒုတိယ အကြိမ်အခြေခံပညာကျောင်းတွေပြန်ဖွင့်တာဖြစ်ပြီး ဇွန်လက ပထမဆုံး ကျောင်းဖွင့်ရက်ထက် ကျောင်းလာတက်သူ ပိုနည်းတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။ကျောင်းစဖွင့်ရက်မှာ ကျောင်းမဖွင့်တဲ့ မြို့နယ်တွေလည်း ရှိနေပါတယ်။ပစ်ခတ်မှုတွေ များပြားနေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ ကျောင်း အားလုံးနီးပါး မဖွင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ထားတဲ့ ထီးချိုင့်မှာ လုံခြုံရေး အခြေအနေကြောင့် ကျောင်းတွေ မဖွင့်ကြတာ ဖြစ်ပြီး ထိတွေ့ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။သားသမီးတွေကို ကျောင်းတက်စေချင်တဲ့ မိဘတွေတောင် ကျောင်းမပို့ကြဘူးလို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။
ပစ်ခတ်မှုတွေ ရှိနေတဲ့ ဒေသတွေက ကျောင်းတွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေက နေရာယူထားတဲ့အတွက် စိုးရိမ်ပူပန် နေကြသူတွေလည်း ရှိပါတယ်။မြို့ပေါ်က မှာလည်း ကျောင်းဖွင့်ချိန် အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေး ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။အဲဒီလို လုံခြုံရေး ယူထားလို့ ပိုစိုးရိမ်ကြသူတွေလည်း ရှိတာတွေ့ရပါတယ်။
ရန်ကုန်မြို့ပေါ်က ပုဂ္ဂလိကကျောင်းတွေ မှာလည်း အများစု မတက်ကြဘဲ ၅ ရာခိုင်နှုန်း လောက်သာ တက်ကြတယ်လို့ ပုဂ္ဂလိကပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကတေ့ အလှူငွေလိုအပ် ချက်ရှိနေကြတဲ့အပြင် ကိုဗစ်ကူးစက်မှုကလည်း အဓိက အခက်အခဲအဖြစ် ရင်ဆိုင်နေရပါတယ်။ကိုဗစ် ကူးစက်မှု များနေတဲ့ ရှမ်းပြည်နယ်က ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေမှာ ရောဂါအခြေအနေပေါ် မူတည်ပြီးမှသာ ကျောင်းပြန်ဖွင့်ကြဖို့ ရှိတယ်လို့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တစ်ကျောင်းက ဆရာတော် တစ်ပါးက မိန့်ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ကျောင်းတက်သူတွေ များတာကို ဒေသအခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာ တွေ့ရပါတယ်။
မူလတန်းနဲ့ အလယ်တန်းကို ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ စာမေးပွဲဖြေဆိုခိုင်းမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းတွေကို မတ်လထဲမှာ စစ်ဆေးသွားမယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
စာသင်ကာလ လေးလ မပြည့်ခင် ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုကြရမယ့် ကိစ္စကို မိဘတွေရော ဆရာဆရာမတွေဘက်ကပါ ပြောဆိုဝေဖန်နေတာတွလည်း ရှိနေကြပါတယ်။
ကျောင်းပြန်ဖွင့်တဲ့ အခြေအနေ၊ သင်ရိုး အစီအစဉ်တို့နဲ့ ပတ်သက်ပြီး စစ်ကောင်စီပညာရေးဝန်ကြီးဌာန ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ မီဒီယာကို ဖြေဆိုခွင့်ပေးမထားဘူးလို့ ဆက်သွယ်လို့ ရသူတွေက ဆိုကြပါတယ်။
***************