ဘဏ်တွေ မပါဝင်ဘဲ ငွေပေးငွေယူ လုပ်ကိုင်တဲ့ ခရစ္ပတို ငွေကြေး သုံးစွဲမှုများ တွင်ကျယ်လာချိန်မှာ နိုင်ငံအသီးသီးမှ ဗဟိုဘဏ်တွေ ဘေးထွက်ထိုင်ရတော့မယ့် အခြေအနေ မရောက်ဖို့ ခရစ္ပတိုငွေကြေးကို အပြိုင်ပြုဖို့ ဒစ်ဂျစ်တယ်ငွေကြေး ဖန်တီးကြပြီး ဗဟိုဘဏ် ချုပ်ကိုင်ထားတဲ့ ငွေကြေးစနစ်ထဲမှာ ဒစ်ဂျစ်တယ်ငွေကြေးကို သုံးစွဲလည်ပတ်နိုင်ဖို့ အားထုတ်ကြတယ်။ ငွေကြေးစနစ်ကိုလည်း ခေတ်မီအောင် ဖန်တီးကြတယ်။
တရုတ်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ယွမ်ကို စတင်ခဲ့တယ်။ အောက်တိုဘာလမှာ ဒစ်ဂျစ်တယ်ယွမ် သုံးစွဲတဲ့ ‘ခေါက်ပိုက်ဆံအိတ်’ စာရင်းဖွင့်ထားသူ ဦးရေ သန်း ၁၄၀ ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ယွမ်ဖြင့် ငွေေပးေငွယူ ပြုထားတဲ့ ပမာဏက ယွမ် ၆၂ ဘီလျံဝန်းကျင် ရှိပါတယ်လို့ တရုတ်ဗဟိုဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ငွေစက္ကုယွမ်ရဲ့ အတိုကောက် သင်္ကေတက CNY ဖြစ်ပြီး ဒစ်ဂျစ်တယ်ယွမ်ရဲ့ အတိုကောက်သင်္ကေတက e-CNY လို့ သတ်မှတ်ထားပါတယ်။
ယခုအဆင့်က စတင်လိုက်တဲ့ အဆင့်ဖြစ်ပြီး တရားဝင် စတင်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူးလို့ People’s Bank of China မှ ညွှန်ချုပ် Mu Changchun က ပြောကြားပါတယ်။
]
နိုင်ငံအချို့တို့မှာ ဗဟိုဘဏ်က ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး central bank digital currency (CBDC) ပေါ်ပေါက်လာဖို့ စီမံဆောင်ရွက်နေကြပါတယ်။ CBDC ကို လက်ရှိသုံးစွဲနေတဲ့ ငွေကြေးလည်ပတ်မှုစနစ်ထဲမှာ သုံးလို့ရဖို့အတွက် ငွေကြေးစနစ်ကို ခေတ်မီအောင် အဆင့်မြှင်တင်နေကြတယ်။ ဘစ်ကွိုင်လို ခရစ်ပတိုငွေကြေးများ cryptocurrencies နေရာယူလာတာကို CBDC နဲ့ တွန်းဖယ်နိုင်ဖို့ ကြိုးပမ်းအားထုတ်ကြတယ်။ ပြည်တွင်း ငွေပေးချေခြင်းနဲ့ နိုင်ငံတကာ ငွေပေးချေခြင်းတို့မှာ CBDC နေရာရအောင် CBDC ကို မြေတောင်မြှောက်ပေးနေကြတယ်။
Central bank digital currencies (CBDCs) တွေအနေဖြင့် ခရစ္ပတိုငွေကြေး သုံးစွဲနေတဲ့ နည်းပညာတွေကို သုံးစွဲရမှာဖြစ်လို့ ယခုလို ငွေကြေးစနစ်ကို ခေတ်မီနည်းပညာတွေ သုံးနိုင်အောင် စီမံကြရတာ ဖြစ်ပါတယ်။
ခရစ္ပတိုငွေကြေးတွေမှာ ဗဟိုထိန်းချုပ်မှု မထားရှိတဲ့အတွက် အစိုးရတစ်ရပ်အနေဖြင့် ငွေကြေးမူဝါဒ ချမှတ်ပေးလို့ မရဘူး။ ငွေကြေးဈေးကွက်ကို မတည်မငြိမ် ဖြစ်နေမှာကို စိုးရိမ်တယ်။ နယ်ခြား ဖြတ်ကျော် ငွေပေးပို့တာတွေကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး။
နယ်ခြားဖြတ်ကျော် ငွေပေးကွန်ရက်ကို ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေးများအတွက် ထူထောင်ထားမယ်ဆိုရင် ကုမ္ပဏီများ လုပ်ငန်းကိစ္စအရပ်ရပ်တို့အတွက် ငွေပေးချေရာတွင် ကုန်ကျစရိတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံနီးပါး သက်သာစေလိမ့်မယ်လို့ နိုဝင်ဘာလ ၃ ရက်တွင် J.P. Morgan နှင့် Oliver Wyman ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဘဏ်တွေက နိုင်ငံတကာငွေလွှဲခြင်းများကို လုပ်ငန်းစဉ် အဆင့်ဆင့် လုပ်ကိုင်တဲ့အခါ သက်ဆိုင်ရာဘဏ်များနှင့် အခြားကြားခံများအပေါ် အမှီသဟဲပြုပြီး လုပ်ဆောင်ကြတဲ့အတွက် ကုမ္ပဏီများအနေဖြင့် ငွေလွှဲဝန်ဆောင်ခများ အမြောက်အမြား ကုန်ကျသည့်အဖြစ်သို့ ဆိုက်ရောက်တဲ့အပြင် များသောအားဖြင့် အချိန်လည်း ကြာပါတယ်။ အထူးသဖြင့် ငွေပေးတဲ့ လုပ်ငန်းစဉ်က မတူတဲ့ အချိန်ဇုန်များ ဖြတ်သန်းရတဲ့အခါ ပိုကြာတတ်ပါတယ်။
ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး central bank digital currency (CBDC) ကွန်ရက် ထူထောင်ထားနိုင်ရင် အာဆီယံနိုင်ငံများအတွက် အကြီးမားဆုံး အကျိုးကျေးဇူး တစ်ခုမှာ အသင်းဝင် ၁၀ နိုင်ငံမှ နိုင်ငံသုံးငွေ ၁၀ မျိုးဖြင့် ကုမ္ပဏီများ လုပ်ကိုင်ရသည့်အခါ ငွေလွှဲဝန်ဆောင်ခ ကုန်ကျစရိတ် ကြီးမားနေခြင်း ပပျောက်သွားမှာ ဖြစ်ပါတယ်။
အစီရင်ခံစာရဲ့ အဆိုအရ ထိုင်းဘတ် ၁၀၀,၀၀၀ ကို ထိုင်းမှာရှိတဲ့ ကုမ္ပဏီတစ်ခုက အင်ဒိုနီးရှားသို့ ပေးပို့တဲ့အခါ ပုံမှန်အားဖြင့် ဘဏ် ၆ ခုကို ဖြတ်သန်းရဖွယ်ရှိပြီး ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၀ အထိ ကုန်ကျနိုင်ပါတယ်။ ငွေလဲနှုန်း ကုန်ကျစရိတ် မပါသေးချေ။
CBDC ကွန်ရက်က ငွေပို့သူကို အမေရိကန်ဒေါ်လာ ၄၀ ကုန်ကျမည့်အစား ၅ ဒေါ်လာသာ ကုန်ကျသည်အထိ သက်သာစေနိုင်ပါတယ်။
ကမ္ဘာတစ်လွှားမှာ ကုမ္ပဏီများက နယ်ခြားဖြတ်ကျော် ငွေပို့ခြင်းကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၃.၅ ထရီလီယံ ပြုကြတယ်လို့ အစီရင်ခံစာတွင် ခန့်မှန်းထားပြီး ငွေလွှဲဝန်ဆောင်ခ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၂၀ ဘီလျံ ဆုံးရှုံးနေစေတယ်လို့ ဆိုပါတယ်။
ယခုအခါ နယ်ခြားဖြတ်ကျော် ငွေပေးချေမှုများမှာ အမေရိကန်ဒေါ်လာအပေါ် အကြီးအကျယ် တည်မှီထားတဲ့အတွက် နိုင်ငံသုံးငွေတွေ အသုံးမဝင်တဲ့ အဖြစ်ကို ရောက်နေပါတယ်။
CBDC ကွန်ရက်များအကြား စင်္ကြံကွန်ရက် တစ်ခု ထူထောင်ထားပြီး ငွေလွှဲဝန်ဆောင်မှုများ လုပ်ဆောင်လျှင် အဆင့်တချို့ ဖယ်ရှားပစ်နိုင်မယ်။ ကြားခံဘဏ်များတွင် ငွေကြေးကို အမေရိကန်ဒေါ်လာသို့ ပြောင်းလဲနေရခြင်းကဲ့သို့သော အဆင့်မျိုးကို မလိုအပ်တော့ဘူး။
ထိုသို့ လုပ်ဆောင်နိုင်ဖို့အတွက် ငွေအမျိူမျိုး ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး multicurrency central bank digital currency (mCBDC) ကို စမ်းသပ်နေကြပါတယ်။
မလေးရှား၊ စင်ကာပူ၊ ဩစတေးလျ၊ တောင်အဖရိကတို့က နယ်ခြားဖြတ်ကျော် ငွေပေးချခြင်းများကို ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးအမျိုးမျိုး သုံးစွဲပြီး စမ်းသပ်နေကြပါတယ်။
အလားတူ ယူအေအီး၊ ထိုင်း၊ ဟောင်ကောင်နဲ့ တရုတ်တို့လည်း စမ်းသပ်နေကြပါတယ်။
အခုလို CBDC ကို ကြိုးစားအားထုတ်နေကြတာမှာ တရုတ်နိုင်ငံက ခေတ်အမီဆုံး၊ ရှေ့အရောက်ဆုံး ဖြစ်ပါတယ်။
eCNY ခေါက်ပိုက်ဆံအိတ် သုံးစွဲပြီး ငွေပေးချေတာကို လက်ခံတဲ့ ကုန်သည်ဦးရေ ၁.၅၅ သန်း ရှိနေပြီလို့ Mu Changchun က ပြောပါတယ်။
nbcnews.com asia.nikkei.com