ၾကားသိရသမွ်

ဟိုက်ပါဆောနစ်ဒုံးကျည်လက်နက်ပြိုင်ပွဲမှာ ဘယ်သူက ဦးဆောင်နေသလဲ

ကမ္ဘာတဝန်းရှိစစ်တပ်တွေဟာ ထောက်လှမ်းနိုင်မှု၊ သို့မဟုတ် ကြားဖြတ်တိုက်ခိုက်နိုင်မှု အခွင့်အလန်း မရှိဘဲ ဟိုက်ပါဆောနစ်အမြန်နှုန်းနဲ့ အနိမ့်လမ်းကြောင်းအတိုင်းပျံသန်းနိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို လိုချင်နေကြပါတယ်။

အမေရိကန်ထက်နောက်ကျပြီး ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည်တွေ ထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းခဲ့ပေမဲ့ တရုတ်က DF-17 ဟိုက်ပါဆောဒုံးကျည်ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ လောလောဆယ် တရုတ်ဒုံးကျည်တွေဟာ တိုက်ပွဲတွေမှာ သက်သေမပြနိုင်သေးပါဘူး။ DF-17 ဒုံးကျည် စမ်းသပ်မှု ဗီဒီယိုလည်း မတွေ့ရေသေးပေ။ တရုတ်ရဲ့တိုးတက်မှုဟာ ဘယ်လောက်ပင် ရှိစေကာမူ အိန္ဒိယဟာ ၂၀၁၉ ခုနှစ်မှာ ကိုယ်ပိုင် HSTDV (Hypersonic Technology Demonstrator Vehicle0) ကို စမ်းသပ်ခဲ့ပါတယ်။

ဟိုက်ပါဆောနစ်ဒုံးကျည်တွေဟာ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေအကြား ထင်ရှားကျော်ကြားတဲ့ စစ်ဘက်သုံးလက်နက်စနစ်သစ်ဖြစ်လာပါတယ်။ ရုရှားဟာ ဒီလက်နက်စနစ်သစ်ပြိုင်ပွဲကို ဦးဆောင်နေပြီး အမေရိကန်အတွက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။

ဒါ့ကြောင့် ဂျပန်ဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဟိုက်ပါဆောဒုံးကျည်တွေကို တန်ပြန်နိုင်ဖို့ ၎င်းရဲ့ကာကွယ်ရေးစနစ်တွေကို အမြဲတစေကြိုးပမ်း ရှာဖွေနေတာဖြစ်ပါတယ်။

ရုရှားစစ်ဘက်က တိုက်ခိုက်စစ်ဆင်မှုတွေအောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ ဝေဟင် ပိုင်နက်နဲ့ အာကာသအတွင်း လွှမ်းမိုးမှုရရှိရေး လိုအပ်တယ်လို့ ယူဆထားပါတယ်။

နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ရုရှားနဲ့ ဂျပန်တို့ဟာ Kh-95 နဲ့ HVGP လို့ခေါ်တဲ့တေ ကြေစေနိုင်တဲ့ ဟိုက်ပါဆောနစ်လက်နက်စနစ် ၂ ခုကို လုပ်ဆောင်နေပါတယ်။

စိတ်ဝင်စားစရာကတော့ “Rapid Reaction Weapons (ARRW)” အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ AGM-183A လို့ခေါ်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်စမ်းသပ်မှုဟာ ဒုတိယအကြိမ်ရှုံးနိမ့်ခဲ့ကြောင်း အမေရိကန်လေတပ်က ပြီးခဲ့တဲ့ ဩဂုတ်လက ဝန်ခံထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယခင်က ရုရှားဟာ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Avangard စူပါဆောနစ်မဟာဗျူဟာမြောက်ဒုံးကျည်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။ ယခုအခါ ရုရှားဟာ Kh-95 လို့ခေါ်တဲ့ ဝေဟင်ပစ် ဟိုက်ပါဆောနစ် ခရုဇ်ဒုံးကျည်အမျိုးအစားသစ်ကို ဆက်လက်တီထွင်ထုတ်လုပ်လျက်ရှိပါတယ်။

ထို့အတူ ဂျပန်ကလည်း တရုတ်ရဲ့ စစ်ဘက်ခေတ်မီတိုးတက်လာမှုတွေကြောင့် ခြိမ်းခြောက်မှုတွေအများအပြားအကြားမှ ၎င်းရဲ့ ပထမဆုံး ဟိုက်ပါဆောနစ်ခရုစ်ဒုံးကျည်ကို တီထွင်နေပါတယ်။

အစောပိုင်းကာလတွေက တရုတ်ကလည်း ဟိုက်ပါဆောနစ်ဒုံးကျည် (DF-17) ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ Russian Military Thought မဂ္ဂဇင်းရဲ့နောက်ဆုံးထုတ်ဝေမှုမှာတော့

ရုရှားစစ်ဦးစီးတက္ကသိုလ်မှ ညွှန်ကြားရေမှူး ဗိုလ်ချုပ်ကြီး Vladimir Zarudnitsky က ရုရှားဟာ မဟာဗျူဟာမြောက်ဒုံးကျည်သယ်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေအတွက် Kh-95 လို့ခေါ်တဲ့ တာဝေးပစ် ဟိုက်ပါဆောနစ်ဒုံးကျည်ကို တီထွင်နေကြောင်း ပြောကြားခဲ့ပါတယ်။

ရရှိထားတဲ့ အချက်အလက်တွေအရ Kh-95 အမည်ရှိ ပရောဂျက်ဟာ တာဝေးပစ်ဒုံးကျည်ဖြစ်ပြီး လေတပ်ရဲ့တိုက်ခိုက်နိုင်စွမ်းကိုမြှင့်တင်ပေးကာ မဟာဗျူဟာမြောက်ဟန့်တားရေးစနစ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။

Zarudnitsky က တိုက်ခိုက်စစ်ဆင်မှုတွေအတွက် “အာကာသစိုးမိုးရေး” ဟာ အရေးပါပြီး အဆုံးအဖြတ်ပေးလိမ့်မယ်ဖြစ်ကြောင်းနဲ့ MiG-31k နဲ့ Tu-160M မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တွေကနေ ပစ်လွှတ်တဲ့ Kinzhal ဝေဟင်ပစ် ဟိုက်ပါဆောနစ် ဒုံးကျည်စနစ်တွေ ဘယ်လိုတီထွင်နေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ RIA Novosti နဲ့ TASS ရုရှားသတင်းအေဂျင်စီတွေက ၎င်းဒုံးကျည်တွေရှိကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ Novosti သတင်းအေဂျင်စီက Kh-95 ဒုံးကျည်ကို Tu-23M စူပါဆောနစ်မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်၊ Tu-160M နဲ့ နောက်လာမယ့် PAK-DA ဗုံးကြဲလေယာဉ်တွေမှာ အသုံးပြုလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားသတင်းစာ Gazeta.Ru ရဲ့ စစ်ရေးလေ့လာသုံးသပ်သူ Mikhail Khodarenok က ရုရှားရဲ့ခရုဇ်ဒုံးကျည်တွေဟာ ကီလိုမီတာ ၂၀၀၀ ကျော် အကွာအဝေးထိရောက်နိုင်ပြီး ဝေဟင်ကနေ ဝေဟင်ပစ်တိုက်ခိုက်ရေးဒုံးကျည် (ALCM)တွေကို ပစ်လွှတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အားနည်းချက်အနေနဲ့ ALCMs တွေဟာ ပျံသန်းမှုအမြန်နှုန်း subsonic သာရှိပါတယ်။ ဒါ့ကြောင့် ၎င်း ALCMs တွေဟာ ရန်သူ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အလွယ်တကူကြားဖြတ် တိုက်ခိုက်ခံရနိုင်တာမို့လို့ တိုက်ခိုက်ရေးမစ်ရှင်တစ်ခုလုံးကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ရုရှားရဲ့ တာဝေးသွား မဟာဗျူဟာမြောက်လေတပ်မှာ တပ်ဆင်ဖို့ Kh-95 ကဲ့သို့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေတည်ဆောက်မှု အချိန်မီပြီးစီးရေးဟာ အလွန်အရေးကြီးတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

ဟိုက်ပါဆောနစ်ဝေဟင်ပစ် ခရုဇ်ဒုံးကျည်ဟာ တာဝေးပစ်ဒုံးကျည်ဖြစ်ပြီး ဟိုက်ပါဆောနစ်အမြန်နှုန်းဟာ ခေတ်မီလေကြောင်းရန် ကာကွယ်ရေးစွမ်းရည်ကို လျော့နည်းစေပါတယ်။

ဇူလိုင်လက ရုရှားဖရီးဂိတ်စစ်သင်္ဘော Admiral Gorshkov ဟာ Zircon ဟိုက်ပါဆောနစ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ပြီး ၎င်းဒုံးကျည်ဟာ အမြန်နှုန်း Mach ၇ နဲ့ပျံသန်းကာ ကီလိုမီတာ ၃၅၀ ကျော်အကွာအဝေးရှိမြေပြင်ပစ်မှတ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။

ဇွန်လကလည်း Kinzhal ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုသယ်ဆောင်နိုင်တဲ့ MiG-31K တိုက်လေယာဉ်နှစ်စင်းကို ဆီးရီးယားရှိ Khmeimim လေတပ်အခြေစိုက်စခန်းတွင်တပ်ဖြန့်ချထားပြီး နေတိုးရဲ့တောင်ဘက်ခြမ်းတစ်ခုလုံးကို လွှမ်းခြုံကာ ခြိမ်းခြောက်ထားနိုင်ခဲ့ပါတယ်လို့ အစီရင်ခံခဲ့ပါတယ်။

ဟိုက်ပါဆောနစ်နည်းပညာကိုအသုံးချဖို့ ပြိုင်ဘက်နိုင်ငံ တွေထဲမှာ ဂျပန်နိုင်ငံလည်းပါဝင်ပြီး ဂျပန်ဟာ ၎င်းထက်စစ်ရေးအရသာလွန်တဲ့တရုတ်ကို ချေမှုန်းဖို့ ရည်ရွယ် ထားတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ဟိုက်ပါဆောနစ် သင်္ဘောဖျက်ဒုံးကျည်ကိုတီထွင်နေကြောင်းနဲ့ ၎င်းဒုံးကျည်ဟာ တရုတ်လေယာဉ်တင်စစ်သင်္ဘောတွေကိုဖျက်ဆီးနိုင်ကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ ပါတယ်။

Hyper Velocity Gliding Projectile လို့ခေါ်တဲ့ HVGP ကိုဂျက်အင်ဂျင်နဲ့စွမ်းအင်ပေးမောင်းနှင်ပြီး အသွင်သဏ္ဍာန်အနေနဲ့ သမားရိုးကျဒုံးပျံကဲ့သို့ဖြစ်ပါတယ်။

ဒါပေမဲ့ ပိုမြင့်တဲ့အမြန်နှုန်းနဲ့ ပိုမိုဝေးလံတဲ့ အကွာအဝေးထိရောက်အောင် စွမ်းဆောင်နိုင်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ HVGP ကို လောင်စာအခဲသုံး ဒုံးအင်ဂျင်နဲ့လည်း တပ်ဆင်နိုင်ပြီး ဒုံးကျည်ထိပ်ဖူးကို အာကာသအောက်ပိုင်းအမြင့်ထိ ရောက်အောင် တိုးမြှင့်ပစ်ခတ်နိုင်ပါတယ်။

အဲဒီနောက်မှာတော့ ဒုံးကျည်ထိပ်ဖူးဟာ ပစ်မှတ်ကိုထိမှန်သည် အထိ ဟိုက်ပါဆောနစ်အမြန်နှုန်းနဲ့ ပစ်မှတ်ဆီသို့ ဦးတည်သွားလိမ့်မယ်။ HVGP ဖွံ့ဖြိုးတိုးတက်ရေးကို အဆင့်နှစ်ဆင့်ဖြင့် စီစဉ်ထားပါတယ်။

ပထမအဆင့်ကို ၂၀၂၆ မှာ အဆင်သင့်ဖြစ်ဖို့ မျှော်မှန်းထားပြီး ဒုတိယအဆင့်ကို ၂၀၂၈ ခုနှစ်ထိတိုင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နှစ်တွေပိုမိုကြာကောင်းကြာ နိုင်ပါတယ်။

၂၀၂၆ ခုနှစ် နောက်ပိုင်းမှာ HVGP ဟာ လေယာဉ်တင်သင်္ဘောကုန်းပတ်ကိုထိုးဖောက်နိုင်စွမ်း ရရှိမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံကလည်း Nansei ကျွန်းတွေ (Ryukyu ကျွန်းတွေ) ကိုကာကွယ်ဖို့အတွက် တာဝေးပစ်ဒုံးကျည်တွေတပ်ဆင်နိုင်ဖို့ကို အလေးထားလုပ်ဆောင်နေပါတယ်။

ယင်းသို့လုပ်ဆောင်မှုက ပင်လယ်ပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေကို အသုံးမပြုဘဲ တရုတ်ရဲ့ ရန်လိုမှုကို တုန့်ပြန်ဖို့ ဂျပန်ကို အကူအညီဖြစ်စေပါလိမ့်မယ်။

မင်းသစ်ဆွေ (သုတေသန) Page မှ ကူးယူဖော်ပြသည်။ Ref; Hypersonic Missiles: Who is leading in this new arms race? by defenceview.in