“ငါတို့ဗမာပြည်မယ် မိဘတိုင်းကရယ် ကိုဘွဲ့မှူးလို သူရဲကောင်းတွေ မွေးရမယ်”
သီချင်းကို ဒီလို ဖျက်ဆိုမိလို့ သူ့ဖခင် တပ်မင်းကြီး ကာနယ်စောထွန်းစိန်က သေနတ်နဲ့ လိုက်ပစ်တာကို ခံရဖူးပါသတဲ့။
အတည်ပြောသလား ရယ်စရာပြောသလားတော့ မသိပါဘူး။ ဦးစောဘွဲ့မှူးဆီကနေ ဒီလို ကြားခဲ့ရဖူးကြောင်း ဆရာသိမ်းတင်သားက အမှတ်တရ ရေးပြပါတယ်။
“မင်းတို့ ကရင်လူမျိုးတွေထဲမှာ ကိုဘွဲ့မှူးနဲ့ ညီလေး(ချစ်စမ်းမောင်)တို့ ရှိနေလို့သာပဲကွ”
ကိုငှက်လို့ အမြတ်တနိုး ခေါ်ဝေါ်ကြတဲ့ ထူးအိမ်သင်ကလည်း ဒီလို မှတ်ချက်ပြုဖူးတယ်လို့ ဆိုပါတယ်။ ဦးစောဘွဲ့မှူးနဲ့ ချစ်စမ်းမောင်ကို ဂုဏ်ပြုတဲ့စကားလို့ နားလည်ရပါတယ်။
ငယ်ငယ်တုန်းကတော့ ဆရာစောဘွဲ့မှူးရဲ့အကြောင်းကို ဒဏ္ဍာရီပုံပြင်တွေလို ငေးမော နားထောင်ခဲ့ရပါတယ်။ Iron Cross music band က ဂစ်တာသူရဲကောင်း။
ဆရာချစ်စမ်းမောင်ရဲ့ဆရာ၊ စသည်အားဖြင့်။
နယ်မြို့လေး အတိုင်းအတာနဲ့ဆိုတော့ ဆရာစောဘွဲ့မှူးရဲ့အကြောင်းကို ရေရေရာရာ သိကြတဲ့သူလည်း သိပ်မရှိပါဘူး။ ကြားဖူးနားဝတွေ လျှောက်ပြောကြတာပါပဲ။ သေချာတာတစ်ခုကတော့ ဂီတကို စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက် သူက ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ယောက်လို ဖြစ်နေခဲ့တာတော့ အမှန်ပါပဲ။
ကျွန်တော်တို့ ဆယ်ကျော်သက်လောက်မှာ ဆရာစောဘွဲ့မှူး အမှတ်တရ ဟန်းနီးမွန်းခရီး ၁၊ ၂ ထွက်လာခဲ့တာကို အမှတ်ရပါတယ်။
ဆိုးပေတို့ သွားတော့မိုးရယ်တို့ မီးငယ်တို့ မချစ်ရင် မနေနိုင်တာကလွဲလို့ စတဲ့ ဆရာစောဘွဲ့မှူးရဲ့ သီချင်းတွေက မျိုးဆက်သစ်လူငယ်တွေရဲ့ ရင်ဘတ်ထဲကို ပြန်ရောက်လာခဲ့တယ်။
IC ပွဲမှာ ‘ရောဂါ’သီချင်းနဲ့အတူ ဆရာစောဘွဲ့မှူး ဂီတာတီးနေတဲ့ပုံရိပ်ကို မြင်လိုက်ရတော့ကျွန်တော်တို့မျိုးဆက်တွေ အရှင်လတ်လတ် ငုတ်တုတ်မေ့သွားခဲ့ကြရတယ်။
ငယ်ငယ်တုန်းက ပုံပြင်တစ်ပုဒ်လို ကြားဖူးခဲ့ရတဲ့ ဂီတသူရဲကောင်းကို (Live)လို မြင်လိုက်ရတာကို။
အဲ့ဒီ’ရောဂါ’ ဆိုတဲ့သီချင်းဟာ ဟိုအရင် IC ပွဲတွေမှာ မိတ်ဆက်အနေနဲ့ ဦးစောဘွဲ့မှူးက အမြဲဆိုလေ့ရှိတယ်လို့ သိရတယ်။
အဲ့ဒီသီချင်းတင် မကဘူး၊ ကိုလေးဖြူ ပြန်ဆိုထားတဲ့ ဖင်ဆီဒိုင်း တို့ ငါ့အသဲကို မြန်မြန်ခွဲပါတို့ဆိုတဲ့ သီချင်းတွေလည်း ဆရာစောဘွဲ့မှူးက အမြဲ ဆိုလေ့ရှိခဲ့တယ်လို့ သိရပါတယ်။သူရေးထားတဲ့ သီချင်းတွေပေါ့။
ဆရာစောဘွဲ့မှူးရဲ့ သီချင်းတွေက မတူညီတဲ့ ဂီတပရိတ်သတ်မျိုးစုံဆီကိုလည်း ရောက်ပါတယ်။
‘ကိုပေါ’ ‘ဆရာမ’ ‘ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်’ ‘အဖေ’ စတဲ့သီချင်းမျိုးလေးတွေနဲ့လည်း လွှမ်းမိုး၊ ကိုင်ဇာ တို့ရဲ့ ပရိတ်သတ် ရင်ထဲကို အရောက်ပို့ပေးနိုင်ပါတယ်။
မြန်မာပြည်သိန်းတန် ပိုးဒါလီသိန်းတန် အောင်ရင်တို့ ဆိုဖို့ သီချင်းတွေလည်း ရေးပေးခဲ့ဖူးတယ်။
ဆရာဘွဲ့မှူးရဲ့ သီချင်းတွေက နားထောင်လိုက်ရရင် သိပ်ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်လိုက်ရသလို ရုပ်ရှင်ကြည့်လိုက်ရသလိုလည်း ခံစားရတယ်။
ဒီဘက်ခေတ်မှာ ဒီလိုstory ပုံစံသီချင်းလေးတွေ မကြားရတာပြီ ကြာပါပြီ။
ခေတ်အဆက်ဆက် လူငယ်တွေ ဖြတ်သန်းခဲ့ရတဲ့အသံအဖြစ်တော့ “မှားတဲ့ဘက်မှာ” သီချင်းလေးပါပဲ။
ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့သီချင်းလေးပါ။ ဝလုံးလေးမှ ဝိုင်းအောင် မရေးနိုင်ခင် ဆိုတဲ့ သီချင်းလေ။
‘ဒို့ကျောင်းက သမိုင်းဆရာလေးတောင် လူပေလေးလို့ ငါ့ကိုခေါ်’ဆိုတော့ ကြွေတာပေါ့ဗျာ ကျွန်တော်တို့တွေ။
ပဲ့ကိုင် နဲ့ မီးအိမ်ရှင် သီချင်းကလည်း ကြွေရတာပါပဲ။
မီးအိမ်ရှင်မလေး ကရုဏာရှင်မလေး နှင်းတွေ စို…။
ဆရာစောဘွဲ့မှူးက သီချင်းရေးတဲ့အခါမှာလည်း အချိန်တို့ နေရာတို့ ရွေးမနေပါဘူး၊ ကလေးတွေကို မြို့ထဲလိုက်ပို့ရင်းနဲ့လည်း ရေးလိုက်တာပါပဲ။
သူ ရှိုးပွဲတွေ တီးပြီးလို့ အခြားမြို့ကနေ ပြန်လာပြီဆိုရင် သားသမီးတွေရှိတဲ့ ကျောင်းကို လိုက်သွားတယ်။ ကျောင်းအုပ်ဆရာမကြီးကို ခွင့်တောင်းပြီး ကလေးတွေကို ခေါ်လို့ မြို့ထဲ လိုက်ပို့တယ်၊ စားချင်တာတွေ ဝယ်ကျွေးတယ်။ တိရစ္ဆာန်ရုံလို၊ ပန်းခြံလို နေရာမျိုးရောက်ရင် ကလေးတွေက မုန့်စား ကစားပေါ့။
သူက အဲလိုအချိန်မှာတောင် စိတ်ကူးရရင်ရသလို သီချင်းရေးချလိုက်တာပါပဲ။
စာရွက်တွေ ဘာတွေလည်း မလိုဘူး။
သူ့ခြေသလုံးအကြီးကြီးပေါ်မှာ စာသားတွေ ဘာတွေ ရေးချလိုက်တာတဲ့ဗျာ။
မထူးဆန်းဘူးလား။
အသွေးအသား ဝိညဉ် အားလုံးထဲမှာ ဂီတမြစ်ကလေး စီးဆင်းနေသူမှသာ ဒါမျိုး တတ်နိုင်ပါလိမ့်မယ်။
သူက အဲ့လို ဂီတအနုပညာနဲ့ ဘဝရှင်သန်မှု တစ်သားတည်းကျအောင် နေပေမဲ့ သားတွေသမီးတွေကိုတော့ ဂီတသမား ဖြစ်မလာစေချင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်ရပါ့မလဲ။
အဖေရော အမေရောက တကယ့်ဂီတအနုပညာရှင်တွေ ဖြစ်လေတော့ သွေးက ဆက်လက်စီးဆင်းတာပဲပေါ့။
ဆရာစောဘွဲ့မှူး ရဲ့ ဇနီး အန်တီနော်ဖေါဝါးကလည်း ကီးဘုတ်ပညာရှင်ပဲလေ။
အန်တီက ဆရာစောဘွဲ့မှူး နှင့် အတူ သျွှအောင်၊ ဂျွန်သင်ဇမ်း၊ သျှမ်းလျန် တို့ အဖွဲ့ ရဲ့ “Crossroad Station (၁၉၇၉)” နဲ့ “Christ-Stone Family (၁၉၈၀)” တီးဝိုင်းတွေမှာ ဝိုင်းတော်သားတဦး ဖြစ်ခဲ့ဖူးပါတယ်။
ဆိုတော့လည်း သားသမီးတွေဖြစ်တဲ့ ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ အာဗြဲ၊ ဘိုတောက်တို့ အောင်မြင်တဲ့ ဂီတအနုပညာရှင်တွေ ဖြစ်လာခဲ့ကြတာ မဆန်းဘူးပေါ့။
ကဗျာဘွဲ့မှူးရဲ့ ပထမဆုံးစီးရီးဟာလည်း ဦးစောဘွဲ့မှူးရဲ့ တေးသီချင်းတွေချည်းပဲလို့ ထင်ပါတယ်။
သူရေးခဲ့တဲ့ သီချင်းတွေကို ခေတ်အဆက်ဆက် ပြန်ဆိုကြတယ်။
ရိုးလည်း ရိုးမသွားပါဘူး။
ဦးဘွဲ့မှူး ကွယ်လွန်ခဲ့တဲ့ ခုနှစ်ကို ကြည့်မိတော့ အင်မတန် ငယ်သေးတာပါပဲလို့ တွေးပြီးနှမြောမိနေပါတယ်။
ဆရာကွယ်လွန်တော့ အသက် ၄၁ပဲ ရှိသေးတာဆိုတော့ နောက်ထွက်လာမယ့် သီချင်းတွေ ဂီတအနုပညာတွေကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတာပေါ့ဗျာ။
အခု ကျွန်တော် တစ်စုံတစ်ခုသော အရွယ်ကို ရောက်လာပြီးတဲ့အချိန်မှာတော့ အသေအချာ သတိပြုမိတာတစ်ခု ရှိပါတယ်။
တကယ့်အနုပညာရှင်စစ်စစ်တွေဟာ လူက ကွယ်လွန်သွားရင်တောင်မှ သူတို့ရဲ့ အနုပညာကတော့ အမြဲတမ်း ရှင်သန်ကျန်ရစ်တယ် ဆိုတာပါပဲ။
အနုပညာဆိုတာကလည်း ကမ္ဘာတည်သရွေ့ ရှိနေမှာပဲကို နော့။
မြို့မငြိမ်း ထူးအိမ်သင် စောဘွဲ့မှူး စတဲ့အနုပညာရှင်တွေဟာလည်း ကမ္ဘာတည်သရွေ့ ရှိနေမှာပါပဲ။
သုခုမရဲ့ သီးသန့်ပိုင်ရှင် ဆရာစောဘွဲ့မှူး ကောင်းကင်ရွှေပြည်တော်မှာ ပျော်ရွှင်ငြိမ်းချမ်းပါစေ…။
နေငြိမ်းချမ်း
၂.၁၂.၂၀၂၁
ကိုးကား ;
* သဗ္ဗရနံ၊ သိမ်းတင်သား။
* အရှင်လတ်လတ် တွေ့ဖူးခဲ့သူများ၊ သိမ်းတင်သား။
* ကျွန်တော်နှင့် ဂစ်တာမှော်ဆရာကြီး၊ နိုင်ဇော်(Laz