တခါတုန်းက ရွာကလေးတစ်ရွာမှာ ငှက်မုဆိုးတစ်ယောက်ရှိသတဲ့။ သူက ငုံးငှက်တစ်မျိုးတည်းကိုပဲ ထောင်ချောက်ဆင်ပြီး ဖမ်းတယ်။ဖမ်း မိတဲ့ငုံးတွေကို ချက်ချင်းမရောင်းသေးဘူး၊ အစာရေဆာကောင်းကောင်းကျွေးပြီး အိမ်မှာထားတယ်။ ငုံးငှက်တွေဆူဖြိုးဝဖီးလာပြီး ရောင်းပန်းဝယ်ပန်းလှ၊ ဈေးကောင်းရတဲ့အချိန်မှ ထုတ်ရောင်းလေ့ရှိတယ်။တစ်နေ့မှာတော့ မုဆိုးဟာ
တောထဲကနေ ငုံးတွေအမြောက်အများဖမ်းမိလာတယ်။သူက ဖမ်းမိလာတဲ့ ငုံးတွေအားလုံးကို လှောင်အိမ်ထဲထည့်ပြီး လှောင်ထားလိုက်တယ်။ သူလုပ်နေကျအတိုင်း ရေနဲ့တကွ ဆန်၊ စပါး၊ ပြောင်းစေ့စတဲ့ အစာတွေကို စိတ်တိုင်းကျနိုင်အောင် ထည့်ပေးထားတယ်။ငုံးတွေဟာ တောထဲမှာ တောင်မစားရတဲ့ အစားကောင်း အသောက်ကောင်းတွေကို စိတ်တိုင်းကျ စားရတာကြောင့် အားပါးတရ စားကြတယ်။
အစာကို ဘယ်လောက်များခုံမင်တပ်မက်ကြသလဲဆိုရင် အချိန်မရွေးကျရောက်နိုင်ပြီး အလွန်နီးကပ်လာနေတဲ့ သေခြင်းတရားကိုတောင် မေ့လျော့နေကြတယ်၊ သတိလက် လွတ်ဖြစ်နေကြတယ်။ဒါပေမဲ့..အဲဒီငုံးတွေထဲက တစ်ကောင်သော ငုံးငှက်ကတော့ သတိလက်လွတ်မဖြစ်ဘူး၊
မုဆိုးရဲ့ လှောင်အိမ်ထဲကနေ လွတ်မြောက်နိုင်မယ့် လမ်းစကိုပဲ စဉ်းစားတွေးတောနေတယ်။သူက ငုံးလာဝယ်တဲ့သူတွေဟာ အလှမွေးဖို့ လာဝယ်ကြတာမဟုတ်ဘူး၊ အစာအာဟာရအ တွက် လာဝယ်ကြတာဖြစ်တယ်။ နောက်ပြီး ဆူဖြိုးတဲ့ငှက်ကို ဈေးကောင်းပေးဝယ်တယ်ဆိုတာကို သတိထားမိတယ်။
အစာတွေနင်းကန်စားပြီး ဝအစ်နေတဲ့ ငုံးဟာ စောစော သေမယ်ဆိုတာလည်း တွေးမိလိုက်တယ်။”ငါဟာ ကြုံလှီပြီးပိန်ချုံးနေရင် ဘယ်သူကမှ ဝယ်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ငါအသတ်မခံရတော့ဘူး၊ ငါ့ရဲ့ ကိုယ်ခန္ဓာကြုံလှီသွားအောင် ငါအစာမစားဘဲနေမယ်..”ပညာရှိတဲ့ငုံးဟာ အဲဒီအချိန်ကတည်းက စပြီးမစားတော့ဘူး၊ အစာမစားတဲ့အတွက် တစ်နေ့တခြားပိန်ချုံးလာတယ်။
သူကသူ့အကြံနဲ့ သူအစာမစားတာကို အကြောင်းမသိတဲ့ ငုံးတွေက ကဲ့ရဲ့စကားပြောကြတယ်။ သတ္တဝါဖြစ်လာမှတော့ ဒီနေ့မသေ၊ ဟိုနေ့သေမှာပဲ ဟိုနေ့မသေလည်း နောက်နေ့သေရမှာပဲ။ ဒါကိုတွေးကြောက်နေလို့ ဘာအကျိုးရှိမှာလဲ၊ အသက်ရှင်နေထိုင်ခွင့်ရခိုက်မှာ ပျော်ပျော်နေရမယ်၊ကောင်းကောင်းစားရမယ်၊ စိတ်ဆင်းရဲပြီး ပိန်ချုံးနေတဲ့အထိတော့ အဖြစ်မခံနိုင်ဘူး စတဲ့ စကားတွေစောင်းမြောင်းပြောကြတယ်။
ဘယ်လိုပဲပြောကြပြောကြ သူကတော့ ဘာမှပြန်မပြောဘူး။ သူ့ဆုံးဖြတ်ချက်အတိုင်း အစာမစားဘဲ နေမြဲနေတယ်။”ဘယ်သူမှန်လို့ ဘယ်သူမှားတယ်ဆိုတာ တစ်နေ့အဖြေပေါ်လာလိမ့်မယ် ” လို့ပဲ စိတ်ထဲက ကြုံးဝါးနေတယ်။ သိပ်မကြာလိုက်ဘူး၊ သူကြိုတင်တွေးဆထားတဲ့အတိုင်းပဲ၊ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတယ်။
မုဆိုးကျွေးတဲ့ အစားအသောက်ကောင်းတွေကို စိတ်ကြိုက်စားပြီး ဝဖြိုးလာတဲ့ ငုံးတွေဟာ တစ်ကောင်ပြီးတစ်ကောင်ဆိုသလို ဝယ်သူတွေ လက်ထဲပါသွားကြတယ်။ကြုံလှီနေတဲ့သူ့ကိုတော့ ဘယ်သူကမှ မဝယ်ဘူး၊ယောင်လို့တောင် လက်ညိုးထိုးပပြကြဘူး၊ဒီလိုနဲ့ နောက်ဆုံးမှာသူတစ်ကောင်ကလွဲပြီး လှောင်အိမ်ထဲက ငုံးတွေအကုန်လုံး ဝယ်ယူသူတွေနောက်ပါသွားကြတယ်။
လှောင်အိမ်ထဲမှာ ပိန်ချုံးနေတဲ့သူတစ်ကောင်တည်းကျန်ခဲ့တယ်။” ဒီကောင်တအား ပိန်ချုံးနေပါလား၊ အစာလည်းတစ်ရက်မှ စားတာမတွေ့ဘူး၊ နေများ မကောင်းလို့လား ..”မုဆိုးဟာ လှောင်အိမ်တံခါးကိုဖွင့်ပြီး သူ့ကိုထုတ်ယူတယ်။ လက်ဝါးတစ်ဖက်ပေါ်တင်ပြီး သေသေချာချာကြည့်တယ်။
ဒီအချိန်မှာပဲ”ဖလူး..”ရုတ်တရက် ငုံးငှက်ဟာ လျင်မြန်တဲ့အဟုန်နဲ့ ပျံသန်းသွားတယ်။ မုဆိုးဟာ အံ့အားသင့်ပြီး ကျန်နေတယ်။ တော်တော်ကြာမှ ငုံးငှက်ရဲ့ ပရိယာယ်ကို သဘောပေါက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်သတဲ့။ သင်ခန်းစာ – ပညာရှိသူဟာဉာဏ်နဲ့ဘေးအန္တရာယ်ကလွတ်အောင်ကြံဆောင်လေ့ရှိတယ်။
Credit – မောင်မှိုင်းညို့(ချောင်းဦး)
Zawgyi ဖြင့်ဖတ်ပါ