– ပိတ်မိနေတဲ့ ယူကရိန်းအရှေ့တောင်ပိုင်းက မာရီအာပိုလ်မြို့ မှာ အရပ်သားရာချီပြီးခိုလှုံနေတဲ့ ပြဇာတ်ရုံကို ရုရှားက တိုက်ခိုက်လို့ လူအများအပြားသေဆုံးပါတယ်။ လူ ၁၀၀၀ ကနေ ၁၂၀၀ လောက်ရှိပြီး သေဆုံးသူစာရင်းမရသေးဘူးလို့ မြို့တော်ဝန်ကပြောပါတယ်။
– မြောက်ဘက်က မြို့ ချယ်နီဟိဗ် မှာ ပေါင်မုန့်ဝယ်ဖို့ တန်းစီနေတဲ့ လူ၁၀ဦး ရုရှားလက်နက်ကြီးထိမှန်ပြီးသေဆုံးသွားပါတယ်။
– အမေရိကန်သမ္မတ ဂျိုဘာဒင်က သမ္မတ ပူတင်ကို စစ်ရာဇဝတ်ကောင်လို့ ရည်ညွှန်းလိုက်ပါတယ်။
– ရုရှားက ဘာဒင်ရဲ့ စကားက လက်သင့်ခံနိုင်စရာမရှိသလို ခွင့်လွှတ်နိုင်စရာမရှိတဲ့ ပြောဆိုချက်လို့ ချက်ချင်းပြန်တုံ့ပြန်လိုက်ပါတယ်။ အမေရိကန်က ကမ္ဘာအနှံ့ လူထောင်ပေါင်းများစွာ သတ်ဖြတ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
– ယူကရိန်းသမ္မတ ဗိုလိုဒိုမီယာ ဇလန်စကီးက အမေရိကန် ကွန်ဂရက်ကို ဗီဒီယိုကနေ မိန့်ခွန်းပြောပါတယ်။ လေယာဥ်မပျံသန်းရဇုံ သတ်မှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပြီး ရုရှားကို ပတ်ဆို့အရေးယူမှုတွေ တိုးလုပ်ဖို့ ဆော်အော်လိုက်ပါတယ်။
– သမ္မတ ဘာဒင်က ယူကရိန်းတပ်ဖွဲ့တွေအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုး လက်နက်တွေ ပေးဖို့ အတည်ပြုလိုက်ပါတယ်
– အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ ရုရှားဆိုင်ရာ အမူဆောင် ဒါရိုက်တာရုရှားလူမျိုး Aleksei Mozhin ကို လုပ်သက်အကြာရှည်ဆုံး ဝန်ထမ်းတွေကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘုဒ်အဖွဲ့ အကြီးအကဲ ရာထူးကို ယာယီရုတ်သိမ်းလိုက်ပါတယ်။
– အပြည်ပြည်ဆိုင်ရာတရားရုံးက ယူကရိန်းကို တိုက်ခိုက်နေတာတွေကို ရပ်ဖို့ ရုရှားကို အမိန့်ပေးလိုက်ပါတယ်။
– ဥရောပကောင်စီက ရုရှားကို အဖွဲ့ဝင်အဖြစ်ကထုတ်ပယ်လိုက်ပါတယ်။
– ယူကရိန်းနိုင်ငံမှာ စစ်ကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှု တွေကို ဖြေရှင်းဖို့ ဥရောပလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးစနစ်နဲ့ ချိတ်ဆက်လိုက်ပါတယ်။
📌စစ်ရေးသုံးသပ်ချက်📌
အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ သတင်းတွေ အရ ရုရှားတပ်တွေ ရှေ့ဆက်မသွားပဲ ရပ်နေတာက အပြင်က စစ်ကူကို စောင့်နေတာလို့ သိရပါတယ်။ အခုအထိ ရုရှားဘက်က မစ်ဇိုင်းဒုံး ၁၀၀၀ နီးပါးသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။ ပင်လယ်နက်မြောက်ဘက်ကနေ ရုရှားစစ်သင်္ဘောတွေက အိုဒက်စာမြို့ကိုလှမ်းပစ်နေပါတယ်။
စစ်ပွဲက ရုရှားတို့ခန့်မှန်းထားတာထက် ရက်ကြာလာပြီး ယူကရိန်းလေနယ်နိမိတ်ကို လည်း မထိန်းချုပ်နိုင်သေးတဲ့အတွက် ရုရှားက ပစ်မှတ်အတိအကျချိန်ဖို့ခက်တဲ့ လက်နက်အဟောင်း တွေကို ထုတ်သုံးနေရတယ်လို့ ဗြိတိန်ကာကွယ်ရေးဌာန က ဆိုပါတယ်။ ပစ်မှတ်အတိအကျမချိန်နိုင်တဲ့အတွက် အရပ်သားတွေ ပိုထိခိုက်လာနိုင်ပါတယ်။
ရုရှား – ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ဗြိတိသျှ ထောက်လှမ်းရေး အရာရှိဟောင်း ခရစ်တိုဖာ စတီးလ် ရဲ့ အမြင်ကို တင်ပြချင်ပါတယ်။
ခရစ်တိုဖာစတီးလ်က MI 6 ( အမ်အိုင် ၆) လို့ ခေါ်တဲ့ ဗြိတိန်ရဲ့ ပြည်ပထောက်လှမ်းရေးဌာနမှာ ၂၂ နှစ်အမှုထမ်းခဲ့ပြီး အလုပ်သက်တမ်းတလျှောက်လုံးရုရှားနိုင်ငံ နဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ဖို့ တာဝန်ပေးခံရသူပါ။ သူ့ကို ရုရှားကျွမ်းကျင်သူလို့ သတ်မှတ်ထားပါတယ်။
📌သူ့ရဲ့ သုံးသပ်ချက်ကို အကျဥ်းတင်ပြရမယ်ဆိုရင်
လတ်တလောယူကရိန်းမှာ ဖြစ်နေတဲ့ အခြေအနေက ပထဝီနိုင်ငံရေးအရ အလွန်အန္တရာယ်ကြီးတဲ့ အနေအထားမှာရှိပါတယ်၊ အန္တရာယ်အရှိဆုံးအချိန်လို့တောင်သူထင်တယ်လို့ဆိုပါတယ်။ ဒီလိုအခြေအနေရောက်လာရတာက အနောက်နိုင်ငံတွေက ခေတ်သစ်ရုရှား နဲ့ ပတ်သက်ပြီး နားလည်မှုလွဲသလို ရုရှားက ဒုက္ခပေးလာနိုင်တာကို နားမလည်တာလည်းပါပါတယ်။
ပူတင်လက်ထက်မှာ အစိုးရ၊ စီးပွားရေးလုပ်ငန်း၊ ဥပဒေနဲ့ ငြိစွန်းတဲ့ ကိုယ်ကျိုးစီးပွားရှာသူတွေ၊ ဒီ ၃ ခု ကြားမှာ ရှိရမယ့် စည်းက တဖြည်းဖြည်းပြိုပျက်ပျောက်ကွယ်သွားပါတယ်။ အစိုးရက စီးပွားရေးလုပ်ငန်းတွေ နဲ့ မကင်းသလို ဥပဒေနဲ့ ငြိနေတဲ့ သူတွေနဲ့ လည်း အစိုးရကပတ်သက်နေတာဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ဒါကို ဗြိတိန်လိုနိုင်ငံက အချိန်မီမတားနိုင်ခဲ့ပါဘူး၊ ရုရှားငွေတွေ ရုရှားစီးပွားရေးလုပ်ငန်းတွေ ကို ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေမှာ လက်ခံခဲ့ပါတယ်။
ရုရှားအစိုးရဟာလူဆိုးဂိုဏ်းဝင်တဲ့ အစိုးရပါ။ ပူတင်နဲ့ သူ့ကိုဝန်းရံထားတဲ့ သူတွေလက်ခံထားတာတစ်ခုပဲရှိပါတယ်။ အဖြူ နဲ့ အမဲ၊ အနိုင် နဲ့ အရှုံး၊ သူတို့အတွက် အကျိုးရှိရင် အနောက်နိုင်ငံတွေအတွက် အကျိုးယုတ်စေမယ်၊ အနောက်နိုင်ငံတွေအတွက်အကျိုးရှိရင် သူတို့အတွက် အကျိုးယုတ်မယ် ဆိုတဲ့ အမြင်ပါ။ သူမသာကိုယ်မနာအခြေအနေမျိုးကို လက်မခံတဲ့သူတွေဆိုတော့ သူတို့နဲ့ အလုပ်လုပ်ရတာ အင်မတန်ခက်ပါတယ်။
ရုရှားအစိုးရက တိုင်းပြည်ဘဏ္ဍာကိုခိုးဖို့ဝန်မလေးသလို လိမ်ညာတဲ့ အစိုးရလည်းဖြစ်တယ်၊ လူတွေကို သတ်ဖို့လည်းဝန်မလေးပါဘူး။ သူတို့နဲ့ အဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့က အလွန်ခက်ပါတယ်။ အခု ယူကရိန်း မှာ တိုက်ခိုက်နေတာတွေကို ကြည့်ရင် အရင်ကလည်း ပူတင်က ဒီလိုဘဲ လုပ်ခဲ့ပါတယ်။
ချက်ညှာကို ဝင်တိုက်တာ မှန်ကန်တယ်ဆိုတာကို ပြဖို့ သူ့လူတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
ပူတင်ရဲ့ ကျူးကျော်တိုက်ခိုက်မှု ကို အနောက်နိုင်ငံတွေက ထိထိရောက်ရောက် မတုံ့ပြန်ခဲ့တော့ ဒီတကြိမ်လည်း အရင်လိုပဲနေမှာပဲလို့ ပူတင်က လျော့တွက်ပုံရပါတယ်။ ဒါပေမဲ့ ဥရောပ၊ ဗြိတိန်နဲ့ အမေရိကန်တို့က တညီတညွတ်တည်းပူးပေါင်းပြီး ပူတင် နဲ့ သူ့အစိုးရကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်တဲ့အပြင် ဘေးလွတ်ရာပြေးလာကြတဲ့ ယူကရိန်းနိုင်ငံသားတွေကို တံခါးဖွင့် ကြိုဆိုလိုက်ပါတယ်။
ဒီလိုအနောက်နိုင်ငံတွေ စည်းလုံးညီညွတ်ကြလိမ့်မယ်လို့ ပူတင်မတွေးခဲ့တာသေချာပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်နေပုံက ပထမကမ္ဘာစစ် နဲ့ တူနေပါတယ်။ ပိုလန် ဒါမှမဟုတ် ရူမေနီးယား စတဲ့နိုင်ငံတခုခုက ခြေလှမ်းတချက်မှား သွားလို့ ပူတင်က လက်တုန့်ပြန်ရင် ကျန်တဲ့ဥရောပနိုင်ငံတွေ စစ်ထဲပါလာမှာ ဖြစ်ပါတယ်။
ရုရှားအစိုးရကို ကျစ်လစ်ခိုင်မာတဲ့ အစိုးရလို့ထင်ကြတယ်၊ သူဆီရောက်လာတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေအရ အတော်ရှုတ်ထွေးတာကိုတွေ့ရတယ်။
ဆိုဗီယက်ယူနီယံ ခေတ်က ခေါင်းဆောင်မှုက စုပေါင်းဦးဆောင်မှုကိုအခိုင်အမာတည်ဆောက်နိုင်ခဲ့ပေမယ့် ပူတင်လက်ထက်မှာတော့အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးဖြစ်နေပြီး ပူတင်ဟာ အကြွင်းမဲ့ အာဏာရှင်စံနစ်ကို ကျင့်သုံးနေပါတယ်။
ယူကရိန်းစစ်ပွဲကိုသုံးသပ်ရရင် ပူတင်က ယူကရိန်းကို အနိုင်တိုက်ပြီး အစိုးရကိုဖြုတ်ချမယ်လို့ဆိုပါတယ်။ မြို့တော်ကီယက်ဖ်၊ ဆီးရီးယားဒုတိယမြို့တော် အယ်လက်ပိုလို ပြာပုံမဖြစ်ဖို့ ကအရေးကြီးတယ်၊ ရုရှားနဲ့ ပတ်သက်လို့တော့ စစ်အေးခေတ်ကလို ထိန်းချုပ်ဟန့်တားတဲ့ containment ဗျူဟာကို ချမှတ်ဖို့လိုပြီလို့
ဗြိတိန် ထောက်လှမ်းရေးအရာရှိဟောင်း ခရစ်တိုဖာ စတီးလ်က အောက်စဖို့တက္ကသိုလ်မှာလုပ်တဲ့ ဆွေးနွေးပွဲမှာ သုံးသပ်တင်ပြသွားပါတယ်။
#Credit_TinHtarSwe
#MwoGoldWTICurrency