ချိုတကူးနှင့် ဂုဏ်ရည်မတူ (အောင်သင်း)၊ အတုနှင့်အစစ်၊ အစစ်ကိုပို၍ မြတ်နိုးသင့်ကြပေသည်။ သို့သော်.. ကျွန်တော်တို့မြို့တွင် ချိုတကူးဟု ခေါ်ကြသော ကလားလေးတစ်ယောက် ရှိသည်။ သူ့ဘဝ၏ တစ်ပိုင်းတစ်စကို တင်ပြချင်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွါးစဉ်အခါက ချိုတကူးသည် ဆယ့်သုံးနှစ်သားမျှသာ ရှိသေးသည်။ သူ၏ဖခင်သည် ဆံပင်ညှပ်သော အလုပ်ကိုလုပ်၍ သူ့မိသားစုကိုရပ်တည်အောင် ဆောင်ရွက်သူဖြစ်သည်။
သူတို့မိသားစုတွင် သူ့ဖခင်၊ သူ့မိခင်အပြင် အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်နှင့် သူပါဆိုလျှင် မိသားစု ငါးယောက်ရှိသည်။ ချိုတကူးတို့သည် ဟိန္ဒူလူမျိုးများဖြစ်သည်။
စစ်ကြီးဖြစ်၍ အိန္ဒိယလူမျိုးများ အိန္ဒိယသို့ပြန်သောအခါ သူတို့မိသားစုသည်လည်း ကယောင်ကတမ်းနှင့် အိန္ဒိယသို့ပြန်ကြရန် ဧရာဝတီမြစ်ကြောင်းမှ သင်္ဘောဖြင့် ဆန်တက် လိုက်ပါသွားကြသည်။ သူတို့ခရီးစဉ်မှာ သင်္ဘောဖြင့်ဆန်တက်၍ မြန်မာပြည်အထက်ပိုင်းရောက်မှ အိန္ဒိယပြည်ဘက်သို့ ကုန်းကြောင်းကူးကြရန်ဖြစ်သည်။
သူတို့လိုက်ပါသွားသော သင်္ဘောသည် နောက်ဆုံးသင်္ဘောဖြစ်၍ စစ်မိန့်လွှမ်းမိုးသော သင်္ဘောလည်းဖြစ်သည်။ အထက်မြန်မာပြည် မြို့ကြီးတစ်မြို့အရောက်တွင် သင်္ဘောခေတ္တ ဆိုက်ကပ်နားနေသည်။
ချိုတကူး၊ သူ့ဖခင်နှင့် သူ့အစ်ကို၊ သားအဖသုံးယောက်သည် မြို့ပေါ်သို့ ခေတ္တတက်ရောက် လည်ပတ်ပြီးလျှင် လိုအပ်သမျှ စားစရာကလေးများကို ဝယ်ခြမ်းကြသည်။ သင်္ဘောဥဩသံ ကြားရ၍ သင်္ဘောဆိပ်သို့ ဒရောသောပါးပြန် ပြေးလာကြသည်။
သူတို့ကမ်းနဖူးသို့ ရောက်သောအခါ သင်္ဘောရေလယ်သို့ ရောက်နေပြီ။ သင်္ဘောသည် စစ်မိန့်ဖြင့် အရေးတကြီး ထွက်ခွာသွားရလေပြီ။ သင်္ဘောပေါ်တွင် သမီးနှင့် မိခင်။ ကမ်းပေါ်တွင် သားအဖသုံးယောက်။ ချိုတကူးတို့သည် ရုတ်တရက်အခြေအနေကို နားမလည်ဘိသကဲ့သို့ ကြောင်နေကြသည်။
ဤသို့ဖြင့် သမီးနှင့် မိခင်တို့သည် အိန္ဒိယသို့ပါသွား၍ သားအဖသုံးယောက်သည် မြန်မာပြည်တွင် အူလယ်လယ် ကျန်ရစ်ရရှာသည်။ တဖက်နှင့်တဖက် စစ်မီးလျှံအတွင်း မည်သို့ဖြစ်ကြလေမည်ကို မတွေးဝံ့အောင်ပင် ဖြစ်ကြရသည်။
သို့သော်လည်း မတတ်နိုင်ကြလေပြီ။ သားအဖသုံးယောက်သည် စိတ်ပျက်လက်ပျက်နှင့် မြေလတ်ပိုင်း မူလနေထိုင်ရာ မြို့ကလေးဆီသို့ ပြန်လာကြသည်။ လမ်းတစ်လျှောက်လုံးတွင် အိန္ဒိယတိုင်းရင်းသား စစ်တပ်များရှိကြသေး၍ တစ်တပ်ဝင်၊ တစ်တပ်ထွက်နှင့် ဆံပင်ညှပ်ကာ အသက်ဆက်ခဲ့ကြရသည်။ ဤသို့ဖြင့် မြို့ကလေးသို့ ပြန်လည်ဆိုက်ရောက်လာကြသည်။
ဂျပန်ခေတ်တွင်လည်း ဆံပင်ညှပ်၍ပင် အသက်မွေးကြရသည်။ သို့သော် ဝမ်းရောဂါတစ်ချီ ဖြစ်လိုက်ရာ ချိုတကူး၏ ဖခင်နှင့်အစ်ကိုတို့သည် ရှေ့ဆင့်နောက်ဆင့် ကိစ္စချောသွားကြပြန်သည်။ ယခုကား ချိုတကူး တစ်ယောက်ထဲ။
ချိုတကူးသည် ကြာရှည် စိတ်ညစ်တတ်သူ မဟုတ်။ ဖြစ်သမျှ ကြုံသမျှတို့ကို ထမင်းစားသကဲ့သို့၊ ရေသောက်သကဲ့သို့ ရယ်ကာမောကာ ပြန်ပြောတတ်သည်။ ဧရာမ လောကဓံကြီးကို ကြုံရသည်ဟုလည်း သူမသိ။ မသိသောကြောင့် သူမတွေး။ မတွေးသောကြောင့် သူ မဆင်ခြင်။ မဆင်ခြင်သောကြောင့် လောကဓံကို သူမမြင်။ ထို့ကြောင့် ဘုရားပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲလုပ်လျှင် ဘယ်သူကမှ သူ့ကိုမဖိတ်ကြားရဘဲ သူရောက်လာတတ်သည်။ ဘယ်နေရာမှာပင် သုံးသုံး၊ ကိုချိုတကူးက မငြင်း။ မျောက်လုပ်၍လည်း ကသည်။ မြေလျှောက်မင်းသား လုပ်၍လည်း ကသည်။ ပျော်ပျော်ပဲ။
ထို့ကြောင့်ပင်လား မသိ။ အိမ်နီးချင်းများသည် သူ့အဖြစ်အပျက်ကို ကြားရသောအခါ သနားတော့ သနားကြပါ၏။ သို့သော်လည်း စုပ်သပ်ရုံမျှသာ ဖြစ်သည်။ မျက်ရည် စို့လောက်အောင်ကား ထိခိုက်ခြင်းမရှိကြ။ သည်ကိစ္စကို ထားဦးတော့။
စာရေးဆရာ ဒါရိုက်တာ သုခ၏ “ဂုဏ်ရည်မတူ” ဇာတ်ကားပြသောအခါ ရုပ်ရှင်ရုံတွင် ချိုတကူးနှင့် အမှတ်မထင် ဆုံတွေ့ရသည်။ ချိုတကူးနှင့် သူ့အိမ်နီးချင်း မိန်းမကြီး လေးငါးယောက်နှင့်အတူ တစ်ခုံတည်း ထိုင်မိလျက်သားဖြစ်နေသည်။ ရုပ်ရှင်ဇာတ်လမ်းနောက်ပိုင်း မေသစ်အပူခန်းသို့ ရောက်သောအခါ မိန်းမကြီးများသည် မေသစ်ကို
သနားလွန်း၍ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရသည်။ ချိုတကူးလည်း မျက်ရည်ဝေ့နေသည်ဟု ထင်ပါသည်။ ကျွန်တော်လည်း မျက်ရည်မကျစေကာမူ နှာပိတ်ချင်သလိုလို ဖြစ်လာပါသည်။
ရုပ်ရှင်ပြီး၍ ထွက်လာကြသောအခါ အမျိုးသမီးကြီးများမှာ မျက်ခွံနီနေသည်။ ချိုတကူးလည်း “ကောင်းထားတာကွာ၊ ငါဖြင့် မျက်ရည်တောင် ကျမိသေးတယ်” ဟု ရယ်မော၍ ပြောပါသည်။ ဖြစ်ရာဘဝတွင် ပျော်ပျော်ကြီးနေတတ်၍ ကိုယ့်ကိုယ်ကိုပင် သနားရမှန်းမသိသော ကိုချိုတကူးက မေသစ်ကို သနားနေပါသည်။ အဒေါ်ကြီးများကလည်း ချိုတကူး၏ ဖြစ်တော်ပေါင်းအတွက် မျက်ရည်စမ်းစမ်းမျှပင် မဖြစ်ခဲ့ဘူးပါလျက် မေသစ်ကျမှ မျက်ရည်အိုင်ကြရသည်။
ချိုတကူး၏အဖြစ်သည် တကယ်ဖြစ်၊ အဟုတ်ဖြစ်၊ စစ်စစ်စစ်စစ် မြည်နေသော အဖြစ်စစ်ဖြစ်သည်။ မေသစ်၏ အဖြစ်သည် ပိတ်ကားပေါ်က ဘဝဖြစ်စဉ်မျှသာဖြစ်သည်။ ချိုတကူး၏ ရာဇဝင်သည် အစစ်။ မေသစ်၏ ရာဇဝင်သည် အတု။ သူတို့သည် အစစ်ထက် အတုကိုပို၍ ကရုဏာသက်နေကြသည်။
ကျွန်တော့်စိတ်တွင် မကျေမနပ် ဖြစ်နေမိသည်။ ကျွန်တော့်ကိုယ်ကိုလည်း ကျွန်တော်မကျေနပ်ပါ။ ကျွန်တော်လည်း သူတို့နှင်နှင်သာ ဖြစ်သည်။ အတုကို မြတ်နိုးနေသည်။ အစစ်နှင့်အတု၊ အတုနှင့် အစစ်ပြဿနာသည် ကျွန်တော်၏ရင်တွင် ပို၍ရှုပ်ထွေးလာပါသည်။ အစစ်နှင့်အတုကို နှိုင်းယှဉ်၍ ကြည့်ချင်တတ်လာပါသည်။ သတိပြုလာပါသည်။
ပန်းချီစာစောင်တစ်ခုကို တောင်လှန်မြောက်လှန် ကြည့်နေရင်း၊ ပန်းချီကားတစ်ချပ်ကို တွေ့သည်။ ဒေါ်လာထောင်ချီ၍ ပေးဝယ်သွားသော ပန်းချီကားတစ်ချပ် ဖြစ်သည်။ သပျစ်သီးတစ်ခိုင်၊ ပန်းသီးတစ်စိတ်၊ ဓားတစ်ချောင်း၊ ဖန်ချိုင့်တစ်ခု၊ နောက်ခံကန့်လန့်ကာ တစ်ပိုင်းတစ်စ ဖြစ်သည်။
ဤပစ္စည်းများကို စားသောက်ရန် ဈေးထဲသွားဝယ်လျှင် ငွေတစ်ဆယ်ဖိုးထက် ကုန်မည်မဟုတ်။ သို့သော် အစစ်ကို မမက်မော၊ အတုမျှသာဖြစ်သော ပန်းချီကားကို ဒေါ်လာထောင်ချီ၍ ပေးဝယ်ကြသည်။ အတုကို အစစ်ထက် တန်ဖိုးထားကြသည်။
ကျွန်တော့စိတ်ထဲတွင် အစစ်ထက်အတုကို မြတ်နိုးလေးစားကြသော လောကကို ကျွန်တော် မကျေနပ်ချင်ပါ။ အစစ်ကိုသာ တန်ဖိုးထားစေချင်သည်။ သို့သော် ကျွန်တော် ကိုယ်တိုင်က အတုကို ဩဘာပေးနေသည်။ မေသစ်ကို ပိုသနား၍ ပန်းချီကားကို ပိုချစ်နေသည်။
ဤသို့တွေးရင်း ချိုတကူး၏ အဖြစ်အပျက်ကို ဆရာသုခလို ဒါရိုက်တာမျိုးနှင့် ရုပ်ရှင်ရိုက်ရသော်ဟု တွေးမိပါသည်။ ချိုတကူးကိုယ်တိုင် တစ်ကိုယ်လုံး မျက်ရည်ဖြစ်ပြီး မျောသွားမလား မသိပါ။ ကျွန်တော်၏ စိတ်တွင် လျှပ်ပြက်သကဲ့သို့တစ်ချက် ဝင်းကနဲ ဖြစ်သွားပါသည်။ အလှမယ်၏ မျက်နှာကို ခေတ္တမျှ မြင်လိုက်ရသကဲ့သို့ “အနုပညာ”၏ မျက်နှာကို ရိပ်ကနဲမြင်လိုက်ရသလိုလို ထင်မိပါသည်။ #Crd
အောင်သင်း (ကံ့ကော်မြိုင်စာတန်း) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit