Knowledge

ဆံပင်ပုံစံလေးများကို ကြည့်ပြီး လူပျို အပျို အိမ်ထောင်သည်လား ဆိုတာကို ခွဲခြားနိုင်သော ရိုးရာမဖျက်သေးတဲ့ ရှားပါးတဲ့ ရွာကလေး

မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ မိန်းကလေးတွေရဲ့ ဆံပင်ပုံစံကို ကြည့်လိုက်ရုံနဲ့ အပျိုလား၊ ပိုင်ဆိုင်သူရှိပြီးသား အိမ်ထောင်ရှင်လားဆိုတာ ခွဲခြားနိုင်တဲ့ ကျေးရွာလေးတစ်ရွာ မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုရင် မအံ့သြဘဲနေမယ့်သူ သိပ်ရှိမှာ မဟုတ်ပါဘူး..။

မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုဘိုးဘွားစဉ်ဆက် အခုအချိန်အထိ တန်ဖိုးထား ထိန်းသိမ်းကြတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ရွာလေးတစ်ရွာမှာ မိန်းကလေးနဲ့ ယောက်ျားလေးတွေအားလုံး ဆံရစ်ဝိုင်းနဲ့ သျှောင်ပေစူးလေးတွေ ကိုယ်စီ ထားကြပါတယ်။

ရွာလေးရဲ့ နာမည်က ရေပုတ်ကြီးလို့ ခေါ်ပါတယ်။မကွေးတိုင်း ပွင့်ဖြူမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့နေရာမှာ တည်ရှိပါတယ်။

ရေပုတ်ကြီးရွာလို့ ဆိုလိုက်ရင် ဆံရစ်ဝိုင်းနဲ့တွဲပြီး သိကြတယ်လို့ ရွာသားတွေက ပြောကြပါတယ်။

တစ်ရွာလုံးက မိန်းကလေး၊ ယောက်ျားလေးတွေက နို့စို့အရွယ် ကလေးငယ် ဘဝကတည်းကစတင်ပြီး ရိုးရာဆံပင်ပုံစံ ထားကြတာပါ။အခုလောလောဆယ်ရွာမှာ ဆံရစ်ဝိုင်းထားသူစုစုပေါင်း ၆၇၄ ယောက်ရှိပါတယ်။

အသက်အရွယ်အလိုက် ဆံပင်ပုံစံ အခေါ်အဝေါ် မတူ မိန်းကလေးတွေထားတဲ့ ဆံပင်ပုံစံကို ဆံရစ်ဝိုင်းလို့ခေါ်ပြီး ယောက်ျားလေးတွေရဲ့ ရိုးရာဆံပင်ပုံစံကိုတော့ သျှောင်ပေစူးလို့ ခေါ်ပါတယ်။

ဒီဆံပင်ပုံစံကို ရင်ခွင်ပိုက် ကလေးငယ် အရွယ်လေးတွေမှာ စတင် ထားကြတာပါ။ လသားအရွယ်မှာ ငယ်ထိပ်ပေါ်မှာ ဦးစွန်းဖုတ်လို့ ခေါ်တဲ့ ဆံပင်လေးကို ပထမဆုံး စထားပါတယ်။

အဲဒီဆံပင်ပုံစံကို ကြည့်ပြီး သူဟာမိခင်ရဲ့ရင်ခွင်မှာ ခိုလှုံနေတဲ့ ကလေးအရွယ်သာ ရှိပါသေးတယ်လို့ ဖော်ပြတာဖြစ်ကြောင်းရေပုတ်ကြီးရွာသူမပြုံးပြုံးရီက ပြောပါတယ်။ကလေးတွေ သုံးနှစ်လေးနှစ် အရွယ်ရောက်တော့ အဲဒီဆံပင်လေးကို ကြက်တောင်စည်းလေး စတင်စည်းလာပါတယ်။

ဒါကမိခင်ရင်ခွင်မှာ နို့စို့နေတဲ့ အရွယ်ကနေ ကင်းလွတ်ပြီး လမ်းလျှောက် ကစားနိုင်တဲ့ အရွယ်ရောက်ပြီဆိုတာ ဖော်ပြတဲ့သဘောဖြစ်ပါတယ်။

တခါအသက်၉ နှစ်၁၀နှစ်အရွယ်ရောက်တဲ့အခါကြက်တောင်စည်းလေးတွေရှည်လာပြီး မိန်းကလေးတွေကဆံရစ်ဝိုင်းပေါ်မှာဆံထုံးလေးတွေထုံးလို့ ရလာကြပြီး၊ယောက်ျားလေးတွေကလည်းသျှောင်ပေစူးလေးတွေ စထုံးလို့ ရလာကြပါပြီ။

အဲဒါကသားတို့ သမီးတို့ဟာ ကျောင်းနေအရွယ် ရောက်ကြပါပြီလို့ဆံပင်နဲ့ပုံဖော်ပြသတာ ဖြစ်တယ်လို့ မပြုံးပြုံးရီက ပြောပါတယ်။

အဲဒီကတဆင့် မိန်းကလေးတွေ၁၅နှစ်၁၆နှစ်အရွယ်ရောက်တော့ဂျပန်ဆံထောက်လို့ခေါ်တဲ့ဆံထောက်ဆံပင်ထားကြပါတယ်။

အဲဒီဆံပင်ပုံကိုကြည့်ပြီး ဒီမိန်းကလေးတွေဟာ ကလေးဘဝ အရွယ်ကျော်လွန်လို့အပျိုဖော်ဝင်လာတဲ့ အရွယ်ပါလို့ ဆံပင်နဲ့ ဖော်ပြတာဖြစ်ပါတယ်။

၁၇ နှစ် ၁၈ နှစ်ရောက်တော့ ဂျပန်ဆံထောက် နောက်ကောက်လို့ ခေါ်တဲ့ နားနောက်မှာ ဆံထောက်ကွေးလေးတွေထားတဲ့ ပုံစံပြောင်းလဲ ထားကြပါတယ်။

ဒီမိန်းကလေးက အပျိုလေးဖြစ်ပါပြီ၊ ချစ်ချင်သူတွေ ချစ်လို့ရပါပြီ၊ပိုးချင်ပန်းချင်သူတွေလည်း ပိုးပန်းလို့ရပါပြီလို့ အဲဒီဆံပင်က ဖော်ပြပါတယ်။

ကိုယ်ပြောချင်တဲ့စကားကို နှုတ်ကနေဖွင့်ဟ မပြောဘဲ ဆံပင်လေးတွေနဲ့ပုံဖော်ပြီး ပြောတာလို့ ရှေးလူကြီးသူမတွေက ပြောခဲ့တယ်ဆိုပြီး မပြုံးပြုံးရီရဲ့ မိခင်နဲ့အဘွား ပြန်ပြောပြတယ်လို့ ဆိုပါတယ်။

အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးတွေကတော့ ဆံရစ်ဝိုင်း တွေဖြုတ်လိုက်ပြီး ဆံပင်ကိုအုပ်လုံးသိမ်းလိုက်ကြပါတယ်။ ဆိုလိုတာက သူ့မှာအုပ်ထိန်းသူ လင်ယောက်ျားရှိပါပြီ၊ ပိုးပန်းချင်သူတွေ မချစ်ကြ မပိုးပန်းကြပါနဲ့တော့လို့ ဖော်ပြတာဖြစ်ပါတယ်။

ကလေးဘဝ ခံစားချက် ငယ်ငယ်တုန်းက အနီးဝန်းကျင်က ရွာတွေသွားတဲ့အခါဆံရစ်ဝိုင်းနဲ့ ဆံပင်ပုံကို ကြက်ချေးပုံ နွားချေးပုံခေါင်းမှာ တင်ထားတာလို့ စကြနောက်ကြတာတွေခံရလို့ ဆံရစ်ဝိုင်းကို ဘာကြောင့်များ ထားပေးရတာလဲ ဒီဆံပင်မထားချင်တော့ဘူးလို့ မိဘတွေကို ပြန်ပြောခဲ့မိတယ်လို့ မပြုံးပြုံးရီက ပြောပါတယ်။

မိဘတွေက ကဲ့ရဲ့ တာတွေ ဂရုမစိုက်ဖို့နဲ့ဘိုးဘွားလက်ထက်ကတည်းက အစဉ်အလာမပျက် ထားခဲ့တဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ဆံရစ်ဝိုင်းလေးတွေ ထားတာလို့ ရှင်းပြခဲ့ပြီး အခုတော့ နားလည်လာပါပြီလို့ သူကပြောပါတယ်။

အမျိုးသားတွေကတော့ ရှင်ပြုတဲ့အရွယ် ခေါင်းတုံးတုံး ပြီးတဲ့နောက်မှာ ဆံရစ်ဝိုင်းကို ဆက်မထားတော့ဘဲသာမန်ဘိုကေပုံစံထားကြတာများတယ်လို့ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

အလယ်တန်း အထက်တန်းကျောင်းမရှိ အိမ်ခြေ ၆၅၀ လောက်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ ရေပုတ်ကြီး ရွာကလေးဟာ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် ဒေသဖွံ့ဖြိုးမှုကလည်း နိမ့်ကျတယ်လိုဒေသအာဏာပိုင်တွေက ပြောပါတယ်။

စာသင်ကျောင်းဆိုလို့လည်း လေးတန်းအထိသာ သင်နိုင်တဲ့ မူလတန်းကျောင်း တစ်ကျောင်းသာရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကမှ အဲဒီကျောင်းလေးက အလယ်တန်းကျောင်း အဆင့်ဖြစ်လာတယ်လို့ လွှတ်တော်အမတ် ဦးထွန်းထွန်းက ပြောပါတယ်။

အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်း အဆင့်အထိဖြစ်လာနိုင်ဖို့ အခြေအနေကလည်း နည်းပါးသေးတယ်လို့ သူကပြောပါတယ်။

သူတို့ရွာနဲ့အနီးဆုံး အထက်တန်းကျောင်းက ၈ မိုင်အကွာမှာရှိတဲ့ ရှောက်တောကျေးရွာမှာပဲ ရှိပါတယ်။

တစ်ဦးတည်းသော ရေပုတ်ကြီးရွာသား တက္ကသိုလ်ကျောင်းသားရွာကနေမြို့ကိုသွားနိုင်တဲ့ အနေအထား မရှိတဲ့အတွက် ရွာမှာပညာထွန်းပေါက်သူကလည်း ရှားပါးတယ်၊ တက္ကသိုလ်အထိ တက်နိုင်သူက ရေပုတ်ကြီးရွာ တစ်ရွာလုံးမှာ တစ်ယောက်ပဲရှိသေးတယ်လို့ ပွင့်ဖြူမြို့နယ်အမတ်နဲ့ ရွာခံလူတွေက ပြောပါတယ်။

အဲဒီကျောင်းသားက ကိုနိုင်အေးဆိုတဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်ဖြစ်ပြီးအခုမကွေးနည်းပညာ တက္ကသိုလ်မှာ ပညာသင်နေတာ နောက်ဆုံးနှစ်ကို ရောက်နေပါပြီ။

မောင်နှမ ငါးယောက်ရှိတဲ့ ကိုနိုင်အေးက သူ့ထက်ငယ်တဲ့ ညီတွေညီမတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကုန်ကြပြီလို့ ဆိုပါတယ်။

တက္ကသိုလ်ပညာသင်နိုင်တဲ့ အထိဖြစ်လာဖို့ သူကြိုးစားခဲ့ရတာလည်း လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။မူလတန်းကျောင်းသာရှိတဲ့ ရေပုတ်ကြီးရွာကနေ၄တန်းအောင်တော့ ရွာနဲ့ ၈ မိုင်ဝေးတဲ့ ရှောက်တောရွာအထိ နေ့စဉ်နေပူပူ မိုးရွာရွာ စက်ဘီးနင်းပြီး ကျောင်းတက်ခဲ့ရတယ်လို့ ကိုနိုင်အေးက ပြောပါတယ်။

လမ်းတဝက်က မြေနီလမ်း၊ ကျန်လမ်းတဝက်သာ ကျောက်လမ်းရှိအတွက် ခက်ခက်ခဲခဲသွားခဲ့ရတဲ့ ဒီခရီးကို၅ တန်းကနေ ၉တန်းအထိနေ့စဉ်စက်ဘီးနဲ့ကျောင်းတက်ခဲ့တာပါ။၁၀တန်းနှစ်ရောက်တော့ဘော်ဒါနေရင်းကျောင်းတက်ခဲ့တာ ဖြစ်ပါတယ်။

မိုးကသည်း စက်ဘီးကလည်းပျက်တဲ့ အခါမျိုးမှာ လမ်းမပေါ် တစ်ယောက်တည်း ထိုင်ငိုနေခဲ့မိပြီး ကျောင်းဆက်မတက်ချင်တော့ဘူးဆိုတဲ့ စိတ်မျိုးတွေ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ သူကပြန်ပြောပြပါတယ်။

အခုတော့ ၂၀၁၈ ခုနှစ်က မြေနီလမ်းလေးဖောက်လုပ်ခဲ့တဲ့အတွက် အရင်ကထက်သွားရေးလာရေး ပိုမိုလွယ်ကူလာပြီမို့ကလေးတွေတခြားရွာအလွယ်တကူသွားပြီးအထက်တန်းကျောင်းတက်နိုင်ကြပြီလို့ရွာသားတွေေြပောပါတယ်။

ဒေသဖွံ့ဖြိုးမှုနိမ့်ကျရေပုတ်ကြီးရွာဟာမိုးခေါင်ရေရှားအရပ်ဒေသမှာတည်ရှိတဲ့အတွက် ရေရှားပါးလှပါတယ်။

လက်ခပ်ရေတွင်းတွေကိုသာ အသုံးပြုကြရပြီ..း နွေရာသီရာက်တဲ့ အခါမှာ အဲဒီတွင်းတွေကရေတွေခန်းခြောက်သွားတဲ့အတွက် ရေပြတ်လပ်တဲ့ ဒုက္ခကိုနှစ်စဉ် ကြုံရတတ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ တစ်ရွာလုံးမှာ လျှပ်စစ်မီးလည်း မရှိသေးပါဘူး။

အခုတော့ ရိုးရာဓလေ့ကို အမြတ်တနိုး လက်ဆင့်ကမ်းထိန်းသိမ်းကြတဲ့ရိုးသားတဲ့ရေပုတ်ကြီး ရွာလေးအကြောင်းတစတစသိလာကြပြီးအနယ်နယ်အရပ်ရပ်ကလာရောက်လည်ပတ်တဲ့ဧည့်သည်တွေလည်း ပိုများလာကြပါပြီ။

ရေပုတ်ကြီး ရွာသူရွာသားတွေကတော့ သူတို့ရွာလေး ပိုမိုတိုးတက်လာစေဖို့ မျှော်လင့် နေကြပါတယ်။

မြန်မာနိုင်ငံမှာရှေးကဘိုးဘွားရိုးရာအမွေအနှစ်ဖြစ်တဲ့သျှောင်ပေစူး၊ ဆံရစ်ဝိုင်းထားတဲ့ဓလေ့ကို ညောင်ဦးမြို့နယ် စက်စက်ယိုရွာ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးရွာ၊ နွားထိုးကြီးမြို့နယ် ဆံရစ်ဝိုင်းရွာတို့ကို ယနေ့အထိ ထိန်းသိမ်းထားပါသည်။

အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့ ပရိသတ်ကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ #Crd