International News

ဒုတိယမြောက် လပြည့်ကို အပြာရောင်လ (Blue moon) ဖြစ်ပေါ်လာမည့် နေ့ရက်နှင့် ဖြစ်ပေါ်လာရခြင်းအကြောင်း

“၂၀၂၃ ဩဂုတ်လအတွက် အာကာသဖြစ်စဉ်များ”

ဒုတိယဝါဆို လပြည့်နေ့ နဲ့ ဝါခေါင်လပြည့်နေတို့ တစ်လတည်းမှာ ကျရောက်နေတဲ့ ၂၀၂၃ ဩဂုတ်လမှာ

အခြားသော ထူးခြားတဲ့ အာကာသ ဖြစ်စဉ်အချို့လည်း (မိုးတိမ်ကင်းစင်လျှင်) တွေ့မြင်ရနိုင်ချေတွေ​ရှိပါတယ်။

ပထမဆုံး ထူးခြားချက်ကတော့ ဒီလပြည့် နှစ်ခုစလုံးဟာ စူပါမွန်းဖြစ်မည့် လပြည့်များပဲ ဖြစ်ကြပါတယ်။ ဒုတိယဝါဆို လပြည့်ချိန်ဟာ မြန်မာစံတော်ချိန်အရ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁ နာရီ ၁ မိနစ်မှာ မကာရရာသီမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

စူပါမွန်လပြည့်ချိန်မှာတော့ လဟာ ကမ္ဘာမှ မိုင်ပေါင်း ၂၂၁၈၀၀ အကွာမှာ ရောက်ရှိနေပြီး ပျမ်းမျှအကွာအဝေးဖြစ်တဲ့ ၂၃၆၀၀၀ ထက် မိုင်ပေါင်း ၁၄၀၀၀ ခန့် ပိုနီးနေတာဖြစ်ပြီး။ အဲ့ဒါကြောင့် လပြည့်နေ့ လမင်းကြီးကို ပုံမှန်ထက် အရွယ်အစားကြီးပြီး မြင်တွေ့ရပါမယ်။ လပြည့်ရက်မှာ လဆွဲအားကြောင့် ဒီရေ အတက်အကျ ရှိနေနိုင်ပါတယ်။

စေတန် (ခ) စနေဂြိုဟ်ဟာ ကုမ်ရာသီ ကြယ်စုများအတွင်း ရောက်ရှိနေပြီး ထိုနေရာဟာ နေရဲ့ ဆန့်ကျင်ဘက်အရပ်မှာဖြစ်လို့ စေတန်ကို တစ်ညလုံး မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဩဂုတ်လ ၂၇ ရက်နေ့မှာ သိဟ်ရာသီက နေမင်းရဲ့ ဆန့်ကျင်ဘက် အရပ်တည့်တည့်သို့ ရောက်ရှိနေပြီး စေတန်ကို ခပ်လင်းလင်းလေး မြင်တွေ့ရနိုင်ဖွယ် ရှိပါတယ်။

တယ်လီစကုတ်များဖြင့် ကြည့်ရှုမည်သူကတော့ စေတန်ရဲ့ လှပတဲ့ ဂြိုဟ်ပတ်ကွင်းများကိုပါ မြင်တွေ့ရနိုင်ပါတယ်။​ လပြည့်ခြင်းဟာလည်း လဟာ နေရဲ့ ဆန့်ကျင်ဘက်အရပ်မှာ ရှိနေမှာမို့ လပြည့်ညနဲ့ နီးတဲ့ရက်တွေမှာ စေတန်ဂြိုဟ်ကို လ အနီးမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဩဂုတ်လအတွင်း ကြယ်တွေအများကြီး ကြွေမည့် ရက်တစ်ခုရှိပါတယ်။ ဩဂုတ်လ ၁၃ ရက် ည ၁၀ နာရီမှ နံနက် ၅ နာရီအတွင်း အရှေ့(မြောက်) အရပ်မှာ အနောက်(မြောက်) အရပ်သို့ ကွေးဆင်းသွားမည့် ပါးစီးယပ်စ် (ကျီးတာရာ) အတွင်းမှာ ကြယ်များ ကြွေဆင်းကြမှာ ဖြစ်ပါတယ်။

ကြယ်ကြွေတယ် ဆိုတာကတော့ အာကာသအတွင်းက ဥက္ကာခဲ (သို့) ကြယ်တံခွန် အကြွင်းအကျန်များ (ကျောက်ခဲမှုန်များ) နဲ့ ကမ္ဘာ့လေထုတို့ ပွတ်တိုက်ရာမှာ ထွက်ပေါ်လာတဲ့ အလင်းတန်းများသာ ဖြစ်ပါကြပါတယ်။ ပြင်ပ အလင်းရောင် အနှောင့်အယှက်နည်းတဲ့ (အမှောင်အားကောင်းတဲ့) နေရာမှ ကြည့်လျှင် တစ်နာရီကို ကြယ်အလုံးပေါင်း ၁၀၀ ကျော် ကြွေဆင်းသွားတာကို မြင်တွေ့ရနိုင်ပါတယ်။

လဟာ ဩဂုတ်လ် ၂၄ နဲ့ ၂၅ ရက်တို့မှာ ဗြိစ္ဆာရာသီအတွင်းက Delta Scorpii (အနုရာဓ နက္ခတ်) နဲ့ Antares လို့ခေါ်တဲ့ ဇေဌနက္ခတ် (ဇေဌကြယ်ပြောင်နီ) တို့ကို ဖုံးအုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ ဖုံးကွယ်မှုကို မမြင်ရနိုင်ပေမဲ့ နီးကပ်ခြင်းကိုတော့ တွေ့မြင်ရနိုင်ပါတယ်။

လတစ်လတည်းမှာ လပြည့်နှစ်ခုထပ်တဲ့အခါ ဒုတိယမြောက် လပြည့်ကို အပြာရောင်လ (Blue moon) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဝါခေါင်လပြည့်နေ့ဟာ စူပါမွန်းဖြစ်မည့် အပြာရောင်လပြည့်နေ့ပဲ ဖြစ်ပါတော့တယ်။

အနာဂတ် ပညာရေးအတွက်..

သန်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)