Life Style

“ပိုက်ဆံ မရှိလျှင် ဘာလုပ်မလဲ” (မြန်မာလူမျိုးတွေရဲ့ အဖြေနှင့် ဂျပန်လူမျိုးတွေရဲ့ အမြင် )

ပိုက်ဆံ မရှိလျှင် ဘာလုပ်မလဲ

လွန်ခဲ့တဲ့ ၁၆ နှစ်လောက်တုန်းက မြန်မာပြည်က ဂျပန်စာသင်တန်းတခုမှာ ကျမ ဂျပန်စာ သင်ယူခဲ့စဉ်ကပေါ့။ ဆရာမက ဂျပန်လူမျိုး။ သင်ခန်းစာထဲမှာ “ရင် (လျှင်)” ဆိုတဲ့ စကားစပ်သဒ္ဒါကို ဆရာမက ဥပမာတခုနဲ့ ရှင်းပြဖို့ လုပ်တယ်။

သူက ဥပမာတခုအနေနဲ့ မေးတယ်

“ဥပမာ ပိုက်ဆံမရှိရင်ရင်(လျှင်) ၊ ပိုက်ဆံလိုတယ်ဆိုရင် (လျှင်) ဘာလုပ်မလဲ” တဲ့။

ကျွန်ုပ်အပါအဝင် အားလုံးသော မြန်မာသင်တန်းသားများက ပိုက်ဆံမရှိလျှင် ပိုက်ဆံချေးမယ်၊ ပိုက်ဆံလိုရင် ဆွဲကြိုးပေါင်မယ်၊ ပိုက်ဆံမရှိလျှင် အမေ့ဆီက တောင်းမယ်၊ ပိုက်ဆံလိုရင် အိမ်က တီဗီရောင်းမယ်.. စသဖြင့် တစ်ယောက်တစ်မျိုး ကြိုးစားပမ်းစား ဂျပန်လို ဝါကျတည်ဆောက်ပြီး ဖြေကြတယ်။

ဒီမှာတင် ဂျပန်လူမျိုး ဆရာမလေးက တချက်ငြိမ်သွားတယ်။ ပြီးတော့ အခုလိုပြောတယ်။ ဖြေတဲ့ အဖြေတွေက သဒ္ဒါနည်းအရ မှန်ပါတယ်တဲ့၊ ဒါပေမယ့် တမျိုးပဲနော်တဲ့။ ဒီသင်ခန်းစာအတွက် သဒ္ဒါရော၊ အဓိပ္ဗါယ်ရော၊ ယုတ္တိအရှိဆုံးဖြစ်တဲ့ အကောင်းဆုံး အဖြေတော့ မဟုတ်ဘူး တဲ့။

ကျွန်ုပ်တို့အဖြေတွေကို သူက ယုတ္တိမရှိဘူးဆိုပါ့လား။

ပြီးတော့ သူက အခုလိုဆက်ပြီး မေးပြော ပြောလိုက်ပါတယ်။ တကယ်ဆို လောကမှာ လူတစ်ယောက် ပိုက်ဆံမရှိဘူးဆိုရင်၊ ပိုက်ဆံလိုတယ်ဆိုရင် အဖြေက “အလုပ်လုပ်ရမယ်” မဟုတ်ဘူးလားတဲ့။

ဒါဟာ သူ့ရဲ့ ယုတ္တိရှိတဲ့ အဖြေလား။

သူက မချိတင်ကဲ ထပ်ပြောပြန်တယ်။ “ပိုက်ဆံမရှိရင် အလုပ်လုပ်မယ်လေ” “ပိုက်ဆံလိုချင်ရင် အလုပ်လုပ်ရမယ်လေ” အဲ့လိုမဟုတ်ဘူးလားဟင် တဲ့။

တခြားသူတွေတော့ ဘယ်နှယ့်ရှိတယ် မပြောတတ်ဘူး၊ ကျွန်ုပ်ကတော့ အဲ့သည့်တုန်းက ဂျပန်လူမျိုးဆရာမလေးရဲ့ မျက်ပေါက်ကျဉ်းကျဉ်းလေးတွေ ဝိုင်းသွားတဲ့အထိ ကျွန်ုပ်တို့အပေါ်ကြည့်တဲ့ နားမလည်တဲ့ အကြည့်၊ အံ့သြတဲ့အကြည့်တွေကို မှတ်မိနေတုန်းပဲ။

ကျွန်ုပ်တို့ ဖြေလိုက်တဲ့ အဖြေတွေဟာ ကျွန်ုပ်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝအနေအထားများအရ လတ်တလောပိုက်ဆံလိုရင် တကယ်လုပ်ဖြစ်မယ့် ကိစ္စတွေဆိုတာကို ကျွန်ုပ်တို့အချင်းချင်းပဲ နားလည်နိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် သူက သိပ်မမှန်ဘူးလို့ပြောတဲ့ ကျွန်ုပ်တို့အတွက် အမှန်တရားကို သူ မခံစားတတ်ဘူးဖြစ်နေတယ်။ ဘယ်ခံစားတတ်ပါ့မလဲ၊ သူက ဂျပန်ပြည်က ဂျပန်ကိုး။

အဲ့သည့်တုန်းက ကျွန်ုပ်တို့ကလည်း “ပိုက်ဆံလိုရင် အလုပ်လုပ်ရမယ်” ဆိုတဲ့ သူ့အမှန်တရားကို လက်မခံချင်ဘူး။ မခံစားတတ်ဘူး ဖြစ်နေတယ်။ ဘယ်ခံစားတတ်ပါ့မလဲ၊ ကျွန်ုပ်တို့က မြန်မာပြည်က မြန်မာကိုး။ မြန်မာပြည်မှာက တစ်ရက်အတွင်း၊ တစ်ပါတ်အတွင်း၊ တစ်လအတွင်း လတ်တလော ပိုက်ဆံလိုနေရင် ချက်ချင်းအလုပ်ကောက်လုပ်၊ ချက်ချင်းပိုက်ဆံရတဲ့ အနေအထားမျိုးမှ မရှိတာ။

အဲ့သည်လို အနေအထားမျိုးရှိတဲ့ (ဂျပန်ကဲ့သို့သော) တိုင်းပြည်တပြည်မှာ တိုင်းသူပြည်သားဖြစ်ရတဲ့ အရသာကို အဲ့တုန်းက ဂျပန်မရောက်ဖူးသေးတော့ ကျွန်ုပ်လည်း မသိခဲ့ဘူးပေါ့။ လူတစ်ယောက်မှာ “အလုပ်လုပ်ရင် ပိုက်ဆံရမယ်” ဆိုတဲ့စိတ်အတွေးမျိုး ငယ်စဉ်ကတည်းက ကိန်းအောင်းနေခြင်းဟာ အဲ့သည့်လူအဖို့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့၊ အင်မတန်တန်ဖိုးရှိတဲ့ စိတ်ရတနာတပါးကို ပိုင်ဆိုင်ထားသလို ဖြစ်နေတယ်ဆိုတာကို အခုတော့ ကျမကောင်းကောင်းကြီး နားလည်ခဲ့ရပြီ။

အလားတူပဲ လူတစ်ယောက်ဟာ “ပိုက်ဆံမရှိရင် အလုပ်လုပ်ဖို့ထက် တခြားသော ဖြတ်လမ်းနည်းများကိုသာ စဉ်းစားတွေးတတ်ခြင်းဟာလည်း အဲ့သည့်လူတစ်ယောက်ရဲ့ အနာဂတ်အတွက် ဘယ်လောက်တောင် အန္တရာယ်ကြီးတယ်၊ ပျက်စီးစေတယ်” ဆိုတာကိုလည်း အခုတော့ ကျမကောင်းကောင်းကြီး သိခဲ့ရပြီ။ တဆက်တည်းမှာပဲ အဲ့ဒီလို ဖြတ်လမ်းသမားများ စုစည်းနေတဲ့ တိုင်းပြည်တပြည်ရဲ့ အနာဂတ်ဟာလည်း ဘယ်လောက်တောင် အန္တရာယ်ကြီးသလဲဆိုတာ အခုတော့ ကျမကောင်းကောင်းကြီး သဘောပေါက်ခဲ့ရပြီ။

နောက်ဆုံးမှာတော့ အဲ့သည်လို တိုင်းသူပြည်သားများရဲ့ စိတ်ဓါတ်တွေ၊ အနာဂတ်တွေ ပျက်စီးအောင် အုပ်ချုပ်မှုညံ့ဖျင်းလှတဲ့ အစိုးရတရပ်ဟာလည်း အဲ့သည့်တိုင်းပြည်အတွက် ဘယ်လောက်တောင် ဆိုးရွားတဲ့၊ အန္တရာယ်ကြီးတဲ့ အစိုးရဖြစ်တယ်ဆိုတာကို အခုတော့ ကျမကောင်းကောင်းကြီး နှိုင်းယှဉ်တတ်ခဲ့ပြီ။

ဒါ့အပြင် “ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” ဆိုတဲ့ ရုတ်တရက်ကြားရရင် အမှန်တရားလိုလိုရှိတဲ့ ထိုစကားကိုလည်း ဖွံ့ဖြိုးတိုးတက်ကြီးပွားနေတဲ့ တိုင်းပြည်များမှာ လူဖြစ်ခွင့်ရတဲ့ ဘယ်တိုင်းသူပြည်သားကမှ ကိုယ့်တိုင်းပြည်အစိုးရနဲ့ပါတ်သက်ပြီး လက်လွတ်စပယ် ပြောလေ့မရှိကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့ရပြီ။

အရသာဆိုတာ ပြောပြတာထက် ကိုယ်တိုင်ခံစားရမှ သိတာမျိုးကလား။