က်မၼာေရး ဗဟုသုတ

“ကိုဗစ်ပိုးဟာ လေ့လာမှုတွေအရ အရင့်အရင်က တွေးထင်ထားတာထက် အချိန်ပိုကြာကြာ အသက်ရှင်နိုင်တာကို တွေ့ခဲ့ရပါတယ်…..

Covid ပိုးဟာ လေ့လာမှုတွေအရ အရင့်အရင်က တွေးထင်ထားတာထက် အချိန်ပိုကြာကြာ အသက်ရှင်နိုင်တာကို တွေ့ခဲ့ရပါတယ်။

ဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းမှာ လေ့လာခဲ့ရာမှာတော့ မှန်ပြင်၊ စတီးလ်၊ ဘဏ်စာအုပ်၊ စာရွက်နဲ့ အခြားပစ္စည်းပစ္စယ အချို့ရဲ့ မျက်နှာပြင်တွေမှာ အပူချိန် ၂၀ ဒီဂရီဆဲလ်စီးရပ်စ် အခြေအနေမှာဆိုရင် (၂၈)ရက်ထိ အသက်ရှင်သန်နိုင် ကြောင်း ဩစတြေးလျအမျိုးသား သိပ္ပံအေဂျင်စီက ပြောကြားခဲ့ပါတယ်။

ဗိုင်းရပ်စ်တွေဟာ အေးမြစွတ်ဆိုသော အခြေအနေထက် ပိုပူတဲ့အပူချိန်လို နေရာမျိုးမှာ ပိုပြီးအသက်ရှင်ချိန် တိုတောင်းတာကိုလည်း သုတေသီတွေက တွေ့ရှိခဲ့တာပါ။ ၂၄ နာရီအတွင်းမှာ ၄၀ ဒီဂရီဆဲလ်စီးရပ်စ်ရှိတဲ့ မျက်နှာပြင်မျိုးတွေမှာ ဗိုင်းရပ်စ်ကူးစက်နိုင်မှု ရပ်တန့်ကြောင်းလည်း ပြောပါတယ်။

အရင်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာထုတ်တဲ့ ဗိုင်းရပ်စ်ဗေဒဂျာနယ်မှာ ဒီလေ့လာမှုကို ရှင်းပြထားပြီး ကိုဗစ်ကူးစက်မှု ရပ်တန့်ရေးဆောင်ရွက်နိုင်မဲ့ ရလဒ်တွေကို သရုပ်ပြထားပါတယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်းနဲ့ စကားပြောဆိုခြင်းများကနေ ထွက်လာသောအရည်အမှုန်ငယ်များကနေမှ ကနဦးကူးစက်ပျံ့နှံ့မှုကို ဖြစ်စေကြောင်း၊ ညစ်ညမ်းမှုရှိသော မျက်နှာပြင်ကို ထိတွေ့မိပြီး မိမိမျက်နှာ၊ ပါးစပ်နဲ့ မျက်လုံးတွေကိုပွတ်သပ် ထိတွေ့ကိုင်တွယ်မိရာကနေလည်း ကူးစက်နိုင်တာ ဖြစ်ပါတယ်။

လူထုကျန်းမာရေးကျွမ်းကျင်သူများက လူတွေအနေနဲ့ social distance ဖြစ်အောင်နေပြီး၊ အနီးကပ်ပြောဆိုဆက်ဆံခြင်းများကို ရှောင်ကျဉ်ကြဖို့လိုပြီး မဟုတ်ရင်တော့ တစ်ကမ္ဘာလုံးအနှံ့မှာ ကူးစက်ပျံ့နှံ့မှုနှုန်းများနေတဲ့ ဒီဗိုင်းရပ်စ်ဟာ မိမိပေါ့ဆမှုကြောင့် မိမိကိုအချိန်မရွေး သေစေနိုင်တာကို သတိရှိဖို့ စည်းကမ်းလိုက်နာကြဖို့ လိုတာလည်း ဖြစ်ပါတယ်။

သို့ပေမဲ့လည်း တစ်ချို့လေ့လာတွေ့ရှိချက်တွေထက်စာရင် ဗိုင်းရပ်စ်ရဲ့ ကူးစက်မှုနဲ့ လက်တွေ့ခြိမ်းခြောက်လာမှု တွေက ပိုဆိုးနေတာမျိုးတောင် ရှိနေတတ်ကြောင်း သိပ္ပံပညာရှင်အချို့က ပြောပြန်ပါတယ်။

တစ်ချို့ရလဒ်တွေက လူထုထဲမှာ မလိုအပ်တဲ့ကြောက်ရွံ့မှုတွေကိုလည်း ဖြစ်စေကြောင်း ကားဒစ်ဖ်တက္ကသိုလ် ပါမောက္ခ ရွန်အက်ဆယ်လ်ကပြောပါတယ်။ ဗိုင်းရပ်စ်တွေက ချောင်းဆိုးလိုက် နှာချေလိုက်တဲ့ တံတွေးနဲ့ ချွဲသလိပ် တွေကနေမှ မျက်နှာပြင်တွေပေါ်ကို ပျံ့နှံ့သွားပြီး လက်ညစ်ပတ်တွေကြောင့်လည်း ပျံ့နှံ့မှုတွေကို ဖြစ်စေကာ ဒီပိုးရှိနေတဲ့လူသားတံတွေဟာ ယာဉ်တစ်စီးပေါ်မှာဆိုရင် ကူးစက်မှုတွေကိုလည်း သယ်ဆောင်သွားနိုင်တာမျိုး ဖြစ်စေကြောင်း၊ ပြင်ပမှာဆိုရင်တော့ မျက်နှာပြင်တစ်ခုပေါ်မှာ ရှိနေတဲ့တံတွေးနဲ့ချွဲသလိပ်ထဲက ရောဂါကူးစက် နိုင်သော ပိုးတွေဟာ နာရီအတော်ကြာသည်ထိပဲ အသက်ရှင်နိုင်မယ်ထင်ကြောင်း အက်ဆယ်လ်က ပြောပါတယ်။

အမေရိကန်က သုတေသီတွေရဲ့ မတ်လကလေ့လာခဲ့မှုက အက်ဆယ်လ်နဲ့ တစ်သဘောတည်းဖြစ်နေပြီး သူတို့ရဲ့သက်သေပြချက်အရ ဗိုင်းရပ်စ်ဟာ လေထုထဲမှာ ၃ နာရီ ကျော်ကြာအောင် ရှင်သန်နေနိုင်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ပလတ်စတစ်နဲ့ စတီးလ်တွေလို မျက်နှာပြင်ပေါ်မှာ ၂ ရက်နေ့က ၃ ရက်ကြာသည်ထိ အသက်ရှင်နိုင်ကြောင်းလည်း ဓာတ်ခွဲခန်းမှာ အထူးလေ့လာမှုတွေအရ တွေ့ရှိခဲ့ရပါတယ်။

သို့သော်ငြားလည်း တစ်ချို့ကူးစက်ခံရသူတွေဟာ အသက်ရှူရင်း လေထဲကနေမှ ကူးစက်တာလား သို့မဟုတ် ညစ်ပေနေသော မျက်နှာပြင်များကို ကိုင်တွယ်ထိတွေ့မိရင်းက ကူးတာလားဆိုတာကိုတော့ သက်သေမပြနိုင်သေးကြောင်း သုတေသီတွေက မှတ်ချက်ပြုပါတယ်။

( သီအိုရီကျကျပြောမယ်ဆိုရင်တော့လည်း ဖြစ်နိုင်ပါတယ်)လို့တော့ National Institute of Allergy and Infectious Diseasesမှ လေ့လာရေးအဖွဲ့ခေါင်းဆောင် နစ်ဂျီဗန်ဒိုရီမာလန်က ပြောပါတယ်။

တစ်ခါ ဇူလိုင်လတုန်းက Lancetမှာ ထုတ်ဝေခဲ့တဲ့ Rutgers Universityက အနုဇီ၀ဗေဒပါမောက္ခ အီမန်နျူယယ် ဂိုးလ်မန်းကတော့ ( တိရစ္ဆာန်မဟုတ်သော အရာ၀တ္ထုရဲ့ မျက်နှာပြင်ကနေ ကူးစက်နိုင်ချေက အလွန်ပဲ နည်းကြောင်း ) ပြောပါတယ်။

တကယ့်လက်တွေ့ဘ၀မှာ သွားလာလုပ်ကိုင်ရင်း ဖြစ်နိုင်ချေနည်းတယ် ဆိုပေမဲ့လည်း မိမိရဲ့ ဆင်ခြင်မှု ကင်းရင်ကင်းသလို စည်းကမ်းလိုက်နာမှု နည်းရင်နည်းသလို ကူးစက်နိုင်ချေကတော့ ရှိနေမှာဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

#Source – CCTV