စစ်တပ်ကြောင့် ကျိန်စာသင့်နေပြီ ဖြစ်သော မြန်မာ့ကျောက်စိမ်းမြေ
ရန်ကုန်၊ ဇူလိုင် ၆
၂၀၂၀ ခုနှစ်အတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ဝှေခါ ကျောက်စိမ်းတွင်းတွင် ဖြစ်ပွားခဲ့သော မြန်မာ့အဆိုးရွားဆုံးမြေပြိုမှုသည် လူတို့၏အမှားကြောင့် ဖြစ်သည်ဟု အဆိုပါဖြစ်ရပ်အား ပထမဆုံးသိပ္ပံနည်းကျလေ့လာခဲ့သည့် သုတသနစစ်တမ်းတစ်ခုက ထုတ်ဖော်ပြောဆိုလိုက်သည်။
အဝေးထိန်းအာရုံခံစနစ် တပ်ဆင်ထားသည့် ဂြိုလ်တုမှရရှိသော အချက် အလက်များကို အသေးစိတ်လေ့လာဆန်းစစ်မှုအရ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဝှေခါကျောက်စိမ်းလုပ်ကွက်၏ ဆိုးရွားသည့် အခြေအနေများကို တွေ့ရှိခဲ့သည်။
လွန်ခဲ့သည့်နှစ် ဇူလိုင်လတွင် ကချင်ပြည်နယ်၊ဖားကန့်မြို့ရှိ ဝှေခါကျောက်စိမ်းမှော်တွင် မြေပြိုမှုကြောင့် လူပေါင်း ၁၇၀ကျော်သေဆုံးခဲ့သည်ဟု သတင်းများတွင်ဖော်ပြကြပြီး၊ မြေပြင်သတင်းများအရမူ သေဆုံးသူ ဦးရေမှာ အယောက် ၂၀၀ ကျော်ရှိကြောင်း သိရှိရသည်။
လေ့လာမှုတွင်ပါဝင်သည့် နိုင်ငံတကာသုတေသီအဖွဲ့က မြန်မာနိုင်ငံရှိ ကျောက် စိမ်းတူးဖော်ရေးလုပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုတစ်ခုအား ပထမဆုံးအကြိမ် အသေးစိတ်မှတ် တမ်းတင်ခဲ့ခြင်းဖြစ်သည်။
ရလဒ်များအရ မုတ်သုန်မိုးများကြောင့် သာမဟုတ်ဘဲ စီမံခန့်ခွဲမှုအလွဲများ နှင့်ညံ့ဖျင်းသည့် သတ္တုတွင်းဒီဇိုင်းကြောင့် ဤအဖြစ်ဆိုးကို ဖြစ်ပေါ်စေသည်ဟု ယူဆကြသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသို့ တင်ပို့သော ကျောက်မျက်ရတနာများနှင့် ပန်းပုများကြောင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်းတူးဖော်မှု တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။
လုပ်သား ၄၀၀,၀၀၀ ခန့်သည် ဘေးအန္တရာယ် ကာကွယ်ရေး အထောက်အကူပြုပစ္စည်း အနည်းငယ်ဖြင့် မိုင်းတွင်း နံရံများတစ်လျှောက်တွင် ကျောက်စိမ်းများကို ရှာဖွေနေကြသည်။
ရာချီသေဆုံးခြင်း
===========
မြန်မာနိုင်ငံရှိ ကျောက်စိမ်းလုပ်ငန်းသည် အားနည်းချက်များစွာဖြင့် လည်ပတ်နေသည်။ ၂၀၀၄ခုနှစ်ကတည်းက ဖြစ်နေခဲ့သည့် လူရာချီ သေဆုံးစေသည့် မြေပြိုမှုများမှာလည်း သာမန်ဖြစ်ရိုးဖြစ်စဥ် တစ်ခုလိုသာ ဖြစ်နေတော့သည်။
ယမန်နှစ် ဇွန်လက ဖားကန့်ဒေသရှိ ဝှေခါကျောက်စိမ်းလုပ်ကွက်မြောက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် မြေသားများစိုစွတ်လာသည်။ ဇူလိုင် ၂ရက်နေ့တွင် “ထုထည်ကြီးမားသော ကျောက်မိုင်းကမ်းပါးနံရံများ အဝကျယ်တွင်းကြီးထဲသို့ ပြိုဆင်းသွားပြီး ကျောက်စိမ်းတူးဖော်သူ ၁၇၂ယောက်ကို မြေမြှပ်သတ်ပစ်လိုက်သည်” ဟု သုတေသီများ၏ ရေးသားချက် ကို Nature မဂ္ဂဇင်းကြီး တွင် ဖော်ပြခဲ့သည်။
မြေပြိုကျမှုနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် သတိဝိရိယနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဆန်းစစ်မှုမရှိသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီများအပေါ် အပြစ်ဖို့ခဲ့သည်။ မြေပြိုမှုဖြစ်ပွားချိန်တွင် ဝှေခါကျောက် စိမ်း လုပ်ကွက်များတွင် တရားဝင် တူးဖော်ခွင့်ရထားသည့် သတ္တုတူးဖော်ရေးကုမ္ပဏီ အနည်းဆုံး ၁၂ခုအထိရှိသည်။
အစိုးရမဟုတ်သောအဖွဲ့အစည်းများကမူ သတ္တုတွင်းလုပ်ငန်းတွင် ချမှတ်ထားသည့် စည်းကမ်းများအား အစိုးရကကြီးကြပ်မှုမရှိခြင်းသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး လုပ်သားများ၏ အသက်အန္တရာယ်ကိုချိန်းခြောက်နေသည့် အဓိကပြဿနာဖြစ်ဟု ပြောဆိုကြသည်။
သတ္တုတူးဖော်ခွင့် လိုင်စင်ချပေးသည့် မြန်မာ့ကျောက်မျက်လုပ်ငန်း၏ ပြောရေးဆိုခွင့်ရှိသူကမူ ဝှေခါရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလိုင်စင်များသည် မတော်တဆမှု မတိုင်မီ ဇွန် ၂၉ ရက်နေ့ကတည်းက သက်တမ်းကုန်ဆုံးနေပြီဟု Nature ကို ပြောသည်။
အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့ကမူ ကျောက်သားများ အက်ကွဲမှုကတစ်ဆင့် မိုးရေများ စိမ့်ဝင်ရောက်လာပြီး မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း ကောက် ချက်ချသည်။
မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး လုပ်ကွက်များသို့ သွားရောက်ခွင့်မရသဖြင့် ထိုင်ဝမ်၊ စင်္ကာပူ၊ ဘရာဇီးနှင့်ထိုင်းနိုင်ငံမှ သုတေသီများသည် မြေပြိုမှုကိုစုံစမ်းရန် အဝေးထိန်းအာရုံခံကိရိယာ နှင့် ဂြိုဟ်တုများထံမှ ရသည့် အချက်အလက်များကို အသုံးပြုခဲ့သည်။
ယင်း ဂြိုဟ်တုများသည် သတ္တုတူးဖော်မှုတွင် တင်းကျပ်သောစည်းကမ်းများ ချမှတ်ထားသည့် နိုင်ငံများရှိ သတ္တုတွင်း လုပ်ကွက်များကို စောင့်ကြည့်ရာတွင် အသုံးပြုလေ့ရှိသည်။
“ အာကာသထဲကနေ ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးရှိတယ်” ဟု ထိုင်ဝမ်အမျိုးသား ထိုင်ဝမ်တက္ကသိုလ်မှ ဘူမိဗေဒပညာရှင် ဝမ်ယုက ပြော သည်။
အန္တရာယ်ပြည့်နှက်နေသော သတ္တုတွင်းများ
===========================
ဝမ်နှင့် သူ၏အဖွဲ့သည် အခင်းဖြစ်ပွားစဥ် ရိုက်ကူးထားသည့် ဗီဒီယိုများနှင့် ဂြိုလ်တုမှရရှိသည့် အချက်အလက်များအပြင် ၂၀၀၀ပြည့်နှစ်တွင် လွှတ်တင်ခဲ့သည့် နာဆာအာကာသ လွန်းပျံယာဉ်မှ ရရှိသည့် သမိုင်းဆိုင်ရာ အချက် အလက်များကို ပေါင်းစပ်လေ့လာခဲ့သည်။
၂၀၁၃ မှ ၂၀၂၀ ကြားကာလအတွင်း ရိုက်ကူးခဲ့သော Google Earth ၏ ပုံရိပ်များအရ မြေပြိုခြင်းမှ ကာကွယ်နိုင်ရန် တွင်းနံရံများတွင်အထူးပြုလုပ်ထားသည့်အကာအရံများတပ်ဆင်ထားသည့်တိုင် တွင်းအတွင်း၌ ရံဖန်ရံခါမြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ဝမ်ကပြောသည်။
“ (ဝှေခါ)ကျောက်စိမ်းလုပ်ကွက်က အန္တရာယ်များတဲ့သတ္တုကြော အနေအထားမှာရှိနေပြီး မကြာခဏဆိုသလို ဖြစ်ပေါ်တတ်တဲ့ မထိန်းချုပ်နိုင်တဲ့ မြေပြိုမှုတွေကြောင့် ပိုပြီးဆိုးရွားစေတယ်” ဟု ဝမ်နှင့် သုတေသီများက ရေးသားသည်။
ယင်းအနေအထားများသည် ကျောက်စိမ်းများကို ပိုမိုမြန်ဆန်စွာ ထုတ်ယူနိုင်သော်လည်း အန္တရာယ်များသော အခြေအနေများကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြနေသည်။
ညံ့ဖျင်းသော သတ္တုတွင်းဒီဇိုင်း
==================
သုတေသီများရေးသားထားသည့် ဒုတိယအချက်မှာ အစုအလိုက်အပုံလိုက်ဖြစ်နေသည့် စွန့်ပစ် မြေစာပုံများသည် မိုးရေ သို့မဟုတ် မြေအောက်ရေကို စုတ်ယူထားသည့် ရေမြှပ်တုံးတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုမှတစ်ဆင့် ရေများတစ်ဖြည်းဖြည်း စိမ့်ဝင်ကာ တောင်နံရံများအား ပြိုကျစေခဲ့သည့် အချက်ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်တွင် လွှတ်တင်ခဲ့သည့် နာဆာ၏ အာကာသလွန်းပျံယာဉ်နှင့် ၂၀၀၆-၂၀၁၁ ခုနှစ်မှ လွှတ်တင်ခဲ့သည့် ဂျပန်နိုင်ငံ၏ အဆင့်မြင့် လေ့လာရေးဂြိုဟ်တု၏ ဒစ်ဂျစ်တယ်အချက်အလက်များအရ တွေ့ရှိခဲ့သော မြေစာပုံများသည် ကျောက်စိမ်းတွင်းများ နှင့် အလွန်မနီးကပ်သင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ကျောက်စိမ်းလောက ပြုပြင်ပြောင်းလဲရေးများ အလှမ်းဝေးနေဆဲ
======================================
ကချင်ပြည်နယ် ဖားကန့်တွင် စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့များ ကျင့်သုံးနေသည့် ကျောက်စိမ်းကဏ္ဍအပေါ် ထိန်းချုပ်မှုများသည် ဥပဒေကင်းမဲ့ပြီး သတ္တုတွင်းများအနီး နေထိုင် လုပ်ကိုင်သူများအတွက် အန္တရာယ်ဖြစ်ပွားနိုင်ခြေ မြင့်မားသော ပတ်ဝန်းကျင်တစ်ရပ်ကို ပေါ်ပေါက် လာစေခဲ့သည် ဟု Global Witness အဖွဲ့၏ ‘ကျောက်စိမ်းနှင့် ပဋိပက္ခ၊ မြန်မာ့အဆိုးသံသရာ’ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
အဆိုပါ အခြေအနေများသည် ကချင်ပြည်နယ် မြေပြင်နဲ့ ရေပြင်တို့ကို အကြီး အကျယ် ပျက်စီးစေခြင်း (သို့) ထာဝရ ထိခိုက် ပျက်ဆီးစေခြင်း တို့ကိုလည်း ဖြစ်စေခဲ့သည် ဟု ဖော်ပြထားသည်။
၂၀၁၆ တွင် စတင်ခဲ့သည့် NLD အစိုးရ၏ ကျောက်စိမ်းတူးခွင့် လိုင်စင်သက် တမ်း ရပ်ဆိုင်းမှုကြောင့် မြေပြင်တွင် အချိန်တိုအတွင်း ကျောက်စိမ်း အများအပြား တူးဖော်နိုင်ရန် ကြိုးစားလာခြင်းများက ကျောက်တူးသမားများ၏ ဘဝ ကို အန္တရယ်တွင်းထဲသို့ ပို့ဆောင်စေခဲ့သည်။
ကုမ္ပဏီများသည် လိုင်စင်သက်တမ်း မကုန်မှီ နေ့ရော ညပါ တူးဖော်လာကြခြင်းကြောင့်၊ တူးဖော်ရာမှ ထွက်ရှိလာသည့် မြေစာများကို စနစ်တကျပင် စွန့်ပစ်ကြခြင်း မရှိတော့ပဲ၊ လုပ်ကွက်အနီးတွင်ပင် အဆင်ပြေသလို စွန့်ပစ်ကြတော့သည်။ ထိုသည်ပင်လျှင် ကြီးမားသောမြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။
NLD ၏ သယံဇာတ ပြုပြင်ပြောင်းလဲရေး အစီအစဉ် မအောင်မြင်ခြင်းကလည်း အဆိုပါ အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်။
Global Witness အဖွဲ့ကြီးက ဆက်လက်ဖော်ပြရာတွင် ဝ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော်နဲ့ ဆက်စပ်နေသော မြန်မာတကောင်းကုမ္ပဏီအပါအဝင် ကျောက်စိမ်းကုမ္ပဏီများ၏ အန္တရာယ်ဖြစ်လောက်သည့် မြန်နှုန်းဖြင့် တူးဖော်ခဲ့မှုများကြောင့်၊ ဆယ်စုနှစ်တစ်ခုအတွင်း ဖားကန့်မြို့နယ် ဝှေခါ (ဂွီခါဟုလည်း ခေါ်သော) ကျေးရွာအနီး လုပ်ကွက်သည် သစ်တောဖုံးလွှမ်းတဲ့ တောင်တစ်ခုကနေ မြေပြိုမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဧရာမတွင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည် ဟု ဖော်ပြထားသည်။
အဆိုပါ အခြေအနေများကပင် လူပေါင်း ၂၀၀ ကျော်ကို သေဆုံးစေခဲ့သော မြန်မာ့အကြီးဆုံး မြေပြိုမှုကို ဖြစ်စေခဲ့သည်။ မိုးရာသီစတင်လာမှုနဲ့ အတူ နယ်မြေအတွင်းရှိ တူးဖော်မှုတွေကို ရပ်ဆိုင်းခဲ့သော်လည်း၊ ထိုစဉ်က ဖားကန့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ ဖော်ပြချက်အရ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထံ အခကြေးငွေ ပေးအပ်ခြင်းဖြင့် တစ်ဦးချင်း တူးဖော်သူ ရာပေါင်းများစွာကို တူးဖော်ခွင့် ရရှိစေခဲ့သည် ဟု ပါရှိသည်။
အဆိုပါ မြေပြိုမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က အလုပ်လက်မဲ့ဖြစ်ပွားမှုကို အလျင်အမြန် အပြစ်တင်ခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဖြစ်သူ ဦးအုန်းဝင်းကမူ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည် ဟု သတိပေးထားသည့်ကြားက ကျောက်ရှာဖွေနေကြတဲ့ ရေမဆေး ကျောက်သမားများ၏ လောဘကြောင့် ဖြစ်သည် ဟု အပြစ်တင်ခဲ့သည်။
အစိုးရက အဆိုပါဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ရန်အတွက် ကော်မတီတစ်ခုကို ခန့်အပ်ခဲ့သော်လည်း၊ စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမိတက် (MEHL) တွင် တစ်ဦးချင်းရှယ်ယာပိုင်ဆိုင်မှု အများဆုံးပုဂ္ဂိုလ်တွေများထဲမှ တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ကော်မတီတွင် ထည့်သွင်းခဲ့သည့်အတွက် ကော်မရှင်အပေါ် ယုံကြည်နိုင်မှုအား ကြီးမားစွာ ထိခိုက်စေခဲ့သည်။
အဆိုပါ အဖြစ်အပျက်များသည် ကျောက်စိမ်း ကျောက်မျက်နှင့် ပတ်သက်သည့် စည်းမျဉ်းဥပဒေများ လျော့ရဲခြင်း၊ သက်ဆိုင်ရာ အစိုးရ၏ ကြီးကြပ် အရေးယူနိုင်မှု မရှိခြင်း၊ အချိန်တိုအတွင်း ကျောက်စိမ်း အများအပြား ရရှိရန်အတွက် မဆင်မခြင် တူးဖော်ခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် အန္တရာယ်သက်ရောက်မှုများအကြောင်းကို ဖော်ပြနေသည်။
ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီများသည် လိုင်စင်သက်တမ်းကုန်သွားသည်နှင့် တပြိုင်နက် ၎င်းတို့၏ ဧရာမတွင်းကြီးများကို အလွယ်တကူပင် စွန်ပစ်ခဲ့ကြပါတယ်။
တရားမဝင် စွန့်ပစ်ထားသော မြေစာများနဲ့ မုတ်သုံမိုးတို့ ပေါင်းစပ်သွားသည့်အခါ အဆိုပါတွင်းကြီးများသည် မတော်တဆဖြစ်ရပ်များ ဖြစ်ပွားမည့်အချိန်ကို စောင့်ဆိုင်းနေသော မကောင်းဆိုးဝါး များသဖွယ် ဖြစ်နေသည်။
အချုပ်အားဖြင့် ၂၀၁၆ ခုနှစ်တွင် ကျောက်စိမ်းတူးဖော်ရေးလိုင်စင် သက်တမ်းတိုးခြင်း ကို ရုတ်သိမ်းခဲ့သော်လည်း၊ ယခင်နှစ် များထက်ပင် ကျောက်စိမ်းတူးဖော်မှုများ မြင့်တက်လာခြင်းသည် NLD လက်ထက် ကျောက်စိမ်းကဏ္ဍ ပြု ပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှု မအောင်မြင်ကြောင်း ကို ရှင်းရှင် းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
အဆိုပါ အားထုတ်မှုများ မအောင်မြင်ခဲ့ရသည့် အဓိကအကြောင်းရင်းသည် ကျောက်စိမ်းလုပ်ငန်းအပေါ် ထိန်းချုပ်ထားသော စစ်တပ်နဲ့ဦးပိုင်ကဲ့သို့ အမြစ်တွယ်နေသည့် အကျိုးစီးပွားပတ်သက် ဆက်နွယ်သူများ၏ ပြင်းထန်သော ဆန့်ကျင်မှုများ ကြောင့်ဟု ဆိုလျှင် မှားမည် မဟုတ်ပေ။
ဦးပိုင် အပါအဝင် စစ်တပ်ပိုင် ကုမ္ပဏီများသည် ၄င်းတို့၏ ကျောက်စိမ်းတူးခွင့် လိုင်စင် သက်တမ်း ကုန်ဆုံးသွားသော်လည်း၊ ဥပဒေမဲ့စွာ ပြုကျင့်လျက် ကျောက်စိမ်းများကို ဆက်လက် တူးဖော်နေဆဲ ဖြစ်သည်။
ထို့အပြင် ၄င်းတို့၏ အမည်ဆိုးကို အသုံးပြုပြီး မလျော်ြသဇာဖြင့် လိုင်စင် သက်တမ်းကုန်နေသော ပုဂ္ဂလိက ကျောက်စိမ်တွင်းများတွင် ဥပဒေမဲ့ အကျိုးတူ တူးဖော်ခြင်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။
ကျောက်စိမ်းလောက အတွင်း အန္တရယ်ရှိသော အလွန်အကျွံ တူးဖော်မှုများ များပြားလာခြင်း သည် ဖားကန့်ရှိ ရေမဆေး ကျောက်တူးသမားများအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။
နေ့စားခများ ပိုမိုရရှိလာခြင်းကြောင့် အန္တရယ်များရှိသည့်ကြားက ရေမဆေး ကျောက်သမား အရေအတွက်သည် ၂၀၁၆ ခုနှစ်မှ စတင်၍ သိသိသာသာ မြင့်တက်လာခဲ့သည်။
အများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်များမှ ဖြစ်ပြီး၊ နှစ်စဥ်် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော်သော လက်လုပ်လက်စားများသည် နှစ်စဥ် ဖားကန့်သို့ လာရောက် နေထိုင် လုပ်ကိုင်ကြသည် ဟု Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အံ့အားသင့်ဖွယ်သော လုပ်သားကိန်းဂဏန်းများသည် မြန်မာနိုင်ငံ လုပ်သားထု တစ်ခုလုံး၏ ၂ ရာခိုင်နှုန်းအ ထိ ကိုယ်စားပြုကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုများကြောင့် မြေပြိုမှု များ မြင့်တက်လာခြင်းနှင့် အာဏာသိမ်းပြီးနောက်ပိုင်း ယိုယွင်းလာသော ဥပဒေစိုးမိုးရေးအခြေအနေများက ဖားကန့်ရှိ ရေမဆေးကျောက်တူးသမားများ နှင့် စားဝတ်နေရေးအရ ရောက်ရှိလာသူများအား ပိုမိုခက်ခဲသော အခြေအနေသို့ ရောက်ရှိလာစေခဲ့သည်။
အချုပ်အားဖြင့် ဖားကန့် ကျောက်စိမ်းတူးဖော်ခြင်းများမှ နိုင်ငံတော်အတွက် အကျိုးအမြတ် မဆိုသလောက်သာ ရရှိနေခြင်း၊ အရည်အသွေးမြင့် ကျောက်စိမ်းထွက်ရှိမှု၏ ၇၀ ရာခိုင်နှုန်း ကျော်ကို တရုတ်နိုင်ငံ သို့ ပို့နေသည့် တရားမဝင် မှောင်ခို စေျးကွက်ကို မထိန်းချုပ်နိုင်ခြင်း၊ စစ်တပ်ပိုင် နှင့် စစ်ဗိုလ်ချုပ်များ ပိုင်ဆိုင်သော ကုမ္ပဏီများက မာဖီးယားဂုိဏ်းဆန်ဆန် တရားမဝင်တူးဖော်နေခြင်းများကို မဟန့်တားနိုင်ခြင်း၊ စစ်တပ်အပါအဝင် လက်နက်ကိုင် ပေါင်းစုံ ကျင်လည်နေခြင်းကြောင့် လုံခြံမှုအလျင်း မရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုးရွားစွာပျက်ဆီး ဆုံးရှုံးနေခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုများ အဆမတန် မြင့်တက်နေခြင်းတို့ကြောင့် မြန်မာ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများသည် ကျိန်စာသင့်နေသည့် ဖုန်းဆိုးမြေသဖွယ် ဖြစ်နေတော့သည်။
လက်ရှိတွင် ဖားကန့်အပါအဝင် မြန်မာ့ သဘာဝသယံဇာတ တူးဖော်ရေး လုပ်ငန်းတစ်ခုလုံးသည် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီး၊ ထိရောက်သော ပြုပြင် ပြောင်းလဲမှုများ အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေသည်။
သို့သော် ထိုသို့ ပြုပြင်ပြောင်းလဲရန် ကြိုးစားသည့် မည်သည့်လုပ်ရပ်ကို မဆို မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က ငြင်းဆန် ပယ်ချ နေ သည်။
စစ်တပ်ကို မြန်မာ့ နိုင်ငံရေးမှ မဖယ်ထုတ်နိုင်မချင်း စစ်တပ်နှင့်အပေါင်းအဖော်များအနေဖြင့် တရားမဝင် ကျောက်စိမ်းတူးဖော်ခြင်းများမှ အကျိုးအမြတ်များစွာဆက်လက် ရရှိနေဦးမှာ ဖြစ်ပြီး၊ ကျောက်စိမ်းလောက အပါအဝင် သယံဇာတကဏ္ဍတစ်ခုလုံးသည် အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှုနှင့် ပဋိပက္ခများနှင့် ပြည့်နှက်နေသော ဒုစရိုက်မြေ အဖြစ် ဆက်လက် ရှိနေဦးမည်မှာ မလွဲဧကန် ပင် ဖြစ်သည်။
News Source- Nature/ Global Witness