ဗဟုသုတ

ဆယ်ကျော်သက်အရွယ်သင့်ကလေးက ရည်းစားထားတတ်နေပြီဆိုရင် ဒီအချက် (၇) ခုကို ပြောပြပါ

ဆယ်ကျော်သက်အရွယ်က အရမ်းကို စိတ်လှုပ်ရှားတတ်တဲ့ အရွယ်ပါပဲ။ ဆယ်ကျော်သက်အရွယ် ကလေးတွေ ရည်းစားထားပြီဆိုရင် တချို့မိဘတွေက အရမ်းကို စိတ်ပူသွားကြပါတယ်။ အဲဒီအခါတွေက စိတ်ပူလွန်ပြီး သားသမီးတွေကို ရိုက်နှက်ဆုံးမတာတွေ၊ ပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်တာတွေ စတဲ့ ပြင်းထန်တင်းကြပ်တဲ့ စည်းကမ်းတွေကို ပြုလုပ်တတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ် သင့်ကလေးက ရည်းစားထားတတ်နေပြီဆိုရင် လမ်းလည်းမလွဲသွားအောင်၊ စိတ်လည်းမပူရအောင် ဒီလို အချက်လေးတွေကို ပြုလုပ်ပေးပါနော်။

၁။ သင့်ကလေးရဲ့အဖော်နဲ့ ခင်မင်အောင်မိတ်ဖွဲ့ပါ။

ဆယ်ကျော်သက်အရွယ် သင့်ကလေးက ရည်းစားထားနေပြီ ဆိုတာကို သိတာနဲ့ ချက်ချင်းဖြတ်လို့ ပြောမယ့်အစား သူသဘောကျနေသူနဲ့ ခင်မင်ရင်းနှီးအောင် လုပ်ပါ။ အဲဒီအခါ သင့်ကလေးက ဘယ်လိုလူမျိုးနဲ့ တွဲနေလဲဆိုတာကို အကဲခတ် ကြည့်နိုင်ပါတယ်။ အဲဒါကြောင့် ထမင်းစားဖိတ်တဲ့နည်း၊ အိမ်အလည်ခေါ်တဲ့နည်းနဲ့ မိတ်ဖွဲ့လို့ရနိုင်ပါတယ်။

၂။ သင့်ကလေးရဲ့ ခံစားချက်တွေကို အလေးထားပါ။

ဆယ်ကျော်သက်အရွယ်မှာ ခံစားရတဲ့ ခံစားချက်တွေက မိဘတွေအတွက်တော့ အသေးအမွှား ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သင့်ကလေးအတွက်တော့ အခုမှ စတင်ခံစားဖူးတာဖြစ်လို့ သူ့အတွက်တော့ အတွေ့အကြုံအသစ်ပါပဲ။ အဲဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ခံစားချက်တွေကို ပျက်ရယ်မပြုဘဲ အချစ်၊ ပျော်ရွှင်မှု၊ နာကျင်မှု၊ နာကျင်မှုကို ပြေပျောက်စေမယ့်နည်းတွေကို နွေးနွေးထွေးထွေး ရှင်းပြပေးပါ။

၃။ အလွန်တင်းကျပ်တဲ့ စည်းကမ်းတွေကို ရှောင်ပါ။

အရမ်းကို ထိန်းချုပ်လွန်တဲ့အခါ ကလေးတွေက လွတ်လပ်ခွင့်ရတာနဲ့ လွတ်ထွက်သွားတတ်ကြပါတယ်။ ဆယ်ကျော်သက်တွေအတွက် နည်းပေးလမ်းပြမှုတွေ လိုအပ်တယ်ဆိုပေမယ့် ဆုံးဖြတ်ချက်တချို့ကို သူတို့ကိုယ်တိုင် ချမှတ်တတ်နေပါပြီ။ ကလေးတွေကို ရှင်းပြခွင့်မပေးဘဲ မသွားရဘူး၊ မလုပ်ရဘူးလို့ ပြောလိုက်တာက အခြေအနေကို ပိုဆိုးသွားစေပါတယ်။

၄။ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးပါ။

သင့်ကလေးကို အစိုးရိမ်လွန်ပြီး ဖုန်းဘယ်သူနဲ့ပြောနေတာလဲ၊ ဘယ်သူနဲ့ စာပို့နေတာလဲလို့ နေရာတကာ လိုက်မေးတာက သင်နဲ့ကလေးအကြားက ဆက်ဆံရေးကို ထိခိုက်စေပါတယ်။ အရမ်းချုပ်ခြယ်တဲ့အခါ သင့်ကလေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလည်း နည်းသွားမှာပါ။ ဆယ်ကျော်သက်အရွယ်တွေမှာ ဖြစ်တတ်တဲ့ စိတ်အပြောင်းအလဲကို နားလည်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံပေးရင် သင့်ကလေးက ဘာပဲလုပ်လုပ် မေးစရာမလိုအောင် အသိပေးမှာပါ။

၅။ တစ်ဖက်သားအပေါ် လေးစားမှုရှိစေဖို့ သင်ပေးပါ။

အပြန်အလှန်လေးစားမှု ဆိုတာက ဘယ်ဆက်ဆံရေးမှာပဲဖြစ်ဖြစ် မရှိမဖြစ် လိုအပ်တဲ့အရာပါပဲ။ အဲဒါကြောင့် သင့်ရဲ့ဆယ်ကျော်သက်အရွယ် ကလေးကို သူသဘောကျနေသူအပေါ် အပြန်အလှန် လေးစားမှုထားတတ်ဖို့ လမ်းညွှန်းပေးနိုင်ပါတယ်။ တစ်ဖက်က သင့်ကလေးကို ငြင်းလိုက်တဲ့အခါမှာလည်း ဘယ်လိုစည်းတွေ ထားသင့်ကြောင်း၊ တစ်ဖက်သားဆုံးဖြတ်ချက်ကို အလေးထားသင့်ကြောင်း ပြောပြထားသင့်ပါတယ်။

၆။ ပေါ့ပေါ့ပါးပါး ပြောဆိုပါ။

သင့်ကလေးက သင့်အပေါ် လေးစားအားကိုးတဲ့အနေနဲ့ ပြောပြစရာတွေ၊ တိုင်ပင်စရာတွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ သင့်ကလေးက သင့်အပေါ် တိုင်ပင်တဲ့အခါ နားမထောင်ချင်တဲ့ပုံစံ၊ ငြီးငွေ့တဲ့ပုံစံ၊ စိတ်မဝင်စားတဲ့ပုံစံ ဖြစ်နေမယ်ဆိုရင် သူ့အတွက် စိတ်ပျက်အားငယ် သွားပါလိမ့်မယ်။

၇။ ယုံကြည်မှုပေးပါ။

သူတို့ကိုယ်တိုင် တွေးခေါ်စဉ်းစားတတ်အောင် သင့်ကလေးကို ယုံကြည်မှုပေးပါ။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေကို တာဝန်ခံတတ်အောင်၊ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်ချတတ်အောင် သင်ကြားပေးပါ။ အဲဒီအခါ ဆယ်ကျော်သက်အရွယ် သင့်ကလေးက သင့်ကို မေးခွန်းတွေ ခဏခဏ မေးလာပါလိမ့်မယ်။

Zombie (lovemedia)