ကလေးတွေအတွက် ယုံကြည်မှုရှိရှိ ကြီးပြင်းလာစေဖို့က မိဘတိုင်းရဲ့ဆန္ဒပါပဲ။ ဒါပေမယ့် တစ်ခါတရံမှာ မိဘတွေရဲ့ အပြုအမူအချို့ကြောင့် ကလေးတွေမှာ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ရှာမတွေ့နိုင်ကြတော့ပါဘူး။
အဲဒါကြောင့် ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမပျက်စေဘဲ ဘယ်လိုဆုံးမနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သူတို့ရဲ့အကြောင်းပြချက်တွေကို နားထောင်ပေးပါ။
ကလေးတွေကို “ဘာမှလာမပြောနဲ့” ဆိုတဲ့စကားနဲ့ စတင်ဆူလိုက်တာက သူတို့ရှင်းပြချင်တဲ့အကြောင်းအရာတွေကို ပိတ်ပင်လိုက်သလိုပါပဲ။ ကလေးတွေကို သူတို့ရဲ့အမှားကို သေချာရှင်းပြပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို သတိပေးလိုက်တာက နောက်ထပ်အမှားတွေကို မလုပ်မိအောင် ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။
၂။ အားပေးပါ။
အမှားတစ်ခုလုပ်ပြီးတဲ့အခါ အရှေ့ကလုပ်ခဲ့တဲ့ အမှားတွေကိုပါ ထည့်ပေါင်းပြီး ဆူတာက ဘာမှအကျိုးရှိတဲ့အရာမဟုတ်ပါဘူး။ အဲဒါကြောင့် ကလေးတွေ အမှားလုပ်ပြီးတဲ့အခါ ရှေ့ဆက်ပြီး ဘယ်လိုပြုမူနေထိုင်သင့်ကြောင်း လမ်းကြောင်းပေးတာက ကလေးတွေအတွက် အကူအညီဖြစ်စေပါတယ်။
၃။ ပြဿနာကို ဖြေရှင်းတတ်အောင် သင်ပေးပါ။
သင့်ကလေးမှာ ပြဿနာတွေ ရှိလာတဲ့အခါ သူကိုယ်တိုင်ဖြေရှင်းနိုင်ရင် စိတ်ရှည်လက်ရှည်လမ်းညွှန်ပေးပါ။ ကလေးကိုယ်တိုင် ဖြေရှင်းနိုင်လို့ အောင်မြင်သွားတဲ့အခါ ချီးကျူးပေးပါ။ အဲဒီအခါ သင့်ကလေးမှာ ကိုယ့်အားကိုယ်ကိုးတတ်တဲ့အကျင့် ရရှိသွားပြီး နောက်ဖြစ်လာမယ့်ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို နားလည်သွားပါတယ်။
၄။ အားတက်စေမယ့် စကားလုံးတွေကို သုံးနှုန်းပါ။
“အရမ်းဆိုးတဲ့ ကလေးပဲ”၊ “ဘာမှ အသုံးမကျတဲ့ကလေး” ဆိုပြီး ကလေးတွေကို ဆူပြောတဲ့အခါ သူတို့ကိုယ်သူတို့ အဲဒီလိုပဲ ထင်သွားတတ်ကြပါတယ်။ အဲဒီကနေ ကလေးတွေက လိမ္မာချင်စိတ်တွေပါ ပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းသွားတတ်ကြပါတယ်။
“လိမ္မာတဲ့ကလေးတွေလည်း အမှားနဲ့မကင်းနိုင်ဘူး၊ အမှားတွေကို လုပ်တတ်တယ်” ဆိုတဲ့စကားတွေက ကလေးတွေကို ပိုမိုအားတက်ပြီး လိမ္မာချင်စိတ်တွေ ပိုဖြစ်စေပါတယ်။
၅။ ကလေးတွေ ပြောတာကို နားထောင်ပေးပါ။
ကလေးတွေမှာ အချင်းချင်း မနာလိုစိတ်လည်း ရှိကြပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် အမှားတွေ ပြုလုပ်မိတဲ့အခါ ကလေးတွေ ပြောမယ့်စကားကို အချိန်ပေးနားထောင်ပေးသင့်ပါတယ်။ ကလေးတွေရင်ဖွင့်တာကို နားထောင်ပေးတာက သူတို့ကို ဂရုစိုက်နည်းတစ်မျိုးပါပဲ။
၆။ ညီတူညီမျှဆက်ဆံပါ။
ကလေးတွေကို အပြစ်ပေးမယ့်အစား စည်းကမ်းလိုက်နာတတ်အောင် သင်ကြားပေးတာက ပိုပြီး အကျိုးရှိပါတယ်။ သူတို့ရဲ့လုပ်ရပ်အပေါ်မှာ တာဝန်ယူတတ်အောင်၊ ပိုပြီးကြိုးစားတတ်အောင် လမ်းညွှန်ပေးပါ။ အမှားလုပ်ထားတဲ့ ကလေးအချင်းချင်းကို ခွဲခြားပြီး တစ်ယောက်တည်းကို ဆူတာက ကလေးကို ပိုအားငယ်စေမှာပါ။
၇။ ကြမ်းတမ်းတဲ့ စကားလုံးတွေကို မသုံးသင့်ပါဘူး။
ကလေးတွေကို အော်ဟစ်ပြောဆိုတာက သူတို့ရဲ့စိတ်ထဲမှာ မလုံခြုံမှုကို ခံစားရစေပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံခံရတဲ့ကလေးတွေမှာ ဒေါသအလျောက် ပြုမူတတ်တဲ့အကျင့်တွေ ရသွားတတ်ပါတယ်။ ဒါ့အပြင် သင့်ကလေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အားနည်းသွားမှာပါ။
၈။ လူအများရှိတဲ့နေရာတွေမှာ အပြစ်မပေးသင့်ပါဘူး။
ကလေးတွေကိုအပြစ်ပေးမယ်ဆိုရင် အိမ်မှာပဲ အပြစ်ပေးသင့်ပါတယ်။ လူအများကြားမှာ ကလေးကို ဆူပြောတာ၊ အပြစ်ပေးတာက ကလေးအတွက် ရှက်ရွံ့မှုကို ရစေပြီး အသက်ကြီးတဲ့အထိ လူအများကြားထဲ သွားရမှာကို ကြောက်သွားတတ်ပါတယ်။
၉။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါ။
သင့်ကလေးက အရင်ကနေ မတူဘဲ ပြောရဆိုရလွယ်ကူလာရင်၊ စကားနားထောင်လာရင် ချီးကျူးပေးသင့်ပါတယ်။ ချီးကျူးပေးတာက ကလေးတွေအပေါ်မှာ မိဘတွေရဲ့ချစ်ခြင်းမေတ္တာကို ပြသနည်းတစ်မျိုးပါပဲ။
Zombie (lovemedia)