ၾကားသိရသမွ်

အစေခံ ခံတပ်နဲ့အစေခံ ခံတပ်မှာရှိတဲ့အုတ်ဂူ (၃)လုံးအကြောင်းပြောပြချင်ပါတယ်…

စစ်ကိုင်းမြို့မှာနေခဲ့တုန်းကရောက်ခဲ့ဖူးတဲ့အစေခံခံတပ်းနဲ့အစေခံခံတပ်မှာရှိတဲ့အုတ်ဂူ (၃)လုံးအကြောင်းပြောပြချင်ပါတယ်။

စစ်ကိုင်းခံတပ်ခေါ်အစေခံခံတပ်ဟာစစ်ကိုင်းမြို့ရဲ့အနောက်တောင်ဖက်ဧရာဝတီမြစ်ကမ်းဘေးမှာရှိပါတယ်။

အစေခံခံတပ်ကိုမင်းတုန်းမင်းလက်ထက်(၁၈၇၅)ခုနှစ်အီတလီအင်ဂျင်နီယာကွန်မိုတိုပယ်ရီနှင့်မိုလီနာရီတို့ဦးဆောင်ပြီးတည်ဆောက်ခဲ့ပါတယ်။

ဧရာဝတီမြစ်ကြောင်းမှဆန်တက်လာမယ့်နယ်ချဲ့အင်္ဂလိပ်တို့အားခုခံတိုက်ခိုက်ရန်အတွက်ရတနာပုံနေပြည်တော်အနီးအင်းဝမှာဆင်ကျူံးခံတပ်၊စစ်ကိုင်းမှာအစေခံခံတပ်၊အမရပူရမှာသပြေတန်းခံတပ်ဟူ၍သုံးပွင့်ဆိုင်ခံတပ်စခန်းမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဆင်ကျုံးခံတပ်ကို ဂျာမဏီလူမျိုးစတိုစာစစ်ကိုင်းအစေခံခံတပ်ကို အီတလီလူမျိုးကွန်မိုတိုသပြေတန်းခံတပ်ကို ပြင်သစ်လူမျိုး ပါပဲနိုးတို့တည်ဆောက်ခဲ့ကြောင်းသိရပါတယ်။

ဆင်ကျုံးခံတပ်ရဲ့ကမ္ဗည်းမှတ်တမ်းမှာတည်ဆောက်သူကိုအီတလီလူမျိုး ကွန်မိုတိုလို့ရေးထိုးတာမှားနေကြောင်းကိုကို့ရဲ့အဒေါ်ဖြစ်သူယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)ဒေါ်တင်လှ(MA,MS)ပြောပြဘူးတာမှတ်သားရပါတယ်။

ရှေးဟောင်းဦးစီးဌာနရဲ့မှားယွင်းရေးထားတဲ့ကဗ္ပည်းစာကိုကျွန်မတို့အင်းဝဆင်ကျုံးခံတပ်ကိုသွားတုန်းကဖတ်ခဲ့ရပါတယ်။အခုအမှားပြင်ပြီးလားမသိပါ။

စစ်ကိုင်းမှာတုန်းကကျွန်မတို့နေတဲ့ကမ်းနားလမ်းနဲ့မလှမ်းမကမ်းမှာရှိတဲ့အစေခံခံတပ်ကိုသွားခဲ့ဖူးပါတယ်။

စစ်ကိုင်းဆရာအတတ်သင်ကျောင်းနဲ့စစ်ကိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အနောက်မှာရှိပါတယ်။

အဲဒီတုန်းကပြုပြင်ထိမ်းသိမ်းမှုအားနည်းမှုကြောင့်အမှိုက်ပုံတွေနဲ့နွားတွေလှန်ထားတာတွေ့ရလို့အနီးကပ်မကြည့်ခဲ့ရပါဘူး။

အခုတော့ထိမ်းသိမ်ထားတာတွေ့ရလို့ဝမ်းသာရပါတယ်။ဧည့်သည်တွေအလာနည်းနေတာတွေ့ရပါတယ်။စစ်ကိုင်းရောက်ရင်စစ်ကိုင်းတောင်ရိုး

ဘုရားများကိုလည်းဖူးမြော်ပါ။ထို့အတူမြန်မာတို့ရဲ့ခုခံစစ်မှာနယ်ချဲ့နဲ့ထိထိမိမိမတိုက်လိုက်ရတဲ့အစေခံခံတပ်ကိုလည်းသွားရောက်လေ့လာကြပါဦး။

အစေခံ ခံတပ်ရောက်ရင်ဧရာဝတီမြစ်ကမ်းဘေးသစ်ဆိမ့်ပင်ကြီးအောက်မှာအုတ်ဂူ(၃)လုံးကိုတွေ့ရပါလိမ့်မယ်။

အင်္ဂလိပ်-မြန်မာတတိယမြန်မာစစ်ပွဲဟာ၁၈၈၅ ခုနှစ်နိုဝင်ဘာလမှာစတင်ဖြစ်ပွားခဲ့ပြီး(၂)ပတ်အတွင်းမှာမှာရတနာပုံနေပြည်တော်ကိုသိမ်းပိုက်နိုင်ခဲ့တယ်။

သီပေါမင်းတရားကြီးနှင့်အတူမိဖုရားများ၊သမီးတော်များကိုအိန္ဒိယနိုင်ငံရတနာဂီရိမြို့ကိုပို့ဆောင်နိုင်ခဲ့တယ်။

မြန်မာတနိုင်ငံလုံးဟာသူ့ကျွန်ဘဝရောက်ခဲ့ရတယ်။လက်နက်အင်အားမမျှတဲ့မြန်မာဘုရင့်တပ်တော်ဟာတိုက်ပွဲများကိုထိထိရောက်ရောက်မတိုက်လိုက်ရဘူး။

မြင်းခြံခံတပ်နဲ့မင်းလှခံတပ်တို့ဟာတိုက်ပွဲဝင်ရင်းရှုံးနိမ့်ခဲ့ရတယ်။ဆင်ကျူံးခံတပ်၊အစေခံခံတပ်၊သပြေတန်းခံတပ်တို့ဟာတိုက်ပွဲမဝင်ရပဲအင်္ဂလိပ်တပ်ကိုမခုခံရ၊ခုခံခဲ့လျှင်သူပုန်ဆိုတဲ့နေပြည်တော်ရဲ့အမိန့်ကြောင့်လက်နက်ချခဲ့ရတယ်။

ဒါပေမယ့်အင်္ဂလိပ်တွေသိမ်းပိုက်ပြီးစခန်းချထားတဲ့အစေခံခံတပ်မှာတော့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။

(၁၈၈၆)ခုဇန္နဝါရီလမှာကျွန်းညိုမင်းသားဦးဆောင်သောမြန်မာ့မျိုးချစ်တော်လှန်ရေးသမားများကခံတပ်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတယ်။

မြန်မာ့တော်လှန်ရေးသမားများရဲ့ဓားချက်အောက်မှာSurgeon J. Heath အပါအဝင်စစ်သား(၃)ဦးကျဆုံးခဲ့ရတယ်။

မြန်မာတော်လှန်ရေးသမားများဟာခံတပ်ကိုပြန်လည်မသိမ်းပိုက်နိုင်ပေမယ့်အဂ်လိပ်စစ်တပ်ကိုတန်ပြန်တိုက်ခိုက်နိုင်ခဲ့တယ်။

မြန်မာများပြန်လည်ဆုတ်ခွာသွားပြီးနောက်အဂ်လိပ်တို့ကခံတပ်ကိုစုစည်းအင်အားဖြင့်ထိမ်းသိမ်းခဲ့တယ်။

ကျဆုံးသူစစ်သား (၃)ယောက်ရဲ့အလောင်းတွေကိုခံတပ်တစ်နေရာမှာဂူသွင်းမြှပ်နှံခဲ့ပါတယ်။

သူတို့အတွက်အထိမ်းအမှတ်အဖြစ်အမှတ်တရအနေနဲ့စိုက်ပျိုးထားတဲ့သစ်ဆိမ့်ပင်ကြီးကိုယနေ့တိုင်တွေ့မြင်ရပါတယ်။

ဧရာဝတီရဲ့လှပတဲ့နေဝင်ဆည်းဆာနဲ့အင်္ဂလိပ်စစ်သချိုင်းကတော့သမိုင်းကြောင်းကိုကောင်းကောင်းပြောပြနေပါတယ်။

အစေခံ ခံတပ်ရှိတဲ့အရပ်ကအရင်တုန်းကတော့ဘုရင့်လှေထိုးသားများ၊အစေခံများနေခဲ့လို့အစေခံရပ်လို့ဟိုးရှေးရှေးကခေါ်ခဲ့တယ်။

အစေခံရပ်ဟာဧရာဝတီမြစ်ကမ်းဘေးမှာရှိလို့အင်မတန်သာယာလှပါတယ်။

ညနေဆိုရေဆင်းချိုးအဝတ်လျှော်တဲ့သူတွေနဲ့စည်ကားလှပါတယ်။

စာရေးဆရာကြီးသိပ္ပံမောင်ဝက(၁၉၂၉)ခုအင်္ဂလန်နိုင်ငံအောက်စဖို့(ဒ်)တက္ကသိုလ်ဆင်းICSဖြစ်ပြီးနောက်နယ်ပိုင်ဝန်ထောက်အဖြစ်ပထမဆုံးစစ်ကိုင်းမှာတာဝန်ကျခဲ့ပါတယ်။

အစိုးရရဲ့တာဝန်ဝတ္တရားမျာနှင့်စိတ်ရှုပ်ထွေးနေရတဲ့ဝန်ထောက်မင်းဟာကမ်းနားလမ်းအတိုင်းလမ်းလျှောက်လာရင်းအပူအပင်ကင်းမဲ့စွာပျော်ပျော်ပါးပါးရေကူးဆော့ကစားနေကြတဲ့အစေခံရပ်ကွက်ကလူတွေကိုကြည့်ပြီးလွတ်လပ်ပေါ့ပါးမှုကိုအားကျခဲ့ရတယ်။

ဝန်ထောက်မင်းတောင်အားကျရတဲ့အရပ်ဖြစ်ပါတယ်။အစေခံရပ်ကွက်ရဲ့အခုနာမည်ကအေးမြဝတီရပ်ကွက်ဖြစ်တယ်။

စစ်ကိုင်းဝါတွင်း(၃)လနဲ့သီတင်းကျွတ်ကောင်းမှုတော်ဘုရားပွဲမှာရပ်ကွက်လိုက်ဆွမ်းတော်ကြီးအဖွဲ့တွေလှည့်လည်လာကြရင်အေးမြဝတီဆွမ်းတော်ကြီးအဖွဲ့ကိုမှီတဲ့အဖွဲ့မရှိဘူး။

အချောအလှကွမ်းတောင်ကိုင်မလေးများနဲ့ဝင်းခင်းလှည့်လည်လာရင်ငေးကြည့်နေရပါတယ်။

အစေခံ ခံတပ်ကတော့အခုစစ်ကိုင်းခံတပ်လို့အမည်တွင်နေပါပြီ။

unicode

အစေခံ ခံတပ်နဲ့အစေခံ ခံတပ်မှာရှိတဲ့အုတ်ဂူ (၃)လုံးအကြောင်းပြောပြချင်ပါတယ်…

































