အသံတိတ်သပိတ်ကို စစ်ကောင်စီက ပုဒ်မကြီးများဖြင့် အလန့်တကြားခြိမ်းခြောက်
တော်လှန်ရေး အင်အားစုများက စည်းရုံး ဆော်ဩလျက်ရှိသည့် စစ်အာဏာသိမ်း တစ်နှစ်ပြည့် အသံတိတ် သပိတ်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများဖြင့် အရေးယူမည်ဟု အလန့်တကြားခြိမ်းခြောက်နေသည်။
လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အသံတိတ် သပိတ် (Silent Strike) ဆင်နွှဲရန်
စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် အင်အားစုများ စုဖွဲ့ထားသည့် အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က ဇန်နဝါရီ ၂၂ ကတည်းက ဆော်ဩနေခြင်း ဖြစ်သည်။
စစ်တပ်လက်ချက်ဖြင့် သေဆုံးခဲ့ရသူများနှင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူများကို အောက်မေ့ ဂုဏ်ပြုသောအားဖြင့် အပြင်မသွား၊ အလုပ်မသွား၊ ဈေးမသွားဘဲ အသံတိတ်သပိတ်တွင် တစ်နိုင်ငံလုံး ပါဝင်ဆင်နွှဲရန် GSCB က တိုက်တွန်းထားသည်။
အသံတိတ် သပိတ်တွင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်းများ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇတ်သတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ – က နှင့် ၅၀၅ – က၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) တို့ဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ယမန်နေ့ ( ဇန်နဝါရီ ၂၅) တွင် သတိပေး ထုတ်ပြန်သည်။
လူထုလှုပ်ရှားမှုများ အပေါ် လွန်စွာကြောက်ရွံ့နေသည့် စစ်ကောင်စီက တစ်ခုတည်းသော နည်းလမ်းအားဖြင့် လူထုကို ခြောက်လှန့်ခြင်း၊ ဖိနှိပ်ခြင်းသာ ဖြစ်သည်ဟု
မန္တလေးမြို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒေါက်တာတေဇာဆန်းက Myanmar Now ကို ပြောသည်။
“ကြောက်တတ် လန့်တတ်ရင် ဒီတစ်နှစ်ဆိုတဲ့ တော်လှန်ရေး ခရီးတောင် ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
စစ်တပ်က အာဏာ သိမ်းခဲ့သော်လည်း ပြည်သူများကသာ အမှန်တကယ် အုပ်ချုပ်နေသည်ကို ပြသလို၍ ထိုသပိတ်တွင် လူထုပါဝင်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်ဟုလည်း ဒေါက်တာတေဇာဆန်းက ပြောသည်။
“ကိုယ့်ပြည်သူကို ကိုယ်ယုံလို့ ဒီလိုတိုက်တွန်းရခြင်း ဖြစ်တယ်ဗျ။ ဒီလိုမျိုး တစ်နိုင်ငံလုံး ပါမှ အောင်မြင်မဲ့ လှုပ်ရှားမှုဆိုတာ ပြည်သူတွေရဲ့တော်ရုံ နိုင်ငံရေး ရေချိန်၊ စိတ်ဓာတ်နဲ့ မရပါဘူး” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် မတ်လ ၂၄ နှင့် ဒီဇင်ဘာ ၁၀ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံပိတ်သပိတ်ပြုလုပ်ရာ ပြည်သူများ အပြည့်အဝပူးပေါင်း ပါဝင်ခဲ့ကြပြီး
အာဏာသိမ်းတစ်နှစ်ပြည့်တွင် ပြုလုပ်မည့် တတိယအကြိမ် သပိတ် ဆော်ဩခြင်းများကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများဖြင့် အရေးယူမည်ဟု ကြိုတင် ထုတ်ပြန်လာသည်
စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်ပုဒ်မ ၅၂ (က)၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း (နှစ် ၂၀) အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄ – က အပြင် ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့်ပါ အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
ထို့ပြင် ပြစ်မှုနှင့် ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်သည်။
သပိတ် မစခင်ကတည်းက ဖမ်းမည်ဟု ထုတ်ပြန်နေခြင်းက လူထု စုစည်းမှုအားကို ကြောက်ရွံ့ကြောင်း ပြသနေသည်ဟု မကွေးမြို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦး ဖြစ်သည့် ကိုချစ်ဝင်းမောင်က ပြောသည်။
“ကျွန်တော်တို့ လိုချင်တာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးပါ။ နောက်ဆုံး ပြည်သူက အာဏာ ပြန်ရတဲ့အထိ ကျွန်တော်တို့ ကဏ္ဍ အသီးသီးကနေ ရုန်းကြဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ကို ကြိုတင် တားဆီးမှုများလည်း ရှိနေပြီး ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့တွင် လာမည့် နှစ်ပတ်အတွင်း ဆိုင်မပိတ်ရန် ရဲနှင့် အုပ်ချုပ်ရေး ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှစ၍ လိုက်လံ ဖိအားပေးနေသည်ဟု မြို့ခံ တစ်ဦးထံမှ သိရသည်။
“အဖွဲ့ ၃ ဖွဲ့ ခွဲပြီးတော့ ရပ်စောက်မြို့မှာရှိတဲ့ ဆိုင်တန်းတွေကိုပေါ့။ ရဲပါမယ်၊ စည်ပင်ပါတယ်။ အုပ်ချုပ်ရေးမှူး ပါတယ်။ သူတို့တွေ ဆိုင်တန်းတောက်လျှောက်ကို ခံဝန် လက်မှတ် လိုက်ထိုးခိုင်းနေတယ်။ တစ်ဖွဲ့ ၈ ယောက်လောက် ပါမယ်” ဟု ထိုသူက ပြောသည်။
“လကုန် နှစ်ပတ်ကို ဆိုင်မပိတ်ဖို့ ပြောတယ်။ တချို့က ပြန်မေးတော့ နှစ်ပတ်လုံး မပိတ်ပေးပါနဲ့တဲ့။ ဘာဖြစ်လို့လဲဆိုပြီး ဆိုင်ပိုင်ရှင်တချို့ ပြန်မေးတော့ ဘာမှ မဖြစ်ပါဘူး ပြောတယ်” ဟု မျက်မြင်တွေ့ရှိသူ ထိုအမျိုးသားက ဆိုသည်။
နည်းလမ်းပေါင်းစုံဖြင့် စစ်ကောင်စီကို တော်လှန်လာသည်မှာ တစ်နှစ်ရှိပြီဖြစ်ရာ လူထု အနေဖြင့် အသံတိတ်သပိတ်ကို ပါးပါးနပ်နပ် တုံ့ပြန်ကြရန် မန္တလေး သပိတ်အင်အားစု ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ကိုသူရအောင်က တိုက်တွန်းသည်။
“ပါးနပ်မှု ရှိရှိနဲ့ စစ်ကောင်စီကို တုံ့ပြန်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဆိုင်ပိတ်မယ်ဆိုတဲ့ အကြောင်းကို လိုင်း (လူမှုကွန်ရက် စာမျက်နှာ) ပေါ် သိပ်မတင်ကြပါနဲ့ပေါ့” ဟု ၎င်းက အကြံပြုသည်။
အာဏာသိမ်းပြီး နောက်ပိုင်း လူထုအလွှာ အသီးသီးက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပုံစံမျိုးဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့သည့်နည်းတူ တစ်နိုင်ငံလုံး ပါဝင် ဆင်နွှဲသည့် နည်းလမ်းမျိုးစုံဖြင့် သပိတ်များလည်း ပေါ်ထွက်ခဲ့သည်။
အရပ်သား အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းယူပြီး တစ်နှစ်တာအတွင်း အရပ်သား ပြည်သူ ၈,၇၈၈ ဦး ဖမ်းဆီးခံရပြီး ၁၄၉၃ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
📝 Myanmar Now