ၾကားသိရသမွ်

ဘုန်းတော်ကြီးမှ ညနေနေဝင်ရီတရောအချိန် သုဿန်သို့ အသုဘရှုရန် လိုက်သွားခဲ့သောအခါ

အချိန်မတော် လာပင့်တဲ့ အသုဘ

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးရေးဝေမျှသူ နောင်ရဲ နဲ့ လက်ခ

တနေ့သော ညနေ နေဝင်ရီတရော မီးထွန်းချိန် အသက်သုံးဆယ်အရွယ် လူတစ်ယောက်နှင့် သက်ငါးဆယ်ခန့်ရှိ လူတစ်ယောက်တို့ ဘုန်းကြီးကျောင်းပေါ် တက်လာပြီး ဘုန်းတော်ကြီးအား ဝတ်ချကာ နေကြလေသည်။

ထိုအခါ ဘုန်းတော်ကြီးက ရှေ့၌ထိုင်နေသော ဒကာနှစ်ယောက်ကို အကျိုးအကြောင်းမေးလိုက်သည်။

“တကာတို့ ဘယ်အရပ်က ဘာကိစ္စနဲ့ လာခဲ့တာလဲကွဲ့” ဘုန်းကြီးမေးလိုက်သောအခါ ဒကာ နှစ်ယောက်အနက် အသက်အကြီးဆုံးလူက ဘုန်းကြီးအား လျှောက်ထားသည်။

“တပည့်တော်တို့ တရပ်တကျေးမှ ခရီးသွားများ ဖြစ်ကြပါသည် ဘုရား”

“အထက် အညာကနေ အောက်ပြည်အောက်ရွာမှာ အလုပ်အကိုင်ရှာဖွေလုပ်ကြရန် ထွက်လာခဲ့ကြခြင်း ဖြစ်ပါတယ် ဘုရား”

“တပည့်တော်တို့ မိသားစု ငါးစု လှည်းငါးစီနှင့် ခရီးထွက်လာကြရာမှ ဒီရွာမရောက်ခင်ပါလာသော ကလေးလေးတစ်ယောက် နာမကျန်းဖြစ်ပြီး ဆုံးသွားခဲ့ပါတယ်ဘုရား”

“တပည့်တော်တို့မှာလည်း အသိအကျွမ်းမရှိသည့်အတွက် ယခုညတွင်းချင်းပင် သင်္ဂြ ိုဟ်ခြင်း ကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်ချင်ပါသည်ဘုရား”

“အရှင်ဘုရား၏ ကျောင်းအနီးရှိသုဿန်မှာ ကလေးအလောင်းကိုထားရပါသည် အရှင်ဘုရား၊ အသုဘရှုကြွရောက်ပြီး တရားချီးမြင့်ပေးပါရန် လာရောက်လျှောက်ထားခြင်းဖြစ်ပါသည်ဘုရား”

ထိုသို့ အကျိုးအကြောင်းလျှော်စွာလျှောက်ထားလေသဖြင့် ဘုန်းတော်ကြီးလည်း သနားဂရုဏာဖြစ်သွားလေသည်။

“အော် ဖြစ်မှ ဖြစ်ရလေကွယ်၊ တကာကြီးတို့ဖြစ်ချင်တဲ့ ဆန္ဒပြည့်ဝအောင် ဘုန်းကြီးအခုမှပဲ လိုက်ခဲ့ပါမယ်”

ထိုကဲ့သို့ ပြောပြီး ဘုန်းတော်ကြီးလည်း သင်္ကန်းကို ပြင်ရုံ၍ ယပ်တောင်ကိုယူကာ ဘုန်းကြီးကျောင်းသားကို မနှိုးဘဲ လာပင့်သူ တကာနှစ်ယောက်နှင့်အတူ လိုက်သွားလေသည်။

ဘုန်းတော်ကြီးသည် အခြားအရပ်မှ သုဿန်ကျောင်းသို့ ကျောင်းထိုင်သည့်မှာ မကြာသေးပေ။ သုဿန်ကျောင်းဟု ခေါ်ရခြင်းမှာ သုဿန်နဲ့နီးခြင်းကြောင်းဖြစ်သည်။

တကာနှစ်ယောက်က အပူဇောဆိုက်၍ အတူပါလာသော ဘုန်းကြီးကိုပင်စောင့်မခေါ်နိုင်ပဲ ရှေ့မှ သုတ်သုတ်နှင့် ထွက်သွားကြလေသည်။ အသက်’၆၀’ကျော်ပြီဖြစ်သောဘုန်းကြီးလည်း စမ်းတဝါးဝါးနှင့် နောက်မှ လိုက်ခဲ့ရသည်။

မကြာခင် သင်္ချိုင်းအတွင်းသို့ ရောက်ခဲ့သည်။ သင်္ချိုင်းအလယ်တွင် ဇရပ်အိုတဆောင် ရှိနေသည်။ တကာနှစ်ယောက်တို့၏ ပင့်လျှောက်ချက်ကြောင့် မငြင်းဆန်ပဲ လိုက်သွားသော

ဘုန်းတော်ကြီးသည်သုဿန်သို့ ရောက်၍ ဟိုဟို သည်သည်သို့ကြည့်လိုက်ရာ လှည်းငါးစီးကို နွားမဖြုတ်ပဲ လှည်းမှာ ကောက်လျက်အတိုင်း မြင်ကြရသည်။ ဇရပ်အိုအတွင်း မိန်းမယောင်္ကျားတို့သည် ငိုလျက်ရှိနေသည်ကို တွေ့ရသည်။

သူတို့ အားလုံး၏ အလယ်တွင် အသုဘကောင်လေးကို ပုဆိုးဟောင်းတစ်ထည်ခင်းလျက် အပေါ်မှ ပုဆိုးဟောင်းတစ်ထည် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။

ဘုန်းကြီးလည်း အသုဘကောင်လေး၏ ရှေ့နားတွင် ထိုင်လိုက်ကာ “တပည့်တော်တို့မှာ ခရီးသွားများဖြစ်ပါသည်၊ သို့ကြောင့် အရှင်ဘုရားကို လှူစရာငွေကြေး ဝတ္တုအလွယ်တကူမရှိပါသဖြင့်

ဟိုမှာချည်ထားသော နွားပေါက်ကလေးကိုသာ လှူဖွယ်ဝတ္တုအဖြစ် လက်ခံတော်မူပါဘုရား” ထိုကဲ့သို့ လျှောက်ထားလျှောက်လေလျှင်

ဘုန်းတော်ကြီးကလည်း “အေး …အေး လှူလိုက်ပြီဆိုရင်လည်း တကာတို့ ကုသိုလ်ရဖို့အတွက်ဘုန်းကြီးလက်ခံရတာပေါ့”

“အရှင်ဘုရားဆီ နွားကလေးဆွဲခဲ့ရမလားဘုရား”

“အဲဒီမှာပဲ ချည်ထားလိုက်ပါ။ ဘုန်းကြီးပြန်ကြွမှ တကာတစ်ယောက်ကို ကျောင်းကိုသာ လိုက်ပို့ပေးပါ”

အသုဘကောင်လေးနှင့် ဘုန်းကြီးကြားတွင် မီးခွက်တစ်ခု ထွန်းထားသဖြင့် အားလုံးကို ထင်ရှားစွာ မြင်နေရလေသည်။

ထို့နောက် အားလုံးလှုပ်ရှားမှု မရှိတော့မှ ဘုန်းတော်ကြီးကလည်း မျက်လွှာကိုချ။ ယပ်တောင်ကို ကိုင်လျှက် “ကိုင်း…ဘုရားကိုရည်မှန်းပြီး ကန်တော့ကြ ကန်တော့ကြ…”

ဘုန်းတော်ကြီးက တရားစရန် အသုဘရှင်နှင့် ခရီးသွားများကို ယပ်တောင်ကွယ်ရင်းကန်တော့ခိုင်းလေသည်။

ဘုန်းကြီးက ထိုသို့ ကန်တော့ခိုင်းသော်လည်း ဘာသံမှ မကြားသည်နှင့် ဘုန်းတော်ကြီး၏စိတ်တွင် ဒကာ ဒကာမတွေ အသံတိုး၍ ကြားဟန်မတူဟု အတွေးဝင်ကာ အသံကိုမြင့်ပြီး…

“ကန်တော့ကြ ကန်တော့ကြ” ထပ်မံ၍ ပြောပြန်ပြန်လေသည်။ သို့သော် လှုပ်ရှားမှု မကြားရ။ ငြိမ်ချက်သား ကောင်းနေသည်။

ထိုအခါ ဘုန်းတော်ကြီးမှာ ကြက်သီးတဖြန်းဖြန်းထပြီး ခေါင်းနဘမ်းကြီး၍ လာသည်နှင့် ဟိုဟိုသည်သည် ကြည့်လိုက်သောအခါ မီးခွက်နှင့် အသေကောင်လေးမှတပါး…

လှည်းငါးစီးနှင့် လူဟူ၍ တစ်ယောက်မှ မရှိတော့သည်ကို တွေ့လိုက်ရသည်။ “ဟာ ဘယ်လို ဖြစ်တာလဲ” ထိုမျှသာ ပြောပြီး ယပ်ကိုဆွဲကာ ဇရပ်ကြီးပေါ်မှ ကသောကမျော ကျောင်းသို့ ပြေးလွှာခဲ့လေတော့သည်။

အသက်ကြီးပေမယ့် ကြောက်အားလန့်အား ပြေးလာသော ဘုန်းတော်ကြီးသည် ကျောင်းသို့ ရောက်သောအခါ မျက်စိများ ပြာလာအောင်မောပန်းနေသဖြင့် ကျောင်းတိုင်ကိုမှီကာ ခဏမျှ အမောဖြေနေလိုက်သည်။

အမောပြေမှ ဘုန်းကြီးကျောင်းသားကို နှိုးခေါ်လိုက်ကာ ရေခပ်ခိုင်းပြီး ရေသောက်ရသည်။

တော်တော်လေးကြာ အမောပြေမှ မိမိလက်တွင် စွဲမြဲစွာ ကိုင်ထားသော ယပ်တောင်ကို မြင်လိုက်ရာ ယပ်တောင်မှာ အရွက်မရှိတော့ပဲ အရိုးများသာ ရှိနေသည်ကို တွေ့ရသည်။

တစ်ညလုံး ထိုအဖြစ်ကို တွေးလိုက်မိတိုင်း ထိတ်လန့်ချောက်ချားနေမိသည်။ ဘုန်းတော်ကြီးဖြစ်သော်လည်း တရားရ။ တရားပေါက်နေသည့် ကိုယ်တော်မဟုတ်သေးသဖြင့် ကြောက်စရာရှိလျှင် ကြောက်မိသည်။

အရုဏ်ကျင်း၍ အလင်းသို့ရောက်လာအခါ ညက လှူခဲ့သော နွားကလေးကို သတိရသည်နှင့် စိတ်ကလည်း မကျေမနပ်ဖြစ်လာသည့်အတွက် သုဿန် သို့ သွားရောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့ကြောင့် တစ်ပါးတည်း သုဿန်သို့ထွက်ခဲ့သည်။ သုဿန်သို့သွားရာ လမ်းတစ်လျှောက်တွင် ယပ်တောင်နှင့် သစ်ပင်တို့ ငြိရာ စုတ်ပြတ်ကျန်ခဲ့သော ယပ်တောင်မှ အရွက်များကို တွေ့ရသဖြင့် ပြုံးလိုက်မိသည်။

သုဿန်အတွင်းသို့ ရောက်သောအခါ သစ်ပင်မှာ ချည်ထားသည်ဆိုသော နွားလေးကိုကြည့်လိုက်သည်။

နွားပေါက်လေးကို မတွေ့ရဘဲ ထန်းလက်ဖက်အကြောနှင့် ထိုးထားသော နွားရုပ်ခလေးကို နွယ်ကြိုးနှင့် သစ်ပင်မှာ ချည်ထားသည်ကိုတွေ့ရသည်။

အသုဘကောင်လေးနေရာ၌ ပုတ်သင်ညိုလေးတစ်ကောင် ဖြစ်နေသည်ကို တွေ့ရသည်။

မီးခွက်ထွန်းသော နေရာမှ ပိုးစိမ်းဖြူအသေကောင်လေး ကပ်ထားသည်ကို တွေ့လိုက်သည်။

သို့ကြောင့် ဘုန်းကြီးလည်း အရာရာကို ကြည့်ပြီး ကောက်ချက်ချလိုက်လေသည်။ “အင်း…ညကဟာတွေက လက်စသတ်တော့ ကျတ်တွေပဲ”

“နောက်ကို အချိန်မတော် လာပင့်ရန် ဘယ်လောက်အရေးကြီးကြီး မလိုက်တော့ဘူး” ဟု သံဓိဋ္ဌာန်ချပြီး ကျောင်းသို့ ပြန်ကြွလာခဲ့တော့သည်။

ပြီးပါပြီ