ၾကားသိရသမွ်

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များ၏ နောက်ကွယ်က အထူးအစားအစာများ

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များ၏

နောက်ကွယ်က အထူးအစားအစာများ

ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်အချို့၏ ညပိုင်းအချိန်များတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားများဖြင့် စည်ကားလေ့ ရှိတတ်ပြီး အထူးခန်းဟုခေါ် သော စားသောက်ဆိုင် အတွင်းဘက်ရှိ အခန်းငယ်လေးများတွင် အထူးဟင်းလျာနံ့များနှင့် ထုံမွမ်း သင်းကြိုင်နေလေ့ ရှိသည်။

အထူးဟင်းလျာများကို ဆိုင် မီနူးစာအုပ်တွင် တွေ့ရမည်မဟုတ်ဘဲ ဆိုင်တွင် အမြဲစားသုံးသော စားသုံးသူ၏ ထောက်ခံချက်ဖြင့်သာ အာရှသား ဧည့်သည်အချို့အတွက် ချက်ပြုတ်ပေးထားခြင်း ဖြစ်သည်။

အဆိပ်ပြင်းလွန်းသော မြွေဟောက်၊ မြွေပွေး၊ တောငှက်၊ လိပ်ဟင်းနှင့် အခြားတောတွင်း တိရစ္ဆာန်သားကောင် ဟင်းလျာများကို ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ သိုသိုသိပ်သိပ် ရောင်းချပေးနေသည်။

မြွေ၊ တောငှက်၊ လိပ်၊ မျောက်၊ ဝက်ဝံ၊ သင်းခွေချပ် စသည့် တားမြစ်ထားသော တောတွင်းတိရစ္ဆာန်များကို စားသုံးလိုသူက ကြိုတင်မှာယူရသည့် စနစ်ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်ဈေးကွက်က ယနေ့ အချိန်အထိ အားကောင်းနေဆဲ ဖြစ်ပါသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာ သိမ်ကြီးဈေး(C) ရုံတွင်မြွေမျိုးစုံ၊ လိပ်၊ ဖွတ်၊ တောကြောင်၊ သင်းခွေချပ်၊ ဝက်ဝံစသည့် တောတွင်းတိရစ္ဆာန်အစုံကို သံလှောင်ချိုင့်များတွင် ထည့်သွင်း ပြသထားကာ စားသောက်လိုသူက လက်ညှိုးထိုး မှာယူနိုင်သည့် စားသောက်ဆိုင်ကြီးတစ်ခု ရှိခဲ့ဖူးပြီး လွန်ခဲ့သော ခုနစ်နှစ်ခန့်က ပိတ်သိမ်းခဲ့ရသည်။

စားသောက်စားပွဲဝိုင်း အလယ်တွင် မျောက်အရှင်၏ ဦးခေါင်းကို ဖော်ထားပြီး စားသောက်သူများက မျောက်ဦးနှောက်ကို ဇွန်းဖြင့် ခပ်ယူ စားသောက်လို့ရအောင် စီစဉ်ပေးနိုင်မှုကြောင့် ယင်းဆိုင်က နာမည်ကြီးခဲ့သည်။

ယင်းဆိုင်တွင် တောတွင်း တိရစ္ဆာန်များကို ရောင်းချခြင်း မရှိတော့သော်လည်း သိမ်ကြီးဈေး အနီးတစ်ဝိုက်ရှိ တရုတ်စားသောက်ဆိုင် အချို့မှာ ယနေ့အထိ တောတွင်း တိရစ္ဆာန်သားများကို ရောင်းချနေဆဲဖြစ်သည်ဟု ဆိုသည်။

လှည်းကူးမြို့နယ်တွင် တောတွင်းတိရစ္ဆာန်များကို သံလှောင်ချိုင့်များဖြင့် လှောင်ထားသည့် အိမ်ကြီးတစ်ခု ရှိပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များက သွားရောက် ဝယ်ယူခြင်းများ ယခင်က ရှိခဲ့ကြောင်း သိမ်ကြီးဈေးတစ်ဝိုက်ရှိ စားသောက်ဆိုင်များမှ စုံစမ်း သိရသည်။

‘‘သူဌေးက မန်နေဂျာတွေနဲ့ အကြော်ဆရာနဲ့သွားတာ။ အိမ်က အကြီးကြီးပဲ။ အကောင် အရှင်ဆို အရှင်၊ အသေဆို အသေဈေး ရှိတယ်’’ ဟု အကြော်ဆရာတစ်ဦးက ဆိုသည်။

တောကောင်သား ရောင်းချသည့်ဆိုင်များသည့် တိရစ္ဆာန်များကို သံလှောင်ချိုင့်ဖြင့် သိုလှောင်ခြင်း မပြုတော့ဘဲ စားသောက်လိုသူက တယ်လီဖုန်းဖြင့် ကြိုတင်မှာကြားသည်ကို စီစဉ်ပေးခြင်း ဖြစ်သည်။

မြွေဟင်း အပါအဝင် တောတွင်းတိရစ္ဆာန်များကို စားသောက်သူ အော်ဒါ ရှိပါက တောကောင် ပို့ဆောင်သူများက ဆိုင်သို့ လာပို့ပြီးနောက် စားဖိုမှူးက လက်စဖျောက်၍ သားကောင်များကို ချက်ပြုတ် ရောင်းဝယ်နေကြခြင်း ဖြစ်သည်။

ဗီယက်နမ်ဟိုတယ်ဟု လူသိများသော လမ်းမတော်ရှိ မစ္စတာလီဟိုတယ်တွင် ၅၅ ဒေါ်လာတန် မြွေဟောက်ဟင်းပွဲများ ရောင်းချနေသည်ဟု လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီး ဆိုင်ရှင်က မြွေဟင်း မရောင်းချကြောင်း ငြင်းဆိုခဲ့သည်။

ဗဟန်းမြို့နယ်အတွင်းရှိ ဗီယက်နမ်စားသောက်ဆိုင် တစ်ခုတွင်လည်း မြွေဟောက်၊ လိပ်၊ တောငှက်များ စားသောက်လိုပါက ကြိုတင် မှာယူနိုင်ကြောင်း၊ မှာယူလိုပါက နိုင်ငံခြား ဧည့်သည် ၁၅ ယောက်စာထိ စီစဉ်ပေးနိုင်သည်ဟု ဆိုသည်။

တရုတ်လူမျိုးများသည် မြွေပွေးဟင်းကို ကင်ဆာရောဂါအတွက် ကောင်းသည်ဟုဆိုကာ စားသောက်ကြပြီး သွေးကင်ဆာ လူနာကို မြွေပွေးဟင်း ၁၀ ပွဲကျွေးလျှင် ရောဂါပျောက်ကင်းသည်ဟု တရုတ်လူမျိုးများက ယုံကြည်ကြကာ ဗီယက်နမ် လူမျိုးများက မြွေဟောက်ဟင်းကို ပိုမို နှစ်သက်ကြ သည်။

သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတစ်ဦးက ‘‘တောကောင်သားတွေ ရောင်းတာက သတ္တဝါ အမျိုးအစားပေါ် မူတည်ပြီး ပြစ်ဒဏ်ကွာသွားတယ်။

တောရိုင်းတိရစ္ဆာန်တွေကို လုံးဝ ကာကွယ်တာရယ်၊ ရာသီအလိုက် ကာကွယ်တာရယ်၊ သာမန်အလိုက် ကာကွယ်တာရယ် ရှိတယ်။ ဒါက မြို့မှာ စည်ပင်တို့၊ ထွေအုပ်တို့က မရောင်းဖို့ တားမြစ်ပေးရ မယ်။ တောရိုင်းတိရစ္ဆာန်ကို တ ရုတ်ဆိုင်တွေက ရောင်းတာ များ တယ်။ သူတို့ပဲ စားတယ်။

ဒါတွေ ရောင်းချခြင်းက တရားမဝင်ဘူး’’ ဟု ဆိုသည်။ ‘‘တောက လူတွေကတော့ ပိုက်ဆံရတော့ ရောင်းတာ ပေါ့။ တကယ်လည်း ဖမ်းရော သူပဲ အဖမ်းခံရတယ်။ အများပြည်သူတွေနဲ့လည်း သက်ဆိုင်တယ်။ ဒီလိုမျိုးရောင်းချရင် သတင်းပေးသင့်တယ်။

သားငှက်ထိန်းသိမ်းရေး ဌာနကလည်း နေရာတိုင်းမှာ ဌာနမရှိဘူး ဆိုတော့ လိုက်မစစ်နိုင်ဘူး။ သတင်းရလို့ သွားစစ်တော့ ပိတ်တာ၊ ရှောင်နေတာတွေ ဖြစ်နေတယ်’’ ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က လသာလမ်းရှိ တိုက်အပေါ်ထပ်တွင် ဖွင့်လှစ်ထားသော တောတွင်း တိရစ္ဆာန်သား ဟင်းလျာများ ရောင်းချသည့်ဆိုင်သို့ တရုတ်ပြည်မမှ လာရောက်သော တရုတ်လူမျိုးများကို ပို့ဆောင်ပေးခဲ့ရကြောင်း တရုတ်ဧည့်လမ်းညွှန် တစ်ဦးက ဆိုသည်။

ယင်းဆိုင် ရှိသည့်နေရာသည် လသာရဲစခန်းနှင့် နီးပြီး လသာမြို့နယ်တွင် တောတွင်းတိရစ္ဆာန် ရောင်းချမှုနှင့် ပတ်သက်၍ ရောင်းသည့်ဆိုင် မရှိသလို ဖမ်းဆီး အရေးယူမှု မရှိခဲ့ကြောင်း လသာမြို့နယ် ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောသည်။

‘‘လသာမှာ စားသောက်ဆိုင် လေးဆိုင်လောက် ရောင်းတယ်။ လသာလမ်းထောင့်က ဆိုင်က ပိတ်သွားပြီ။ ဟိုတုန်းက အကြီးအကျယ် တောကောင်တွေ ဝယ်တယ်။ ပြီးခဲ့တဲ့နှစ်က ပိတ်လိုက်တာ။ ဖွင့်တဲ့ တရုတ်က ပြည်မ ပြန်သွားပြီ’’ ဟု လသာလမ်းနေသူ တစ်ဦးက ဆိုသည်။

လမ်းမတော်နှင့် လသာမြို့ နယ်များရှိ တရုတ်လူမျိုးများ ဖွင့်လှစ်သော စားသောက်ဆိုင်များမှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဖွင့်လှစ်ထားသော ဆိုင်များဖြစ်ပြီး တောတွင်းတိရစ္ဆာန်များကို ဆက်လက် ရောင်းဝယ်နေခြင်း ဖြစ်သည်။

ရန်ကုန်တွင် ဆောက်လုပ် ရေးလုပ်ငန်း ကျွမ်းကျင်သော ဗီယက်နမ်လူမျိုးများမှာ ဟိုတယ်နှင့် ကွန်ဒိုများ ဆောက်လုပ်ရန် ရောက်ရှိနေသည့်အတွက် မြွေဈေးကွက်မှာ စိန တိုင်းသားများနှင့် အပြိုင် စားသောက်သူများ ထပ်မံ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

မြွေဟောက်ဟင်း ဈေးနှုန်းမှာ ကျပ်နှစ်သောင်းခွဲမှ ကျပ်ငါးသောင်းအထိ ဈေးကွက် ရှိနေကာ မြွေအသုပ်၊ မြွေစွပ်၊ မြွေဟင်း အစရှိသဖြင့် ကြိုက်နှစ်သက်သလို မှာယူရာကို စားဖိုမှူးက လုပ်ပေးပြီး သင်းခွေချပ် အရှင် တစ်ကောင်လျှင် ကျပ်တစ်သိန်းခွဲထိ ဈေးပေါက်ကြောင်း စုံစမ်းသိရသည်။

ပဲခူး၊ စစ်ကိုင်း၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် လိပ်ခွံ၊ ဆင်စွယ်၊ ချေသားရေ၊ နွားနောက်ချို၊ မျောက်ခန္ဓာကိုယ် အပိုင်းအစနှင့် တောင်ဆိတ်ချိုများ၊ မြွေအရေခွံများ၊ သမင်ချိုများ၊ တောဝက်အစွယ်များ၊ တန်ဖိုးကြီး လိပ်များ၊ ဝက်ဝံအမွေးများ၊ တိရစ္ဆာန် အရိုးပေါင်းစုံနှင့် ကျားသားရေများကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းများထံမှ သိရသည်။

ကုန်သည်အချို့မှာ တောရိုင်းတိရစ္ဆာန် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို မှောင်ခို ကူးသန်းရောင်းချရန် လျှို့ဝှက်စွာ ဈေးကောင်းပေး ဝယ်ယူမှုများကြောင့် မုဆိုးများမှာ တောတောင်များတွင် တရားမဝင် အမဲလိုက် သတ်ဖြတ် ဖမ်းဆီးမှု များပြားနေခြင်း ဖြစ် သည်။

‘‘ဘာတောကောင်မှ ရောင်းခွင့်မရှိဘူး။ ရောင်းချင်ရင် ကိုယ့်ဟာကိုယ်မွေးပြီး တတိယမျိုးဆက်မှ ရောင်းချခွင့် ရှိမယ်။ အခု ရောင်းနေတာတွေက တောထဲက ကောင်တွေကို ရောင်းချတာ’’ ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးသိန်းအောင်က ဆိုသည်။

တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း (သို့မဟုတ်) အနာတရ ဖြစ်စေခြင်း၊ ယင်းတောရိုင်း တိ ရစ္ဆာန်ကို ဖြစ်စေ၊ ယင်း၏ အစိတ်အပိုင်းကို ဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း (သို့မဟုတ်) လွှဲပြောင်းခြင်း ပြုလုပ်ပါက

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို ငွေဒဏ် ကျပ်ငါးသောင်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ခုနစ်နှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည်။

တရုတ်နိုင်ငံတွင် မြွေသားကို အလွန်အကျွံ စားသုံးကြသူ များပြားခြင်းကြောင့် မြွေမွေးမြူရေးသည် အရေးပါသော စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်ဖူးသည်။

‘‘တောကောင်တွေ ကိုင်တာ သတိထား။ အရမ်းကို လောဘကြီး မလုပ်နဲ့။ တောကောင်တွေက ဘုန်းအရမ်းကြီးတယ်။ ငါ့ဆီမှာ လုပ်ခဲ့တဲ့ တောက မုဆိုးတွေ အကုန်လုံး ဒုက္ခရောက်ကုန်တယ်။

ခု တောကောင်တွေ မလုပ်တော့ဘဲ ရိုးရိုးစားသောက်ဆိုင်ပဲ ဖွင့်တော့မယ်’’ ဟု တောတွင်းတိရစ္ဆာန်သားကောင်များကို သံလှောင်ချိုင့်များဖြင့် ရောင်းချခဲ့ဖူးသည့် တရုတ်လူမျိုးတစ်ဦးက ပြော သည်။

𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓