တချိန်က သခင်အောင်ဆန်းနဲ့ မရင်အေးတို့ ဇာတ်လမ်း
သခင်အောင်ဆန်း အတွက်ကတော့ မြစ်၀ကျွန်းပေါ် ရွာကြီးတရွာက မြေပိုင်ရှင် စက်သူဌေးသမီးကလေး မရင်အေးကို ကျွန်တော် ရွေးပါတယ်။ မရင်အေးကို ရွေးရသည့် အကြောင်းရင်းကတော့ မရင်အေးဟာ ရုပ်ရည် ချောမောသလောက် သဘောလည်း ကောင်းတယ်။ စိတ်လည်း ရှည်တယ်။
ပြီးတော့ သူ့မှာ အုပ်ထိန်းသူ အမေတယောက်တည်းပဲ ရှိတယ်။ အမွေဆိုင်ကလည်း မောင်လေးတယောက်ပဲ ရှိတယ်။ အဲဒီမောင်လေးကလည်း ကျွန်တော်တို့နဲ့ တို့ဗမာအစည်းအရုံး၀င် သခင်တယောက်ဖြစ်တယ်။
သခင်အောင်ဆန်းနဲ့လည်း ရင်းနှီးတယ်။ သခင်အောင်ဆန်းကိုလည်း ကျောင်းသားဘ၀ကတည်းက ကြည်ညို လေးစားခဲ့သူ ဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်တာပါပဲ။
သခင်အောင်ဆန်းနဲ့ မရင်အေးတို့ ဇာတ်လမ်းကလေးဟာ တော်တော်ကလေး ရင်နင့်စရာကောင်းတဲ့ အဖြစ်အပျက်ကလေးသို့ ဆိုလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ကာယကံရှင်တွေ မဆိုထားနဲ့ ကြားက ဇာတ်ဆရာလုပ်မိတဲ့ ကျွန်တော်တောင်မှ ရင်နာခဲ့ရပါတယ်။ ဒီနေရာမှာ ဇာတ်လမ်းအစကို ပြန်ကောက်ရပါလိမ့်မယ်။
သခင်အောင်ဆန်းဟာ အခုလို ဘဝကြင်ဖော် ဖူးစာဘက် ရှာဖို့တို့၊ ဘာတို့ကို လုံး၀ စိတ်၀င်စားခဲ့တဲ့လူ မဟုတ်ပါဘူး။ သူ့စိတ်ဟာ ဟိုတချိန်တုန်းက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ဗမာပြည်သူ တရပ်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာပဲ အာရုံစူးစိုက်နေရတဲ့လူ ဖြစ်ပါတယ်။
ဘေးက ရဲဘော်တွေက ဒီလို ဒီလို လုပ်ရမယ်ဆိုလို့သာ သူက သဘောတူ လိုက်ရတယ်။ သူ့သဘောကတော့ ဒီကိစ္စကို ရေးကြီးခွင်ကျယ် မထားဘူး။ ဒီကိစ္စက လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာပဲလို့လည်း သဘောထားဟန် တူပါတယ်။
ဘာကြောင့်လည်းဆိုတော့ မော်လမြိုင် ညီလာခံပြီးတဲ့နောက် တလကျော်လောက်အကြာမှာ ကျွန်တော် ရန်ကုန်ကို ရောက်လာပါတယ်။ သခင်အောင်ဆန်းအတွက် မှန်းထားတဲ့ သတို့သမီး မရင်အေးရဲ့ ဓာတ်ပုံကိုလည်း မရင်အေးတို့ မြို့ကို သွားပြီး ယူခဲ့ပါတယ်။
မရင်အေးနဲ့ တွေ့တော့လည်း ကျွန်တော့်အပေါ်မှာ အစ်ကိုအရင်းလို ခင်မင်နေတဲ့ မိန်းကလေးဖြစ်တဲ့အတွက် ကျွန်တော်က ဟေ့ မရင်အေး၊ ညည်းရဲ့နောင်ရေးအတွက် အစ်ကိုကြီး အစီအစဉ်တခု လုပ်နေတယ်။
ညည်း ဘာမှ ဂျီးမများရဘူးနော်။ အစ်ကိုကြီး သဘောအတိုင်း စီစဉ်လိုက်မယ်၊ ညည်းဓာတ်ပုံတပုံသာ ပေးလိုက်ပေတော့။
မရင်အေးက ရှက်ကိုးရှက်ကန်းနဲ့ ဟာ အစ်ကိုကြီးကလည်း ရှက်စရာကြီး၊ ညီမအတွက် ဒီလို အလုပ်မျိုးကို လုပ်နေရသလား လို့ ပြောပြီး သူ့ဓာတ်ပုံကို ထုတ်ပေးလိုက်ပါတယ်။
တို့ဗမာအစည်းအရုံး ဌာနချုပ်မှာ သခင်အောင်ဆန်းနဲ့ တွေ့ကြတော့ ကျွန်တော်က ကဲ ဆရာကြီး ခင်ဗျားနဲ့ မှန်းထားတဲ့ သတို့သမီးလောင်းကလေးရဲ့ ဓာတ်ပုံကို ယူလာခဲ့တယ်။ ခင်ဗျားကတော့ ကြိုက်သလား၊ မကြိုက်ဘူးလား မသိဘူး။ ကျွန်တော့်မှာတော့ တကူးတကန့် သွားယူခဲ့ရတယ်။ ထမင်းကျွေးမယ်သာ ကြံပေတော့ လို့ ပြောလိုက်တော့
သခင်အောင်ဆန်းက ဟေး ခင်ဗျားတို့ ဒီကိစ္စကို တကယ်လုပ်နေကြတာလား၊ ကျုပ်က ဒီကိစ္စဟာ အလကား ပြောနေတာလို့ ထင်နေတာဗျ၊ မော်လမြိုင်မှာ ပြောပြီးကတည်းက ကျုပ်ဖြင့် တခါမှ မစဉ်းစားမိပါဘူးဗျာ။
သခင်အောင်ဆန်းဟာ အိမ်ထောင်ရေးထက် ဗမာ့လွတ်လပ်ရေးကိုသာ အလေးအနက် ထားတယ် ဆိုတာဟာ ထင်ရှားပါတယ်။
နောက်ပြီး သခင်အောင်ဆန်းက ပြောသေးတယ်။ အဟုတ်ပြောတာပါဗျာ၊ ကျုပ်တော့ မိန်းမယူဖို့ စိတ်မကူးသေးဘူး၊ ခင်ဗျားတို့ ပြောတာတွေကိုလည်း မယုံမိဘူး။
အခု ခင်ဗျားက ဓာတ်ပုံတွေ ဘာတွေ ယူလာတော့ အပျက်အပျက်နဲ့ နှာခေါင်း သွေးထွက် ဆိုသလိုများ ဖြစ်နေတာလားဗျာ ပြောပြီး ဓာတ်ပုံကို သေသေချာချာ စိုက်ကြည့်နေပါတယ်။ ပြီးတော့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခက်တာပဲဗျာ ၊ သူ့ကို မြင်ရတာ ကျွန်တော့်လို ကောင်နဲ့ မတန်ပါဘူးဗျာ။
သနားစရာ ကောင်းပါတယ်။ ကျုပ်တို့က ရှေ့လျှောက်ပြီး ဘာတွေလုပ်လို့ ဘာတွေ ဖြစ်မယ်မှန်း မသိနိုင်တဲ့ လူစားတွေဗျ။
ပြီးတော့လည်း ကျုပ်တို့က တကယ့်မေတ္တာနဲ့ ချစ်လို့ ကြံစည်ကြတာလည်း မဟုတ်။ သူ့ကို ယူပြီး သူ့ပိုက်ဆံနဲ့ နိုင်ငံရေးလုပ်ဖို့ ကြံကြတာ။ ဒါဟာ မတရားဘူးဗျ။ မှန်လည်း မမှန်ဘူး လို့ ဇွတ် ငြင်းနေပါတော့တယ်။
အဲဒီလိုနဲ့ နောက်မကြာခင်မှာပဲ မရင်အေးတို့ ခရိုင်မှာ တို့ဗမာအစည်းအရုံး ညီလာခံ ကျင်းပတယ်။ အဲဒီ ညီလာခံကို သခင်အောင်ဆန်းနဲ့ ကျွန်တော်တို့ နှစ်ယောက် ဌာနချုပ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြပါတယ်။ ကျွန်တော်ကတော့ ညီလာခံကို သွားကတည်းက စိတ်ထဲမှာ တချက်ခုတ်၊ နှစ်ချက်ပြတ် သဘောနဲ့ တက်ခဲ့တာ ဖြစ်ပါတယ်။
ညီလာခံအပြီးမှာ မရင်အေးတို့ အိမ်ကို ကျွန်တော်တို့ သွားကြပါတယ်။ ညီလးလာခံ ကျင်းပတဲ့ မြို့နဲ့က သိပ်မဝေးလှဘူး။ မရင်အေးတို့အိမ် ရောက်လို့ မရင်အေးကိုလည်း တွေ့လိုက်ရော သခင်အောင်ဆန်းဟာ မျက်စိပျက်၊ မျက်နှာပျက်နဲ့ ဟေ့လူ၊ ဘယ်လို လုပ်လိုက်တာလဲ။ ခင်ဗျား၊ ကျွန်တော့်ကို တကယ် ချောက်ကျအောင် လုပ်နေပြီ ထင်တယ် လို့ ပြောပါတယ်။
မရင်အေး ခမြာမှာတော့ ဘာအကြောင်းမှ မသိရှာသေးဘူး။ သူ့ဓာတ်ပုံကို ကျွန်တော် ယူလာတုန်းက ဘယ်သူဘယ်ဝါကို ပြဖို့ဆိုတာ မပြောခဲ့တော့ အခြေအနေမပျက် ကျွန်တော်တို့ စားဖို့၊ သောက်ဖို့တွေကိုသာ လုပ်ကိုင်နေရှာပါတယ်။
မရင်အေးတို့ အမေကြီးကတော့ လူငယ်တွေ လွတ်လွတ်လပ်လပ် နေနိုင်ကြအောင် ဘုန်းကြီးကျောင်းကို ထွက်သွားပါတယ်။
အကြောင်း မသိသေးတဲ့ မရင်အေးက ဣန္ဒြေ မပျက်ပေမယ့် သခင်အောင်ဆန်းကတော့ မနေတတ်၊ မထိုင်တတ်နဲ့ အိမ်အပြင်ဘက်ကိုသာ စိုက်ကြည့်နေပြီး ငိုင်နေရှာပါတယ်။
ထမင်းစားသောက်ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်က အိမ်ခေါင်းရင်းခန်းမှာ ပက်လက် ကုလားထိုင် နှစ်လုံးနဲ့ ထိုင်နေကြတယ်။ မရင်အေးက လက်ဖက်ရည်ကြမ်းနဲ့ အချို အချဉ်ပွဲလာချတော့မှ ကျွန်တော်က မရင်အေးကို စကားပြောကြရအောင်ဆိုပြီး အနားမှာ ထိုင်ခိုင်းလိုက်ပါတယ်။
မရင်အေးကလည်း ရိုရိုသေသေ အစ်ကိုကြီး အရင်းတွေကို ပြုစုကျွေးမွေးနေရသလို ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ အနားမှာ ထိုင်ရှာပါတယ်။
ကျွန်တော်က မရင်အေးနဲ့ သခင်အောင်ဆန်းကို မိတ်ဖွဲ့ပေးလိုက်ပါတယ်။ မရင်အေးကလည်း သခင်အောင်ဆန်းမှန်း သိပါတယ်။ သတင်းစာထဲမှာ ဓာတ်ပုံကို မြင်ဖူးပါတယ်လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာ သခင်အောင်ဆန်းက ဆိုင်းမဆင့်၊ ဗုံမဆင့်နဲ့ ဒီမယ် မရင်အေး၊ ခင်ဗျား အစ်ကိုကြီး သခင်တင်မောင်က ကောင်းတဲ့လူ မဟုတ်ဘူးဗျ၊ ခင်ဗျားဓာတ်ပုံကို ယူလာပြီး ကျွန်တော့်ကို ပြတယ်။ ကျွန်တော်က ဘာမှ သိရတာလည်း မဟုတ်ဘူး။ သူတို့တတွေက အကြံကြီး ကြံနေကြတယ်။ ခင်ဗျားရဲ့ပိုက်ဆံနဲ့ ကျွန်တော် နိုင်ငံရေး လုပ်အောင်ဆိုပြီး စီစဉ်နေကြတယ်ဗျ လို့ ပြောချလိုက်ရာ
ကျွန်တော်လည်း အံ့အားသင့်နေပြီး ဘာမှ မပြောတတ်အောင် ဖြစ်နေတုန်းမှာ မရင်အေးဟာလည်း တခါတည်း မီးဖိုခန်းထဲကို ၀င်ပြေး ပါလေရော ။ မရင်အေးနောက်ကို ကျွန်တော် ၀င်လိုက်သွားပြီး အစအဆုံး ကျွန်တော်တို့ရဲ့ စီမံကိန်းကို ဖွင့်ဟ ၀န်ခံလိုက်ပါတယ်။ မရင်အေးကိုလည်း စိတ်မဆိုးဖို့ တောင်းပန်ရပြန်ပါတယ်။
မရင်အေးဟာ တော်တော်ကြာကြာကြီး တွေနေပါတယ်။ နောက်တော့ သူဟာ သူ့အိမ်ရှေ့ခန်းကို ထွက်သွားပြီး သခင်အောင်ဆန်း အနားမှာပဲ သွားထိုင်ပါတယ်။ ကျွန်တော်ကတော့ လိုက်သွားရ ကောင်းမလား၊ မလိုက်ဘဲ နေရ ကောင်းမလားဆိုပြီး ဝေခွဲလို့ မရခင်မှာပဲ မရင်အေးက ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါတယ်။
ကျွန်တော်လည်း ထိုင်မိရော မရင်အေးက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပုံကတော့ ဒီမယ် အစ်ကိုကြီး၊ အစ်ကိုကြီးတို့ နှစ်ယောက်စလုံးကို အစ်ကိုအရင်းလို ကျွန်မ သဘောထားပါတယ်။ မောင်လေးကလည်း အစ်ကိုကြီးတို့ကို သိပ်ချစ်တယ်။ သိပ်ကြည်ညိုတယ်။ မေမေဆိုတာလည်း အစ်ကိုကြီး စီစဉ်တာဟာ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။
ဒီကိစ္စမှာ ကျွန်မ သဘောကတော့ အစ်ကိုအောင်ဆန်းနဲ့ ကျွန်မနဲ့ဟာ မတန်ပါဘူး။ ကျွန်မတို့ဟာ တောသူတွေပါ။ တောမှာနေပြီး တောသူပီပီပဲ နေတတ်၊ စားတတ်ပါတယ်။
အစ်ကိုအောင်ဆန်း တို့ကတော့ နောက်ဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည်အုပ်ချုပ်တဲ့ ၀န်ကြီးတွေ ၊ ဘာတွေ ဖြစ်ကြဦးမှာပါ။ ဒီတော့ ကျွန်မတို့လို တောသူတွေနဲ့ဆိုရင် မဖြစ်ပါဘူး။ ဒီလို ပြောတာဟာ အစ်ကိုအောင်ဆန်းကို ကျွန်မ မချစ်လို့၊ မခင်လို့ ပြောတာ မဟုတ်ပါဘူး။
အစ်ကိုအောင်ဆန်းတို့ ပါရမီကို နှမလေးတယောက် အနေနဲ့လည်း ဖြည့်လို့ရပါတယ်။ ပိုက်ဆံ လိုချင်ရင်လည်း ပေးလို့ ရပါတယ်။ ကျွန်မရော၊ မောင်လေးကရော အစ်ကိုကြီးတို့ နိုင်ငံရေး လုပ်တာကို လေးစားနေကြတာပဲ။ နောက်ဆုံး အစ်ကိုကြီးတို့လိုတဲ့ ငွေက သိပ်များနေရင် မေမေမသိအောင် ညီမ ပေးမှာပေါ့ လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။
ကျွန်တော်က ဘယ်လိုပြန်ပြောရမလဲလို့ စဉ်းစားနေတုန်း သခင်အောင်ဆန်းက ဟုတ်တယ် ခင်ဗျားပြောတာ မှန်တယ်။ မှန်တယ်ဆိုတာက နိုင်ငံရေး ပါရမီကို ဘယ်အနေနဲ့ဖြစ်ဖြစ် ဖြည့်ဆည်းလို့ ရတယ်ဆိုတာကို ပြောတာ ခင်ဗျားပြောသလို နှမတယောက် အနေနဲ့ပဲ ဖြည့်ပါ့မယ်ဆိုတာကို ကြိုက်ပါတယ်။
ဒါပေမဲ့ ကျုပ်တို့က ၀န်ကြီးတွေ ၊ ဘာတွေဖြစ်မှာမို့ ခင်ဗျားတို့လို တောသူတွေနဲ့ မတန်ပါဘူး ဆိုတဲ့ဟာကတော့ မဟုတ်သေးဘူး။ ၀န်ကြီး ဆိုတဲ့ ကောင်တွေကရော ဘာကောင်မို့လို့လဲ။ မိုးကျရွှေကိုယ်လည်း မဟုတ်ပါဘူး။ တောသားပါပဲဗျ။ တောရွာဇနပုဒ်က တောမှာ မွေးခဲ့တဲ့ အကောင်ပါဗျ။ ခင်ဗျားပြောတဲ့ တောသူမို့လို့ မတန်ပါဘူးဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းလိုက်ပါဗျာ ဆိုပြီး ဟဲဟဲ ဟဲဟဲနဲ့ သဘော ကျနေပါတော့တယ်။
ကျွန်တော့်၀မ်းထဲမှာတော့ ကိုယ့်လူက ဒီလိုတော့လည်း အပြေလည်သားပါကလား။ ချစ်ရေး ဆိုပုံကလေးကလည်း မခေပါကလားလို့ ပီတိ ဖြစ်လိုက်မိပါတယ်။
ကျွန်တော်တို့ ပြန်ခါ်နီးမှာ မရင်အေးက သူ့မေမေဆီမှာ ကျွန်တော်တို့အတွက် အထွေထွေသုံးဖို့ ငွေ ၁၀၀ ကျပ် ပေးလိုက်မယ်လို့ ပြောပြီး ကျွန်တော်တို့ကို စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံကို ပေးလိုက်ပါတယ်။
သင်္ဘောပေါ် ရောက်လို့ ဖွင့်ကြည့်လိုက်တော့မှ ရာတန် (၃) ရွက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဟိုခေတ်က ငွေ ၃၀၀ ကျပ်ဆိုတာ နည်း နည်းနောနော တန်ဖိုး မဟုတ်ပါ။
သခင်အောင်ဆန်းနဲ့ မရင်အေးတို့ဇာတ်လမ်းကတော့ အခုအတိုင်းပဲ အဆင်ပြေပြေနဲ့ စခဲ့ကြတာပါ။ ဒါပေမဲ့ မကြာပါဘူး။ အဲဒီညီလာခံမှာ ဟောခဲ့တဲ့ တရားကြောင့် သခင်အောင်ဆန်းဟာ ဆုငွေ (၅) ကျပ် အထုတ်ခံရတဲ့ ဘ၀ကို ရောက်ခဲ့ရပါတယ်။
အဲဒီ၀ရမ်းကို ရှောင်ရင်း တိမ်းရင်းကနေပြီး ဗမာပြည် အပြင်ဘက်ကို ရောက်သွားရတယ်။
နောက် ရဲဘော်သုံးကျိပ်ကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းအဖြစ်နဲ့ ဗမာပြည်ကို ပြန်ရောက်တဲ့အချိန်မှာ မရင်အေးကတော့ မျှော်တလင့်လင့်နဲ့ ရှိနေရှာပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကတော့ အထက်ဗမာပြည် သိမ်းပိုက်နိုင်ဖို့အတွက်ဆက်လက် စစ်ချီနေရှာပါတယ်။
သခင်တင်မောင် (ကျုံမငေး), အိုးဝေဂျာနယ် (အမှတ် ၂၅ / ၁၅.၈.၁၉၆၉)