ဆယ်တန်း စာမေးပွဲကို ဝင်မဖြေတဲ့ ကျောင်းသားထု ၆ သိန်းကျော်ထိရှိနေ
ဒီကနေ့မတ်လ ၃၁ရက်နေ့မှာတော့ နိုင်ငံတဝန်းမှာ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွေစတင်ကျင်းပနေကြပါတယ်။
အခုပညာရေးနှစ်အတွက် နိုင်ငံတဝန်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၃သိန်းကျော်ရှိပြီး ရခိုင်ပြည်နယ်မှာ ဖြေဆိုသူအများဆုံးဖြစ်ကာ ရန်ကုန်တိုင်းမှာတော့ဒုတိအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာတော့ ဖြေဆိုသူကျောင်းသားတတိယအများဆုံးဖြစ်တယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။
နိုင်ငံတစ်ဝန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၃၀၀,၀၀၀ ကျော်သာရှိရာ ပုံမှန်အခြေအနေထက်များစွာလျော့နည်းနေသည်။
COVID-19 ကြောင့် ၂၀၂၀-၂၀၂၁ စာသင်နှစ်အတွက် ကျောင်းတက်ခွင့်နှင့် စာမေးပွဲဖြေခွင့်မရခဲ့သည့်အပြင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ပဋိပက္ခများပေါ်ပေါက်ခဲ့ပြန်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုသူ စံချိန်တင်လျော့နည်းသွားခဲ့သည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းပေးခဲ့သူ ၇၇၀,၀၀၀ နီးပါး၊ ၂၀၁၇-၂၀၁၈ တွင် ၈၅၀,၀၀၀ နီးပါး၊ ၂၀၁၈-၂၀၁၉ တွင် ၉၀၀,၀၀၀ နီးပါးနှင့် ၂၀၁၉-၂၀၂၀ တွင် ၉၇၀,၀၀၀ ကျော် စာရင်းပေးခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံခြားစာစစ်ဌာနများအပါအဝင် ပြည်နယ်နှင့် တိုင်းများအတွင်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း ၃၁၂,၂၉၉ ဦးသည် စာစစ်ဌာနပေါင်း ၁၂၅၆ ခုတွင် ဖြေဆိုရန်ဖြစ်သည်။
မတ် ၃၁ ရက် မှ ဧပြီ ၉ ရက်နေ့ အထိ နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်များအလိုက် ဆက်တိုက်ဖြေဆိုကြရမည်ဖြစ်ပြီး၊ ဧပြီ ၃ ရက်နေ့ (တနင်္ဂနွေ) တစ်ရက်သာ ဖြေဆိုမှု ရပ်နားမည်ဖြစ်သည်။
ရန်ကုန်မြို့ပေါ်ရှိ ဖြေဆိုရာစာစစ်ဌာနများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကျပ်ထားသည်ကိုလည်းတွေ့ရသည်။
ယနေ့ဖြေဆိုမှုပြုသည့်ကျောင်းသားအများစုက မြန်မာစာမေးခွန်း ” အရမ်းလွယ်သည်” ဟု ပြောဆိုကြောင်း မဇ္ဈိမ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီနေ့ မတ် ၃၁ ရက်မနက်က စတင်ဖြေဆိုရတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာမေးခွန်းဟာ မဖြေခင် တညအလိုတည်းက စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ပြသခဲ့တဲ့ နမူနာမေးခွန်းအများစုအတိုင်း ထပ်တူ ပါရှိလာတယ်လို့လည်း သိရပါတယ်။
ပညာရေးနယ်ပယ်ဘက်မှ ဝေဖန်သူများကတော့ ယခုနှစ်ဖြေဆိုသူများကို အလွယ်တကူအောင်ပေးလိမ့်မည်ဟု ခန့်မှန်းနေကြသည်။
“ ပုံမှန်စာသင်နှစ် အပြည့်သင်နေတာတောင် သင်ခန်းစာတွေပြီးအောင် တော်တော်သင်ယူရတယ်။ အခုလို ပေါပေါပဲပဲနဲ့ အချောင်အောင်ကြမယ့်နှစ်ဖြစ်တဲ့အတွက် အရင်နှစ်တွေက မဖြေဘဲနဲ့ အပြင်မှာလေပြီး နှစ်ဆွေးနေတဲ့ ကျောင်းသားတွေတောင် ဝင်ဖြေကြတယ်။ ပြောချင်တာက ဒီနှစ်မှာ အောင်တဲ့သူတွေ ဘယ်လိုမှ အရည်အချင်းအစစ်အမှန်မရနိုင်ဘူး။ ” ဟု အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်လိုသောကြောင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ထားသော CDM အထက်တန်းပြကျောင်းဆရာမ တစ်ဦးကပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ကျောင်းသားတွေက ကျောင်းမတက်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြပါတယ်။ အခုနှစ်ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကတော့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပထမဆုံးကျင်းပတဲ့ စာမေးပွဲဖြစ်ပါတယ်။