စစ်သား ၁ ဦး အပါအဝင် ၂ ဦးသေဆုံးသော မင်္ဂလာဒုံထွေအုပ်ရုံး ပစ်ခတ်ခံရမှု ဗီဒီယို(ရုပ်/သံ)
ရန်ကုန်မင်္ဂလာဒုံတွင် ယနေ့ ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး အနည်းဆုံး စစ်သား ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦးသေဆုံး(ရုပ်/သံ)
By ရန်ကုန်ခေတ်သစ်
ရန်ကုန်မင်္ဂလာဒုံတွင် ယနေ့ ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး အနည်းဆုံး စစ်သား ၃ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ယခု ဗီဒီယိုဖိုင်မှာ မင်္ဂလာဒုံထွေအုပ်ရုံးကို နေ့လယ် ၁၂ နာရီတွင် ဝင်ရောက်ပစ်ခတ်သည့် ရုပ်သံဖိုင်ဖြစ်သည်။ ပေးပို့သည့် ဗီဒီယိုဖြစ်ပြီး ရန်ကုန်ခေတ်သစ်၏ မူပိုင်မဟုတ်ပါသဖြင့် မည်သူမဆို လွတ်လပ်စွာ ပြန်လည်ကူးယူဖော်ပြနိုင်ပါသည်။
မင်္ဂလာဒုံမြို့နယ် ထွေ/အုပ်ရုံးကို ကားပေါ်မှ ပစ်ခတ်သွားမှု စစ်သား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးသေဆုံး ၊ စစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာရ
“တပ်ကို မကျေနပ်လျှင် လာပစ်” ဟု တပ်ရင်းမှူးက စိန်ခေါ်သည့် မင်္ဂလာဒုံ တပ် ရင်း ၉ ကိုလည်း လက်နက်ကိုင်တချို့က ဝင်ပစ်သွား
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် လက်နက်ကိုင်တချို့က ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး စစ်သား ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
မင်္ဂလာဒုံထွေအုပ် ပစ်ခတ်ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ရသူ တစ်ဦးက ” ထွေအုပ်ရုံး ကင်းတဲဘေး စျေးဆိုင်က အမျိုးသမီးတစ်ဦးသေတယ်။ စစ်သားတစ်ဦးကတော့ ကျည်ထိပြီး ဘုန်းကနဲ လဲသွားတယ်။ နောက်စစ်သားတစ်ဦးကလည်း ပေါင်နဲ့ အခြားနေရာတွေမှာ ဒဏ်ရာရထားတာ အတော်များတယ်” ဟု ပြောဆိုသည်။
“ထွေအုပ်ရုံးကို ဝင်ပစ်တာက အမျိုးသမီးတစ်ဦးသေတယ်။ စစ်သား ၂ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရ စစ်သား ၁ ဦးလည်း သေတယ်လည်း ကြားပါတယ်။ သေနတ်သမား ဖမ်းမိတယ်လို့ပြောကြတယ်ဗျ။ပစ်ခတ်မှု ဖြစ်သွားတာအမှန်ပါပဲ”ဟု မင်္ဂလာဒုံဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်ရဲတပ်ဖွဲ့သတင်းရပ်ကွက်နှင့်နီးစပ်သူတစ်ဦးကမူ မင်္ဂလာဒုံပစ်ခတ်မှုမှ သေနတ်သမားများကို လက်ရှိအချိန်အထိ ဖမ်းမိခြင်း မရှိကြောင်း၊ စစ်ကောင်စီက မြို့အဝင်အထွက်များပိတ်၍ ကားများကို စစ်ဆေးလျက်ရှိကြောင်း ပြောဆိုသည်။
ယင်းနောက် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်းစံပြကျေးရွာထိပ်ရှိ တပ်ရင်း ၉ ကို လက်နက်ကိုင်တချို့ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်ပစ်ခတ်ကြောင်းလည်း သိရှိရသည်။
တပ်ရင်း ၉ တပ်ရင်းမှူးသည် အောက်တိုဘာလ ၂၆ ရက်နေ့ ကုန်းတလပေါင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဝေလင်းအောင် အသတ်ခံခဲ့ရသည့်ဖြစ်စဉ်ကို လာရောက် စစ်ဆေးစဉ် “ယောက်ျားပီပီ တပ်ကို မကျေနပ်ရင် တပ်ကိုလာလုပ်လှည့်ကြ။ ပြည်သူကို လုပ်တာဟာ ယောက်ျားတွေလုပ်ရပ်မဟုတ်ဘူး။” ဟု မှတ်ချက်ပေး စိန်ခေါ်ဖူးကြောင်း မင်္ဂလာဒုံသတင်းရင်းမြစ် MNU က ပြော သည်။
မင်္ဂလာဒုံမြို့နယ် တပ်ရင်း (၉) သည် ကုန်းတလပေါင်းကျေးရွာထိပ်တွင် တည်ရှိပြီး တပ်မိသားစု များ မှာ အထဲ တွင် ခြံစိုက် နေထိုင်ကြကြောင်း၊ တပ်မျှော်စင်တွင် စနိုက်ပါသမား ၂၄ နာရီအချိန်ပြည့်ရှိပြီး ကင်းပုန်းများချထားလေ့ရှိသည့်နေရာလည်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုးဂိတ်ပစ်ခတ်ခံရပြီး လေတပ်သား ၂ ဦးသေဆုံးဟုဆို
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊တိုးဂိတ် ယနေ့ မွန်းလွဲ ၂ နာရီကျော်က လက်နက် ကိုင် တချို့က ဝင်ရောက်ပစ်ခတ်ရာ လေတပ်သား ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိတွင် အကြမ်းဖက်စစ်တပ်က အမှတ် ၃ လမ်းမ၊ အမှတ် ၂ လမ်းမ၊ ရန်ကုန်-ပြည်လမ်း အပါအဝင် လမ်းများကို ပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။



