ကလေးတွေက ထမင်းကို ကောင်းကောင်းမစားတဲ့အခါ မိဘတွေအတွက် စိတ်ရှုပ်ရပါတယ်။ ကလေးအရွယ်မှာ အစားစားချင်စိတ် နည်းပါးတာက ပုံမှန်ပြဿနာပါပဲ။ အဲဒါကြောင့် အစားစားချင်စိတ်မရှိတဲ့ ကလေးတွေအတွက် အစားစားချင်လာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် နို့စို့ကလေးအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်မှာ အာဟာရလုံလုံလောက်လောက် ရရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးအရွယ်မှာ အစားစားချင်စိတ်နည်းပါးတာ၊ အစားရွေးတာ၊ အစားစားဖို့ အရမ်းတိုက်တွန်းတာမျိုးကို ကြုံရတတ်ပါတယ်။
ကလေးတွေမှာ သူတို့ရဲ့အသက်အရွယ်ပေါ်မူတည်ပြီး အစားစားချင်စိတ် ဖြစ်ပေါ်လာတာရှိသလို အစားစားချင်စိတ် မရှိတော့တာလည်း ဖြစ်တတ်ပါတယ်။
၁။ ကလေးနဲ့ သင့်တော်မယ့်ပမာဏ
ကလေးတွေက အစားစားဖို့ငြင်းနေရတာက သူတို့အရွယ်နဲ့ မကိုက်ညီတဲ့ အစားအစာပမာဏကိုထည့်ပေးထားလို့လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် အစားစားတာ ပိုနည်းပါတယ်။ အဲဒါကြောင့် နည်းနည်းလေးပဲ ထည့်ပေးပါ။ ဗိုက်ဆာလာတဲ့အခါ ထပ်ထည့်ပေးဖို့ တောင်းဆိုလာပါတယ်။
၂။ စားချင်စဖွယ်ပုံစံ
နေ့လယ်စာ၊ ညစာတွေကို ကျွေးတဲ့အခါ ကလေးတွေ စိတ်ဝင်စားမယ့်ပုံစံနဲ့ ပြင်ဆင်ပေးပါ။ ကလေးတွေက အစားအစာရဲ့အရောင်၊ အပြင်အဆင်ကို အရမ်းစိတ်ဝင်စားပါတယ်။ အသီးအနှံလေးတွေကို ကြယ်ပုံစံ၊ အသည်းပုံစံ၊ ဝက်ဝံပုံစံလှီးတာ၊ ပုံစံအဆန်းလေးတွေ ပုံဖော်ထားတာဆိုရင် အစားစားချင်စိတ် ပိုဖြစ်လာပါတယ်။
၃။ ကလေးကို အစားစားဖို့ အတင်းမတိုက်တွန်းသင့်ပါဘူး။
ကလေးတွေကို အစားစားဖို့ အတင်းတိုက်တွန်းတာ၊ ကုန်အောင်စားဖို့ တိုက်တွန်းတာက အစားစားချင်စိတ်ကို ပိုပျောက်သွားစေပါတယ်။ တစ်ခါတရံမှာ ခွံ့ကျွေးတာထက် သူတို့ကိုယ်တိုင် စားရတာကို ကလေးတွေက ပိုသဘောကျပါတယ်။ အဲဒါကြောင့် ကလေးတွေကို တစ်ခါတရံမှာ အတင်းမကျွေးဘဲ ဝေးဝေးကနေပဲ စောင့်ကြည့်နေလိုက်ပါ။
၄။ အစားအစာအသစ်
ကလေးတွေက အစားအစာအသစ်တွေကို မြည်းစမ်းကြည့်ချင်ကြပါတယ်။ သင့်ကလေးက ဒီအစားအစာကို မကြိုက်ဘူးဆိုရင် နောက်ထပ်အစားအစာတစ်ခုနဲ့ မိတ်ဆက်ပေးပါ။ အရသာအသစ်၊ ပုံစံအသစ်တွေကို ကလေးတွေက သဘောကျရင် အစားစားချင်စိတ်တွေ ဖြစ်လာပါတယ်။
၅။ အာရုံများစရာများ
သင့်ကလေးက အစားစားနေရင် တီဗွီကြည့်နေတဲ့အခါ၊ ဖုန်းဆော့နေတဲ့အခါ အစားအစာပေါ်မှာ စိတ်ဝင်စားမှုနည်းသွားပါတယ်။ အဲဒါကြောင့် အစားစားချိန်မှာ အာရုံစိုက်ပြီး သေသေချာချာစားဖို့ စည်းကမ်းချမှတ် ပေးသင့်ပါတယ်။ ဒါ့အပြင် ကလေးကို မိသားစုနဲ့ အတူတူ စားခိုင်းတာက အစားစားချင်စိတ် ပိုဖြစ်စေပါတယ်။
၆။ အတူတူ ဈေးဝယ်ခြင်း
ကလေးတွေက အစားအစာချက်ပြုတ်ရာမှာ ကူညီပေးရင်းနဲ့ အစားအစာတွေအကြောင်းကို ပိုနားလည်လာပါတယ်။ အဲဒါကြောင့် ဈေးဝယ်ထွက်တဲ့အခါ အတူတူသွားတာ၊ ဟင်းချက်စရာတွေကို အတူတူရွေးတာ၊ ဟင်းချက်ရာမှာ လုပ်ကူခိုင်းတာ၊ ပြင်ဆင်ခိုင်းတာ၊ အသီးတွေကို ရေဆေးခိုင်းတာတွေက အစားအစာပေါ်မှာ စိတ်ဝင်စားမှု ပိုတိုးလာစေပါတယ်။
၇။ အချိုများတဲ့အစားအစာများ
ကလေးတွေက သရေစာတွေပဲ စားတာများနေရင် အဓိကစားတဲ့ မနက်စာ၊ နေ့လယ်စာ၊ ညစာတို့ကို မစားချင်တော့ပါဘူး။ ကလေးတွေရဲ့အစာအိမ်က လူကြီးတွေထက် သေးတာကြောင့် မုန့်တွေစားပြီးရင်လည်း ကလေးတွေက ဗိုက်ပြည့်သွားတတ်ပါတယ်။ သင့်ကလေးက အချိုများတဲ့ အအေးတွေ၊ မုန့်တွေစားနေရင် လျော့စားခိုင်းပြီး ရေနဲ့အာဟာရဖြစ်စေမယ့် အစားအစာတွေကိုသာ ဦးစားပေးကျွေးပါ။
၈။ ရှေ့ကနေ စားပြပါ။
ကလေးတွေက သူတို့အနီးအနားမှာ စားနေတဲ့သူတွေရဲ့ပုံစံကို လေ့လာတတ်ကြပါတယ်။ အဲဒါကြောင့် သင့်ကလေးက အစားစားချင်စိတ် မရှိသူဆိုရင် သင်က ကလေးနဲ့အတူတူစားပြီး ဘယ်လောက်အရသာရှိကြောင်း၊ အာဟာရများများရကြောင်း ပြောပေးပါ။ အဲဒီအခါ ကလေးတွေမှာ အစားစားချင်စိတ်က အလိုအလျောက်ဖြစ်လာပါတယ်။
၉။ ကလေးကို စောင့်ကြည့်ပါ။
ကလေးတွေက နေရာအသစ်ကို ပြောင်းသွားတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ ဝေးသွားတဲ့အခါ၊ သူတို့ချစ်တဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ မရှိတော့တဲ့အခါမှာ ဝမ်းနည်းပြီးတော့ အစားစားချင်စိတ် နည်းသွားတတ်ပါတယ်။
ကလေးတွေမှာလည်း စိတ်ဖိစီးမှုရှိတတ်တာကြောင့် စိတ်ဖိစီးမှုကြောင့်လည်း အစားမစားတော့ပါဘူး။ အဲဒါကြောင့် ကလေးကို စောင့်ကြည့်ပြီး စိတ်ဖိစီးမှုတွေ လျော့ပါးအောင် ပြုလုပ်ပေးပါ။
၁၀။ ချီးကျူးပေးပါ။
ကလေးတွေအတွက် အာလူးကြော်၊ ရေခဲမုန့်၊ အချိုရည် စတာတွေက ကယ်လိုရီများပြီး အာဟာရလည်း မဖြစ်စေပါဘူး။ အာဟာရရှိတဲ့အစားအစာတွေကိုပဲ ရွေးချယ်ပြီး ကျွေးသင့်ပါတယ်။ သင့်ကလေးက အရင်ကထက် အစားအစာတွေကို ပိုစားလာရင်၊ အစားစားဖို့အတွက် အရမ်းမတိုက်တွန်းရတော့ဘူးဆိုရင် ချီးကျူးစကားပြောပေးဖို့လည်း လိုအပ်ပါတယ်။
Zombie (lovemedia)