ယနေ့ ကြုံရတဲ့ မြင်ကွင်းလေးတစ်ခု၊ ၉ တန်း၊ ၁၀ တန်းအရွယ် ကျောင်းသားလေး ၄ ယောက် ကျောင်းဆင်းလို့ ပြေးထွက်လာကြတယ်။
လမ်းပေါ်ရောက်လို့ ကျွန်တော့်ရှေ့လည်းရောက်ရော တစ်ယောက်ထံမှအသံ တစ်ခုထွက်လာတယ်။ “ဟာ ငါ့ဖိနပ်ပြတ်သွားပြီကွ” ဘယ်ဘက်ဘေးက တစ်ယောက်က ပေးပေး ငါပြန်တပ်ပေးမယ် ဆိုပြီး ယူလိုက်ပြီး “ဟာ မရတော့ဘူးကွ” တဲ့။
လွယ်အိတ်အဖြူနဲ့ ကလေးထံမှ ထပ်ကြားရသောအသံမှာ “မစီးပါနဲ့တော့ကွာ ဒီတိုင်းလျှောက် မိုးရွာနေတာမို့ ပြတ်တာ ဘယ်သူမသိပါဘူး”။
ဆက်တိုက် ထွက်ပေါ်လာသော အသံများ ဆက်လက်နားစွင့်နေချိန် ထီးလေးဆောင်းထားတဲ့ ကလေးထံမှ ကျတော်ကြားလိုက်တဲ့ အသံကြောင့် အတော်မှင်သက် အံ့ဩဖြစ်သွားရတယ်။
ထိုအသံမှာ “ဟာ ငါတို့အားလုံး ဖိနပ်ချွတ် လျှောက်လိုက်မယ်လေကွာ” “သူဖိနပ်ပြတ်တာ ဘယ်သူမသိတော့ဘူးကွ အားလုံး မိုးရွာလို့ ဖိနပ်ချွတ်လျှောက်တယ်ပေါ့”
ဆက်လက် ထွက်ပေါ်လာသော အသံကြောင့် ကျွန်တော် ဓါတ်ပုံရိုက်ယူမိလောက်အောင် ရင်ကိုရိုက်ခတ်လာပါသည်။ ထိုအသံမှာ “အေးဟုတ်တယ်ဟ အကုန်ချွတ်လျှောက်ကြစို့” အပြုံးကိုယ်စီနဲ့ သုံးယောက်လုံးထံမှ တစ်ညီတစ်ညာတည်း ထွက်ပေါ်လာသော အသံပေတည်း။
ထိုအသံများမှာ အချိန် ၅ မိနစ် အတွင်း ဆက်တိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤအသံများသည် စာအုပ်ထဲမှ လာခြင်းမဟုတ်၊ စာသင်ခန်းတွင်းမှ လာခြင်းမဟုတ်၊ ကြိုတင်တိုက်ထားခြင်းလည်း မဟုတ်၊ စာကျက်ထားခြင်းလည်းမဟုတ်၊ ထိုအသံများ အဘယ်ကလာသနည်း။ နှလုံးသားက တိုက်ရိုက်ဆင်းသက်လာခြင်း ပေတည်း။
သူတို့ အပြုံးကိုယ်စီနဲ့ ပျော်ရွှင်စွာ ရယ်မော၍ ဆက်လက်ထွက်ခွါ သွားကြပေသည်။ သို့သော် ကျွန်တော့် ရင်ထဲ ပီတိဖြစ်မိပြီး အတွေးစများ မြောက်များစွာဖြင့် ဆက်လက် ထွက်ခွါလာမိခဲ့ပါသည်။ ကောင်းကောင်း (အညတရ)
Sao Kung Kung