Knowledge

ကျောင်းပြီးစ (သို့) အဝေးသင်တို့၊ ကျောင်းတို့ ဆက်မတက်တော့ပဲ ထိုင်းမှာ အလုပ်ရှာဖို့လာမယ့် လူငယ်တွေ ဒုက္ခမရောက်ရအောင် ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ…

ကျောင်းပြီးစ (သို့) အဝေးသင်တို့၊ ကျောင်းတို့ ဆက်မတက်တော့ပဲ ထိုင်းမှာ အလုပ်ရှာဖို့လာမယ့် လူငယ်တွေ ဒုက္ခမရောက်ရအောင် ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ ??

ဘန်ကောက်ကို သွားပြီး အလုပ်လုပ်မယ်ဆိုတဲ့သူတွေ အနေနဲ့ ဒီအချက်တွေကို စဉ်းစားထားစေချင်ပါတယ်။

ထိုင်းကို အခုတော်တော်များများသွားတဲ့လူငယ်တွေက မြန်မာပြည်မှာ အလုပ်မရှိလို့သွားချင်ကြတယ်။

ဟိုမှာက မြန်မာပြည်ထပ်တော့ ပိုကောင်းမှာ သေချာတယ်ဆိုတဲ့အတွေး တွေး သူတွေများပါတယ်။

ဒီနေရာမှာ ၂ ပိုင်းခွဲပြီး ပြောပြချင်ပါတယ်။

ပထမ တစ်ပိုင်းက စက်ရုံတို့၊ သူများအိမ်မှာတို့ အခြေခံလုပ်သားအပိုင်းပါ။

အဲ့အပိုင်းကတော့ များသောအားဖြင့်က ဒီကနေ ဟိုရောက်ရင်ပြီးရော .. မရ၊ ရအောင် အလည်ဗီဇာတွေနဲ့ ထွက်ကြတယ်..။

ဟိုဘက်ရောက်တော့ ပန်းရောင်ကဒ်တွေ သို့မဟုတ် အလုပ်ဗီဇာတွေနဲ့ ပြောင်းကြတယ်။

သူတို့ကျတော့ အလုပ်ရှိလို့ တန်းသွားတာပါ။ အလုပ်ရပြီးသားသူတွေက အနည်းဆုံးတော့ နေစရာရကြတယ်၊။

ဝင်ငွေ နည်းတာများတာထပ် ဝင်ငွေတစ်ခုရှိကြတယ်။ ပြီးမှ ဖြေးဖြေးချင်း ပိုကောင်းတဲ့ အလုပ်ကို ပြောင်း၊ ပိုက်ဆံစုပြီး ရှင်သန်ရပ်တည်ကြတယ်။

ဒုတိယ အပိုင်းက လူငယ်တွေကြတော့ ဒီမှာ ကျောင်းပြီးစ ကလေးတွေနဲ့ အဝေးသင်တို့၊ ကျောင်းတို့ တက်နေရင်း ဆက်မတက်တော့ပဲ အလုပ်ရှာဖို့ ရောက်လာကြတဲ့ လူငယ်တွေပါ။

ဘန်ကောက်ရောက်မှ အလုပ်ရှာတာ တော်တော်မလွယ်ပါဘူး..။

အတွေ့အကြုံလဲမရှိပဲနဲ့ အလုပ်ရဖို့ဆိုတာ ပိုမခက်ပါတယ်။ ဝင်ငွေရနိုင်တဲ့ အလုပ်မရှိပဲ အရင်ဆုံးရောက်တဲ့ လပိုင်းတွေကတော့ ကိုယ့်စရိတ်နဲ့ကို နေနေရမှာပါ။

ကနဦး ကုန်ကျနိုင်တဲ့ အထဲမှာ အခန်းခ၊ စားစရိတ်နဲ့ ဗီဇာအတွက် ကုန်ကျငွေတွေ ပါပါတယ်။

ကျွန်တော် သိသလောက် (ဒါကျွန်တော်သိတဲ့ ကုန်ကျစရိတ်ခန့်မှန်းပါ။)

အတော်အသင့် ကောင်းတဲ့ အခန်းတွေက ၂ ယောက်တစ်ခန်းကို ဘတ် ၆၀၀၀ – ၈၀၀၀ လောက်ရှိပါတယ်။

အဲ့မှာတင် ၂ ယောက်နေရင် တစ်ယောက်ကို အနည်းဆုံး ၃၀၀၀ ကနေ ၅၀၀၀ ဘတ်ထိရှိပါတယ်။

ပြီးရင် ရေဖိုး၊ မီးဖိုးရှိပါဦးမယ်။ စားစရိတ်က သာမာန် လမ်းဘေးဆိုင်လေးတွေ စားရင်လဲ အရသာပိုင်းကတော့ အဆင်ပြေပါတယ်..

တစ်ခါစား ၄၀ – ၆၀ ဘတ်လောက်ရှိနိုင်ပါတယ်။ အဲ့တော့ တစ်နေ့ ရေဖိုး၊ အအေးဖိုးနဲ့ အဆာပြေလေးကောပါရင် ၁၅၀ ဘတ်လောက်ကတော့ ကုန်ကျနိုင်ပါတယ်။

ဗီဇာအတွက် ကုန်ကျငွေကတော့ ဒီကနေ ၁၄ ရက် ဗီဇာနဲ့ သွားပြီးဟိုရောက်မှ သက်တမ်းထပ်တိုးရင် ၁ လရပါတယ်။

ပိုက်ဆံက ၁၉၀၀ – ၃၅၀၀ ဘတ်ထိကုန်ကျနိုင်ပါတယ်။ (ကိုယ်တိုင်လုပ်တာနဲ့ Service အပ်တာမှာကွာပါမယ်)

အဲ့တော့ တစ်လ ကို ၉၅၀၀ ဘတ်လောက်ကနေ ၁၅၀၀၀ အတွင်းမှာ ကုန်ကျနိုင်ပါတယ်။

Company အလုပ်ကို ရှာတာဖို့ဆိုပြီး ဟိုရောက်မှ အလုပ်ရှာတဲ့သူတွေအတွက်က အနည်ဆုံး လေယာဉ်လက်မှတ်မပါပဲနဲ့ကို တစ်လကုန်ကျစရိတ်က အဲ့လောက်ဝန်းကျင်ကုန်နေပါပြီ။

၁ လထဲနေပြီး အလုပ်တန်းရမယ်လို့ အာမခံနိုင်ပါဘူးနော်။ အလုပ်ကလဲ သူတို့နိုင်ငံမှာ ထိုင်းစကားတတ်မှ ပိုအဆင်ပြေပါတယ်။

အဲ့တော့ အလုပ်က မရ၊ ပိုက်ဆံက တစ်လတစ်လ မြန်မာငွေနဲ့ဆို ၈ သိန်း – ၁၀ သိန်းကုန်၊ ကြာတော့ စုထားတဲ့ ပိုက်ဆံကုန်သွားပြီး မနဲ ခြွေတာ၊ ရရာ အလုပ်ကို ရသလိုလုပ်နေကြရတတ်ပါတယ်။

အခုလို လူငယ်တွေအတွက် ရောက်ရောက်ခြင်းအမြန် ငွေဝင်စေမယ့် နည်းလမ်းဆိုရင်တော့ Online Shopping သမားတွေအတွက် အဝယ်တော်လုပ်ပေးတာ၊

ဘဏ်အကောင့်တွေဖွင့်ပေးဖို့ သံရုံးသွားပေးတာ၊ ကိုယ်တိုင် Shopping Center တွေသွားပြီး ပုံတွေရိုက် လိုင်းပေါ်ပြန်တင်ရောင်းတာ အစရှိတာမျိုးတွေကသာ လောလောလတ်လတ်နေရေးအတွက် ဝင်ငွေတစ်ခုအနေနဲ့ပဲ ရှိနိုင်မှာပါ။

ဒါကတော့ ယာယီဖြေရှင်းနည်းတစ်ခုသာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုယ့်ကြိုးစားမှု၊ အမြင်ကျယ်မှု၊ Network ရှိမှု၊ ဝန်ဆောင်မှုကောင်းမှုတွေပေါ်မူတည်ပြီးတော့တော့ အခွင့်အရေးသစ်တွေရကောင်းရနိုင်ပါတယ်။

အရာရာမွန်းကြပ်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာမလို့ ဟိုရောက်အောင်သွားပြီး၊ ရရာ အလုပ်လုပ်မယ်ဆိုပြီး ပိုက်ဆံ ၃ လ စာ ၄ လစာလောက် မပါပဲ ဘန်ကောက်လိုနေရာမျိုး ဘုရင့်နောင်ဖောင်ဖျက်ပြီး သွားဖို့ဆိုတာကိုတော့ သေချာစဉ်းစားစေချင်ပါတယ်။

သေချာ Plan ပြီးမှ၊ လိုအပ်တဲ့ အတက်ပညာ၊ ဘာသာစကားသေချာလေ့လာပြီးမှ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် သေချာ စုံစမ်းပြီးမှ သွားကြပါလို့ ၂၀ ကျော်လူငယ်တစ်ချို့ကိုတော့ တိုက်တွန်းချင်ပါတယ်။

အခုဆို ကျွန်တော့်ဆီမှာ ဘန်ကောက်သွားဖို့ ဒုတိယ အုပ်စုကလို လူငယ်တော်တော်များများ လက်မှတ်တွေ ဝယ်တာ၊ မေးမြန်းတာတွေရှိပါတယ်။

ကျွန်တော်ကတော့ သွားမယ့်သူတွေကို သေချာ စဉ်းစားပြီးမှ သွားစေချင်ပါတယ်။

အဲ့လိုပြောလို့ မြန်မာပြည်မှာနေပြီး အလုပ်မရှိပဲ ဘာလုပ်ရမှာလဲလို့လဲ မေးကောင်းမေးနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လဲ ဒီမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ပတ်သက်ပြီး နားလည်ပါတယ်။

သိလဲ သိပါတယ်။ အခု ပို့စ်က မသွားနဲ့လို့ ပြောချင်တာ မဟုတ်ပါဘူ..း။

ဒီမှာထက်တော့ အဆင်ပြေမှာပဲဆိုပြီး သေချာ မ Plan ပဲ သွားပြီး ဟိုရောက်မှ ဝင်ငွေ မရှိ၊ နောက်ဆုံး ပိုက်ဆံတွေကုန် ၊ မြန်မာပြည်ကို အကြွေးတွေတင်ပြီး ပြန်ရောက်လာမှာစိုးလို့ ပြောပြတာပါ။

အားလုံး သေချာစဉ်းစား၊ စုံစမ်းပြီးမှ ကိုယ့်ဘဝတက်လမ်းအတွက် ရွေးချယ်ကြပါ။

ကျွန်တော်တို့ အားလုံးအရာရာ အဆင်ပြေပါစေလဲ ဆုတောင်းပါတယ်။

သူများနိုင်ငံမှာ မျက်နှာငယ်ရတဲ့ ဘဝတွေကနေ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလဲ ဆုတောင်းပါတယ်။

ချစ်ခြင်းများစွာဖြင့် သားဦး Tharr Oo’s Days On Earth (လေးစားစွာဖြင့် ခရက်ဒစ်)
ပြန်လည်မျှဝေဖော်ပြပါသည်..။