Health Care

တကယ်ပျောက်တာ ကိုယ်တွေ့မို့ ယုံယုံကြည်ကြည် လုပ်ကြည့်နိုင်ပါတယ်..

တကယ်ပျောက်တာ ကိုယ်တွေ့မို့ ယုံယုံကြည်ကြည် လုပ်ကြည့်နိုင်ပါတယ်

တကယ်ပျောက်တာ ကိုယ်တွေ့ပါ အစပထမကတော့ ခြေဖဝါး အလည်နဲ့နင်းလို့ မပျောက်ဘူး ဘေးဘက် ရှေ့နောက်နင်းမှ ပျောက်တယ်

ခါးနာပေါင်တန်း အာရုံကြောညပ် တင်ပါးခွက်ကိုက်ရောဂါ သိကောင်းစရာအဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံး ရောဂါပါလို့ ကျနော်ပြောလျှင် ယုံနိုင်မည်မဟုတ်ပါ။ကိုယ်တိုင်မှ မခံစားဖူးတာကိုး။

သင့်ပတ်ဝန်းကျင်၌ ခါးကြီးစေါင်းငန်းစေါင်းငန်းနဲ့ သွားနေသူတွေ၊တင်ပါးခွက်ကလေးကို ဖိကာပွတ်ကာ သွားလာနေတဲ့သူတွေ၊ ပေါင်ကိုက် ဒူးကိုက် ခြေသလုံးတလျှောက် ထုံကျင်နေတဲ့သူတွေ တွေ့ရင် အင်တာဗျူးကြည့်ပါ။

လေသံတခုတည်း ထွက်တာတွေ့ရပါလိမ့်မည် (ရောဂါအတော်စုံအောင် ဖြစ်ဖူးပါတယ်ဗျာ…ဒီတခါ အခံရခက်ဆုံးပဲ) လို့ဖြေကြပါလိမ့်မည်။

ဒီရောဂါအကြောင်းကို ကျနော့်ဆရာသမား (Fighter အရာရှိကြီး)တယောက် အိပ်ယာပေါ်က မထနိုင်ပဲ ကိုက်ခဲလွန်းလို့ မျက်ရည်တွေတွေကျပြီး အံကြိတ်ခံနေရတာ မကြည့်ရက်လို့ ကျနော်ထဲထဲဝင်ဝင်လေ့လာဖူးသည်။

သူ့အခြေအနေက မတ်တပ်ပင် မရပ်နိုင်ရှာတော့။ လူက ခါးတစေါင်းကြီး ဖြစ်နေပြီ။တပ်မတော်ကပင် ထွက်ရတော့မည့် အနေအထားပါ။

ကျနော်နဲ့ သိကျွမ်းသော အရိုးအကြောပါရဂူတွေ…Rehabilitation ပါရဂူတွေ…… Phisiotheraphist တွေ……စုံနေပါဘီ။ MRI ရိုက်၊

ဓါတ်မှန်ရိုက်…လေ့ကျင့်ခန်းလုပ်…အကိုက်အခဲပျောက်ဆေးမျိုးစုံသောက်…ဓါတ်ကင် Vibrator နဲ့နှိပ်……မထူးခြားတော့ ဗမာဆရာတွေ အကြောပညာရှင်တွေ……အနှိပ်ပညာရှင်တွေ ……အို-

မြန်မာပြည်တနံတလျား စုံသလောက်နီးပါး ဆိုပါတော့။ ကုန်လိုက်တဲ့ငွေ……သွားလိုက်ရတဲ့ခရီး……အချိန်က တဖြည်းဖြည်းနဲ့ တစ်နှစ်ပြည့်တော့မည်။ မသက်သာသည့်အပြင် ပို၍ပို၍ ဆိုးလာပါသည်…

ခြေထောက်ပါ ထုံကျင်လာပြီး ညာခြေထောက်က အာရုံခံစားမှု မရှိတော့။ တင်ပါးခွက်ထဲက မချိမဆန့် ကိုက်ခဲသည့်ဒဏ်ကို အရင်ကလို အံကျိတ်မခံနိုင်တော့သဖြင့် အော်ဟစ်၍ ခံစားနေရရှာသည်။

တစ်နေ့မှာ ပြည်မြို့၊ မင်းကြီးတောင်ပေါ်က ဘုန်းကြီးကျောင်းကို ကျနော်မုန့်သွားလှူရင်း စာဖတ်ခန်းထဲက (အထင်မသေးနဲ့ မြန်မာ့ဆေး) ဆိုတဲ့ဆရာသိန်း ပြုစုသည်…………တန်ဖိုး ၅ ကျပ်………စာအုပ်လေး ဖတ်မိပါတယ်။

အဲဒီမှာ………တင်ပါးခွက် ကိုက်သော်မခက်လော……အိုးမှုတ်ခွက်နင်းသော်မပျောက်လော……ဆိုတဲ့ဆောင်းပါးလေး ဖတ်မိပါတယ်။ အားရဝမ်းသာ ကျနော်ဖတ်ကြည့်ပြီးချက်ချင်းပဲ မိတ္တူကူးပါတယ်။

ကျနော့်ဆရာသမားကို ပြေးပြပါတယ်။ ဆရာသမားက အနာကိုက်ခဲနေတဲ့ကြားက မချိပြုံးပြုံးရင်း (မင်းကွာ…ငါဆေးကုတာ တပြည်လုံး နှံ့ရုံမက ပြင်သစ်က ပါရဂူနဲ့တောင်မပျောက်ထာ) လို့ပြောရှာပါတယ်။

ဒါပေမယ့် ကျနော်လက်မလျှော့ပါ။ သူ့ရဲ့ ဇနီးနဲ့အတူတူ စာအုပ်ပါလေ့ကျင့်ခန်းတွေ လုပ်ဖြစ်အောင် အတင်းတွန်းအားပေးခဲ့ပါတယ်။

ပထမတရက် မထူးခြား။ ဒုတိယတရက် ခါတိုင်းထက် နည်းနည်းသက်သာလာသည်။ တတိယရက် ကျတော့ ကေါင်းကေါင်းအိပ်လို့ ရပါပြီ။ တနှစ်တိတိ ခံစားရတဲ့ရောဂါ ၅ ရက်မြောက်တော့ အရှင်းပျောက်။

ဆယ်ရက်လေါက်နေတော့ ပုံမှန်လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါပြီ။ အခုချိန်ထိလည်း ခါးပြန်မနာတော့ပါ။ သူတယောက်ထဲလားဆိုတော့ မဟုတ်ပါ။ အလားတူဝေဒနာရှင် ဆယ့်နှစ်ယောက်တိတိကို ကျနော်ဒီနည်းနဲ့ ကယ်ခဲ့ဖူးပါသည်။

မင်းတို့တပ်ထဲမှာ ပုံစံတူဝေဒနာသည် အဲ့သလောက်များသလားလို့မထင်ပါနဲ့။ တပ်ထဲက ၃ ယောက်ပါ။ အပြင်က ဝေဒနာသည် ၉ ယောက်ပါ။

ကျနော်ဒီနည်းသိပြီးတဲ့နောက်မှာ သွားရင်းလာရင်း ခါးစေါင်းနေတဲ့ ဝေဒနာသည်တွေ၊ ခြေထော့နဲ့ထော့နဲ့ ဝေဒနာသည်တွေ၊တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒနာသည်တွေ တွေ့ရင် ကျနော်က သိသိမသိသိ အတင်းလိုက်မိတ်ဖွဲ့ပါတယ်။

ဘယ်လိုဖြစ်တာလဲ? ပေါင်တန်းနေတယ်မဟုတ်လား? ခြေထောက်ခြေဖျားတွေ ထုံကျင်နေတယ်မဟုတ်လား? တင်ပါးခွက်က မခံစားနိုင်အောင် ကိုက်ခဲနေတယ်မဟုတ်လား? ခါးနာတာကစ တာမဟုတ်လား?

ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ကူညီချင်တယ်-ကယ်တင်ချင်တယ်လေ။

ဇီဝိတဒါနပေါ့…………

ကဲ ဆေးနည်းလေး – စလိုက်ကြရအောင်……အချိန်ဆယ်မိနစ်ဆို ရပါပြီ။ အိပ်ကာနီး အိပ်ရာမဝင်ခင်အချိန် ဆိုပါတော့……မိမိရှေ့မှာ … ခါးလောက်ရှိတဲ့ တန်း(သို့)ခုံ (သို့)ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။ လူက နှစ်တောင်လောက်ခွာပြီး ခြေစုံရပ်ပါ။ ဘယ် (သို့) ညာခြေတဖက်ကို ထိုတန်းပေါ်သို့လှမ်းတင်လိုက်ပါ။ ကျန်တဖက်က ရပ်လျက်ပေါ့။ ထိုသို့တင်လိုက်ပါက ထိုခြေထောက်၏ပေါင်ကြောများ တောင့်တင်းနေပါလိမ့်မည်။ ၎င်းပေါင်ခြေသလုံး အောက်ဖက်ရှိ ကြွက်သားများကို မိမိလက်၂ဖက်နှင့် နှိပ်နယ်ချေပေးပါ။ ငါးမိနစ်ခန့်။

ပြီးလျှင် နောက်တဖက်ပြောင်း အလားတူ။ အရမ်း မချွံထက်သော အုန်းမှုတ်ခွက်(တခြမ်းစီ) အနေတော်ကို ကြမ်းပြင်မှာ ချထားပါ။ ဘယ်ညာ၂ဖက်စလုံးတက်ရပ်ပါ။ ပြီးလျှင် ဘယ်ညာ ဘယ်ညာစည်းချက်ကျကျ အချက်၁ဝဝခန့် နင်းပါ။

နင်းသည့်အခါ ခြေဖဝါးအလယ်ခွက် မနင်းရပါ။ ခြေဖဝါးစေါင်းပတ်လည် ဘယ်စောင်းညာစောင်း ဖနောင့်ခြေဖျားလေးများ စုံအောင်နှံ့အောင် ပူထူလာအောင် နင်းရမည်။ ပြုတ်မကျအောင် တန်းတခုခုကို ကိုင်ထားပါ။ပြီးပါပြီ။ ဒါပါပဲ။

ထိုအချိန်မှစ၍ တစ်ညလုံး ခြေဖဝါး ရေမထိပါစေနှင့်။ တစ်ညလုံး ခြေဖဝါးက အပူတွေ တရှိန်းရှိန်း ထွက်သလို ခံစားရပါလိမ့်မည်။

အလွန်လွယ်ကူပါသည်။ တစ်ခုပဲ သတိပြုရမည်။ရောဂါကြီးလျှင် ပထမဆုံး ခါးအမြင့်လောက် ခြေထောက်ကို မြှောက်နိုင်မည်မဟုတ်ပါ။ နိုင်သလောက်အမြင့်ပဲ လုပ်ခိုင်းပြီး တဖြည်းဖြည်းချင်း တိုးမြှင့်သွားပါလေ။

အလွန်လွယ်ကူသောနည်းမို့ အထင်မသေးပါနှင့်။ ကျနော်နည်းပေး၍ ပျောက်ကင်းသွားသူ ၁၂ ဦးထဲတွင် ဂျာမန်မှ Odee Harlan ဆိုသောဆရာဝန်တယောက် ပါဝင်ပါသည်။ ကျနော်ဆရာဝန်လည်းမဟုတ်ပါ။ ဆေးပညာလည်းနားမလည်ပါ။

သာမာန်လူတဦးသာ ဖြစ်ပါသည်|| ပျောက်ခဲ့ဖူးလို့ ပျောက်စေချင်လို့ အတွေ့အကြုံ မျှဝေခြင်းသာ ဖြစ်ပါသည်။ ယုံကြည်လျှင် လုပ်ကြည့်ပါ။ မနေ့က ဝေဒနာရှင်တဦးနှင့်တွေ့၍…အကြံပေးစကားပြောကြားရင်း ဒီအကြောင်းရေးဖို့ စိတ်ကူးရလာတာပါ။

စေတနာရှေ့ထား သနားစာနာစိတ်ဖြင့် အပင်ပန်းခံ စာအရှည်ကြီး ရေးခြင်းဖြစ်ပါသည်။