ၾကားသိရသမွ်

လမ်းမပေါ်နေထိုင်နေရပြီး ဉာဏ်ရည်ပြည့်မီခြင်းမရှိပေမယ့် အောက်ဆီဂျင်စက်အတွက် သူစုထားတဲ့ ငွေလေးတွေကို လှူဒါန်းခဲ့တဲ့ ရေနံချောင်းကဦးလေးကြီး

ယခုအချိန်အခါလို လူအများအပြားဒုက္ခရောက်ပြီး သေဆုံးနေကြတဲ့အချိန် ပြည်သူတွေအနေနဲ့ မရှိပေမယ့်လည်း တတ်နိုင်သလောက်လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေကြပါတယ်။ ယနေ့မနက်မှာတော့ မြန်မာပြည်သူအများအပြားလေးစားသွားရလောက်တဲ့ အလှူလေးတစ်ခုကို ရေနံချောင်းမြို့က ပြည်သူတစ်ယောက်က ပြုလုပ်ခဲ့ပါတယ်။ ယနေ့မနက်စောစောမှာတော့ လမ်းမပေါ်နေထိုင်စားသောက်နေရပြီး ဉာဏ်ရည်ပြည့်မီခြင်းမရှိတဲ့ ရေနံချောင်းက ဦးလေးကြီးတစ်ယောက်ဟာ အောက်ဆီဂျင်စက်ရုံတည်ထောင်ဖို့အတွက် သူစုထားတဲ့ ပိုက်ဆံ(၃)သောင်းကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါဦးလေးကြီးရဲ့ တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ မိခင်ဖြစ်သူက လွန်ခဲ့တဲ့ နှစ်(၂၀)တည်းက ကွယ်လွန်သွားခဲ့တာမို့ ဆွေမရှိ၊မျိုးမရှိဘဲ လမ်းမပေါ်မှာနေထိုင်ပြီး သူများကျွေးတာကိုစားနေရတာဖြစ်ပါတယ်။ ဘိုကြည်မောင်လို့ အမည်ရတဲ့ အဆိုပါဦးလေးကြီးဟာ လမ်းလည်းမလျှောက်နိုင်ဘဲ သူများပေးထားတဲ့ ဘီးတပ်လှည်းလေးကိုသာ အားပြုသွားလာနေရတာဖြစ်ပေမယ့် အလှူအတန်းအတွက်တော့ လက်မနှေးဘဲ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူများပေးစာ၊ကမ်းစာကို မသုံးဘဲလှူဒါန်းဖို့အတွက် သေသေချာချာစုဆောင်းထားတဲ့ ဦးလေးကြီးဘိုကြည်မောင်ရဲ့ စိတ်ဓာတ်ကို ပြည်သူအများအပြားက လေးစားချီးကျူးနေကြပါတယ်။

အိုးပိုင်အိမ်ပိုင်မရှိတဲ့အပြင် ဉာဏ်ရည်ပါပြည်မီခြင်းမရှိပေမယ့် သဒ္ဓါတရားမဆင်းရဲတဲ့ အဆိုပါဦးလေးကြီးရဲ့မွန်မြတ်တဲ့ အလှူလေးကို ပြည်သူတွေက သာဓုခေါ်ဆိုနေကြတာဖြစ်ပါတယ်။ သူများလှူထားတဲ့ ပိုက်ဆံလေးတွေကို သေသေချာချာသိမ်းထားပြီး အောက်ဆီဂျင်စက်ရုံတည်ထောင်ဖို့အတွက် လှူဒါန်းလိုက်တဲ့ ဦးလေးကြီးဘိုကြည်မောင်ရဲ့ လေးစားစရာလုပ်ရပ်ကို ရေနံချောင်းမြို့ကပြည်သူတစ်ဦးက လူမှုကွန်ယက်ထက်မှာ ပြောပြလာခဲ့တာဖြစ်ပါတယ်။

ဦးလေးကြီးဘိုကြည်မောင်လိုဒုက္ခရောက်နေတဲ့ လူတောင်အုတ်တစ်ချပ် သဲတစ်ပွင့်ပါဝင်လှူဒါန်းနေကြချိန် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ အခက်အခဲဖြစ်နေသူတွေကို ကူညီပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : Original Uploder





Source : Original Uploder