ကြားသိရသမျှ

နောက်ဆုံးမှာ မိတ်ဆွေသစ်များဖြစ်တဲ့ ဆင်အကောင် ၆၀၀ ရှိရာ နေအိမ်အသစ်ဆီသို့ပြောင်းရွေ့လာနိုင်ခဲ့တဲ့ ကမ္ဘာ့အထီးကျန်ဆုံးဆင်ကြီး

ဆင်များဟာ ကမ္ဘာပေါ်တွင် ကျက်သရေအရှိဆုံး သတ္တဝါများလို့ဆိုနိုင်ပါတယ်။ ၎င်းတို့ရဲ့ အရွယ်အစား၊ ထက်မြက်တဲ့ ခွန်အား၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သနားကြင်နာတတ်တဲ့စိတ်က ၎င်းတို့ကို တစ်မျိုးတစ်စားတည်းဖြစ်စေတာ အမှန်ပါပဲ။ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်တိရိစ္ဆာန်ရုံတွင် ၃၅ နှစ်ကြာနေထိုင်ခဲ့သည့် အာရှဆင်တသ်ကောင်ဖြစ်တဲ့ Kaavan ဟာ တစ်ချိန်က ကမ္ဘာ့အထီးကျန်ဆုံးဆင်ဟု တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ယခင်က အစ္စလာမာဘတ် တိရိစ္ဆာန်ရုံတွင် နေထိုင်စဉ်အတွင်း ၎င်း၏အဖော်ဖြစ်တဲ့ Saheli ဆင်အမတစ်ကောင်က 2012 ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက်မှာတော့ ၎င်းဟာ ပါကစ္စတန်နိုင်ငံအားလုံးတွင်ရှိတဲ့ တစ်ကောင်တည်းသောအာရှဆင်ဖြစ်လာခဲ့ပါတယ်။ ကျွမ်းကျင်သူများက ၎င်းဆင်ကြီးဟာ အထီးကျန်ဆန်လွန်းပြီး ပျော်စရာမကောင်းတဲ့ပတ်ဝန်းကျင်တို့ကြောင့် ကာလတာရှည် ခံစားရတဲ့ Zoochosis စိတ်ကျရောဂါကို ခံစားနေရတာကိုတွေ့ရှိခဲ့ပါတယ်။

သို့သော် တိရိစ္ဆာန်အခွင့်အရေးအဖွဲ့များနှင့် ကျော်ကြားသော အမေရိကန်အဆိုတော် Cher တို့မှ အပြင်းအထန်မဲဆွယ်ပြီးနောက်၊ Kaavan ဟာ နောက်ဆုံးမှာ သူ့အတွက် နှစ်ပေါင်းများစွာ အိမ်လို့ခေါ်လာခဲ့တဲ့ ပျက်စီးနေတဲ့၎င်းတိရိစ္ဆာန်ရုံမှ ထွက်ခွါသွားရတော့မည်ဖြစ်ပါတယ်။

ဘယ်နေရာကိုသွားမလဲဆိုတော့ ကမ္ဘောဒီးယားနိုင်ငံရှိ ၎င်း၏အငြိမ်းစားအိမ်အသစ်ဖြစ်တဲ့ အခြားဆင်ကောင်ရေ 600 ကျော်တို့ရှိရာ ဆင်ဘေးမဲ့ခိုလှုံရာနေရာတစ်ခုဆီသို့ဘဲဖြစ်ပါတယ်။ ” ကျွန်မ အရမ်းပျော်တယ်၊ သူ ဒီမှာရှိနေတာကိုမြင်ရတော့ အရမ်းဂုဏ်ယူမိတယ် ၊ သူက အံ့ဩစရာကောင်းတဲ့တိရိစ္ဆာန်လေးတစ်ကောင်ပါ” လို့ Cher က AFP သို့ ​​ပြောကြားခဲ့ပါတယ်။

ထို့ပြင် ကမ္ဘောဒီးယား၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးဒုဝန်ကြီး Neth Pheaktra က Kaavan ကို နိုင်ငံအတွင်း အခြားဆင်များနှင့် နောက်ပိုင်းမှာ မျိုးပွါးရန်အစီအစဉ်များကိုပါ ကြေငြာပေးခဲ့ပါတယ်။ ” သူဟာ နောက်ထပ် ကမ္ဘာ့အထီးကျန်ဆုံး ဆင်ဖြစ်တော့မှာမဟုတ်ပါဘူး။ ဒေသခံဆင်တွေနဲ့ Kaavan ကိုမွေးမြူဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။

ဒါက မျိုးရိုးဗီဇကို ထိန်းသိမ်းဖို့ အားထုတ်မှုတစ်ခုပါ” ဟုလည်း Pheaktra မှ ထပ်မံပြောကြားခဲ့ပါတယ်။ ကူးစက်ရောဂါ ခရီးသွားလာမှု ကန့်သတ်ချက်များရှိပေမဲ့လည်း ပါကစ္စတန်မှ ကမ္ဘောဒီးယားသို့ Kaavan ၏လေကြောင်းခရီးစဉ်ဟာ အထစ်အငေါ့မရှိဘဲ အောင်မြင်စွာပျံသန်းနိုင်ခဲ့ပါတယ်။

အဆိုပါဆင်ကြီးကို စင်းလုံးငှား ရုရှားသယ်ယူပို့ဆောင်ရေးဂျမ်ဘိုဂျက်လေယာဉ်ဖြင့် ကမ္ဘောဒီးယားအနောက်မြောက်ပိုင်းရှိ Siem Reap မြို့သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

Four Paws International (FPI) ၏အဆိုအရ Kaavan ၏ ပြောင်းရွှေ့မှုကိုကူညီဆောင်ရွက်ပေးသည့် တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့မှ တိရိစ္ဆာန်ဆေးကုဆရာဝန်များနှင့် ကျွမ်းကျင်သူများအဖွဲ့ဟာ ပြောင်းရွှေ့နေရာချထားမှုအတွက် လပေါင်းများစွာ ပြင်ဆင်နေခဲ့ကြပြီး ဆင်ကြီးကို သယ်ယူရာတွင် အသုံးပြုမည့် အထူးဒီဇိုင်းထုတ်ထားတဲ့သတ္တုသေတ္တာထဲသို့ လမ်းလျှောက်တတ်ရန်ပင် လေ့ကျင့်ပေးခဲ့ကြပါသေးတယ်။ Kaavan လည်း အခြား ဆင်အကောင် ၆၀၀ နဲ့အတူ နောက်ထပ်သော အထီးကျန်ခြင်းမျိုးမခံစားရတော့ဘဲ ထာဝရ ပျော်ရွှင်သွားနိုင်မယ်လို့မျှော်လင့်မိပါတယ်။

Mia (Mckzone daily)

Reference : mashable