ခိုင်နှင်းဝေလို့ဆိုလိုက်တာနဲ့ ပါးချိုင့်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ရုပ်ရည်ပိုင်ဆိုင်ထားသူလေး၊ မင်းသမီးကြီးဒေါ် မြင့်မြင့်ခိုင်ရဲ့တူမ၊ သရုပ်ဆောင်ကောင်းသလို ပရဟိတလုပ်ငန်းတွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ သူအဖြစ် လူသိများလွန်းလှပါတယ်။
ခိုင်နှင်းဝေက လက်ရှိအချိန်မှာ သူမရဲ့ “ခိုင်ရင်းသွေးလေးများဂေဟာ” မှာ နောက်ထပ်ကလေးလေးတစ်ဦးကို ထပ်မံမွေးစားခဲ့ပြီဖြစ်ကြောင်း အသိပေးလာပါတယ်။
ကလေးငယ်လေးက သုံးရက်သားသာရှိသေးပြီး ဖခင်ကတာဝန်မယူပဲ မိခင်ဖြစ်သူကလည်းသူ့ကို မွေးပြီးပြီးချင် းသေဆုံးခဲ့တာကြောင့် သူမက မွေးစားပေးခဲ့တာ ဖြစ်ပါတယ်။
ကလေးလေးကို သူ့မိခင်သဂြိုလ်တဲ့နေ့မှာပဲ ခိုင်နှင်းဝေက အင်းစိန်ဆေးရုံမှာ သွားခေါ်ပြီးတော့ မွေးစားခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးလေးရဲ့ မိခင်က လမ်းမှာ ကလေးကိုထွက်ကျမီးဖွားခဲ့တဲ့ အခြေအနေဖြစ်ခဲ့ပြီး ဘေးနားကတွေ့တဲ့လူတွေက ဆေးရုံပို့ဆောင်ပေးပေမယ့်လည်း အသက်ဆုံးရှုံးခဲ့တာဖြစ်တာလို့လည်း ခိုင်နှင်းဝေက အသိပေးထားပါသေးတယ်။
“ဖခင် တာဝန်မယူသည့် (၃)ရက်သားလေးကို မိခင် သဂြိုလ်တဲ့နေ့မှာပဲ အင်းစိန်ဆေးရုံ မှာ သွားခေါ်ပေးခဲ့ပါတယ်ရှင်..မိခင်မှာ လမ်းတွင် ကလေးထွက်ကျ မီးဖွားခဲ့ပြီး ဘေးနားကလူများ ဆေးရုံတင်ပေးသော်လည်း အသက်ဆုံးရှုံးသွားကာ အစထဲက တစ်ယောက်ထဲ ရပ်တည်နေရသောကြောင့် ဆွေမျိုးလဲ မကျန်ခဲ့ပါသော သားလေးကို ကျမတို့ “ခိုင်” မိသားစု ဂေဟာ သို့ ခေါ်ယူစောင့်ရှောက်ဖြစ်ခဲ့ပါတယ်ရှင်..ကလေးစောင့်ရှောက်ပေးထားတဲ့ မောင်လေးမှလဲ ကျမကို ထိုင်ကန်တော့ပြီး ကလေးလေးကို အပ်နှံခဲ့သောကြောင့် စိတ်မကောင်းစွာနဲ့ပဲ လက်ခံခဲ့ပါတယ်ရှင်..”လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။
ခိုင်နှင်းဝေဟာ မိဘမဲ့ရင်သွေးလေးတွေကိုလည်း စောင့်ရှောက်ပေးထားသူတစ်ဦးဖြစ်ပြီး သူမထံကို ကူညီလိုနေတဲ့ ကလေးငယ်တွေ လာရောက်ပေးအပ်မှုများလည်းရှိကာ စိစစ်ပြီး လက်ခံစောင့်ရှောက်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။
ကိုဗစ်ကာလမှာလည်း ခက်ခဲနေတဲ့ အကူညီလိုအပ်နေတဲ့ မိသားစုတွေကို အလှူအတန်းတွေ မနားမနေပြုလုပ်ပေးနေသူဖြစ်ပြီး သူမက အလှူပြုရာနေရာမှာလည်း လူတစ်ယောက်ဘဝပြန်လည်တည်ထောင်နိုင်တဲ့အထိ ထူးထူးခြားခြားဆောင်ရွက်ပေးသူဖြစ်လို့ ပရိသတ်တွေကော အခြားအနုပညာရှင်အချင်းချင်းကပါ ချီးကျူးနေကြသူလည်း ဖြစ်ပါတယ်။
အကူအညီလိုအပ်နေသူများကို လှူတန်းတဲ့အခါမျိုးမှာ တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ကိုင်စားသောက်လို့ ရလောက်အောင် စီစဉ်ကူညီပေးတဲ့အတွက် သူမရဲ့ အလှူများကို အားလုံးကလည်း သာဓုခေါ်နေကြတာပဲဖြစ်ပါတယ်။
credit Cele Guru