အနှိပ်စက်ခံ အိမ်ထောင်ရေး(သို့)အချစ်ရေးထဲ ကျရောက်နေပြီလားဆိုတာ သိနိုင်မယ့်အချက်များ
အချစ်ရေး၊ အိမ်ထောင်ရေးတွေနဲ့ ပတ်သက်လို့ မိန်းကလေးအများစု လိုချင်ကြတာက ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်ကြင်နာမှုနဲ့ ကာကွယ်အုပ်မိုးပေးနိုင်တဲ့ လုံခြုံနွေးထွေးမှုမျိုးပါ။ သို့ပေမယ့် တစ်ခါတစ်ရံမှာ ကိုယ်မျှော်လင့်ထားတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမျိုးမဟုတ်ဘဲ စိတ်ထဲက မလိုချင်ဆုံး အခြေအနေတစ်ခုကို ရောက်မှန်းမသိ ရောက်နေတတ်ကြပါတယ်။
ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်က ကိုယ့်အပေါ် အကောင်းဆုံး၊ အနွေးထွေးဆုံး ချစ်ခင်ဆက်ဆံတာကို အလိုရှိကြပေမယ့် လက်တွေ့ဘဝမှာတော့ မှောင်မိုက်တဲ့ ချောက်နက်ကြီးထဲ ရောက်နေသလို ခါးသီးမှုတွေကို တစ်ယောက်တည်း ကြိတ်မှိတ်မျိုသိပ် ခံစားနေရတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ အနှိပ်စက်ခံ၊ အရက်စက်ခံ အိမ်ထောင်ရေး (သို့မဟုတ်) အချစ်ရေးထဲမှာ ကျရောက်နေပြီလားဆိုတာ ကိုယ်တိုင်ပြန်ဆန်းစစ် ကြည့်နိုင်မယ့် အချက်တွေကတော့ မိန်းကလေးအားလုံး သိကိုသိထားရမယ့် အချက်တွေလည်း ဖြစ်ပါတယ်။
စိုးမိုးချုပ်ကိုင်လွန်းခြင်း
အောင်မြင်ပျော်ရွှင်ရတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေရဲ့ အဓိကအသက်ဟာ အပြန်အလှန် လေးစားတန်ဖိုးထားမှု ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်လေးစားပြီး တန်ဖိုးထားတဲ့ ချစ်သူစုံတွဲတွေဟာ တစ်ယောက်ရဲ့ဆုံးဖြတ်ချက်၊ ရပ်တည်ချက်၊ အတွေးအမြင်တွေကိုလည်း အလေးပေးတတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ သင့်ရဲ့အိမ်ထောင်ဖက်၊ သို့မဟုတ် ချစ်သူဟာ ဘယ်အရာကိစ္စမှာမှ သင့်ရဲ့ဆုံးဖြတ်ချက်၊အမြင်ကို ထည့်မတွက်တာ၊ မလေးစားတာတွေ ပြုမူလာမယ်၊ သင့်ဘဝအတွက် သင်ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ရွေးချယ်မှုတွေမှာလည်း သူကပဲ ဆုံးဖြတ်ချက်ချပြီး သူ့သဘောအတိုင်း ရုပ်သေးရုုပ်လို လိုက်ပါ ကပြစေချင်တယ် ဆိုရင်တော့ သင်ဟာ အနှိပ်စက်ခံ အိမ်ထောင်ရေး၊ အချစ်ရေးရဲ့ သားကောင်ဖြစ်နေပြီဆိုတာ စိတ်မကောင်းစွာနဲ့ပဲ အသိပေးပါရစေ။
မနာလိုဝန်တိုစိတ် ကြီးမားလွန်းခြင်း
ကိုယ့်ချစ်သူ၊ ဇနီးမယားကို သဝန်တိုတယ်ဆိုတာဟာ ပုံမှန်အနေအထားအတိုင်းဆိုရင် ချစ်စရာတောင်ကောင်းပါသေးတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ကိုယ်ဘယ်သွားသွား၊ ဘယ်သူနဲ့ပဲ ပြောဆိုဆက်ဆံစေကာမူ၊ မဟုတ်တမ်းတရား စွပ်စွဲနေမယ်ဆိုရင်တော့ စဉ်းစားရမယ့်အချိန် ရောက်ပါပြီ။ သင့်ရဲ့သိက္ခာ၊ကိုယ်ကျင့်တရား၊ သစ္စာရှိမှုတို့ကို လုံးဝထည့်မတွက်တော့ဘဲ တွေ့သမျှယောက်ျားတိုင်းနဲ့ ပရောပရည် လုပ်နေပါတယ်၊ အီစီကလီ လုပ်နေပါတယ်ဆိုပြီး အချိန်ပြည့်စွပ်စွဲပြစ်တင်နေမယ်ဆိုရင်တော့ သူ့ဆီမှာ သင့်ကို မယုံမကြည် ဖြစ်နေတဲ့ စိတ်တွေ သိပ်ကြီးမားလွန်းနေပြီဆိုတာ သိလိုက်ပါ။ ဒီလိုဆက်ဆံရေးထဲမှာ ရေရှည်ဆက်နေနေမယ်ဆိုရင် အလိုလိုနေရင်း သိမ်ငယ်ရှက်ရွံ့စိတ်တွေနဲ့ စိတ်ဆင်းရဲနေရမယ် ဆိုတာလည်း သတိပြုလိုက်ပါ။
မိဘဆွေမျိုး အသိုင်းအဝိုင်းနဲ့ခွဲထားခြင်း
မိန်းမတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ညှင်းပန်းနှိပ်စက်ပြီး ဗိုလ်ကျစိုးမိုး ချုပ်ကိုင်ချင်တဲ့ ယောက်ျားတွေရဲ့ အကောင်းဆုံးဗျူဟာ တစ်ခုကတော့ အဲ့သည့်မိန်းမကို သူမရဲ့မိဘဆွေမျိုး အသိုင်းအဝိုင်း၊ မိတ်ဆွေသူငယ်ချင်းတွေဆီကနေ တစ်ယောက်တည်း ခွဲထုတ်ထားခြင်းပဲ ဖြစ်ပါတယ်။
မိဘအိမ်ကို သတိရလို့ ပြန်ချင်တယ်ဆိုတာတောင် ခွင့်တောင်းလို့မရတာမျိုး၊ သူငယ်ချင်းတွေနဲ့ ခဏလေးတွေ့ပြီး စကားပြောချင်တာတောင် ပိတ်ပင်တားဆီးတာမျိုးဟာ သူအမျိုးမျိုး ကစားနေလို့ စိတ်ရှုပ်ထွေးနောက်ကျိနေတဲ့ သင့်အတွက် ထွက်ပေါက်ရသွားမှာစိုးလို့ ကြိုတင်ကာကွယ်ထားခြင်းသာ ဖြစ်ပါတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း သူကိုယ်တိုင်က တားဆီးတာမျိုးထက် သင်ကိုယ်တိုင်က သင့်မိသားစုအသိုင်းအဝိုင်းအပေါ် အမြင်မကြည်မလင်ဖြစ်အောင်၊ မဆက်သွယ်ချင်အောင် သွေးထိုးလှုံ့ဆော်တဲ့နည်းလမ်းကိုလည်း သုံးတတ်ကြပါသေးတယ်။
လူရှေ့မှာရော လူကွယ်ရာမှာပါ ပြစ်တင်ရှုံ့ချခြင်း
လူရှေ့မရှောင် သူရှေ့မရှောင် အော်ငေါက်တာ၊ ရိုက်ပုတ်တာ၊ အများရှေ့မှာ အရှက်ရအောင် လုပ်တာတွေဟာ ညှင်းပန်းနှိပ်စက်မှုပြုနေတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတို့ရဲ့ လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း လူရှေ့မှာတော့ သိပ်ချစ်၊ သိပ်ဂရုစိုက်ဟန် လုပ်ပြတတ်ပြီး လူကွယ်ရာရောက်ပါမှ စိတ်ဆင်းရဲရအောင်၊ သိမ်ငယ်ဝမ်းနည်းရအောင် စိတ်ကိုအမျိုးမျိုး ဒုက္ခပေးတတ်ကြပြန်ပါသေးတယ်။ ဒါတင်မက သင့်ရဲ့ရုပ်ရည်၊ အရည်အချင်း၊ စွမ်းဆောင်မှုတွေကိုပါ အထင်သေးရှုံ့ချပြီး ဘယ်နေရာမှာမှ အသုံးမကျသလို၊ ဘောင်မဝင်သလို နှိမ့်ချပြောဆိုတတ်ပါတယ်။
ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း
ဒါကတော့ အဆိုးဆုံးအဆင့် ဖြစ်ပါတယ်။ ကိစ္စလေးတစ်ခု မဖြစ်လိုက်နဲ့။ ဖြစ်တာနဲ့ လက်ပါပြီး ရိုက်နှက်တာမျိုး၊ နာကျင်ခံခက်ဖြစ်ရအောင် နှိမ့်ချပြောဆိုတာမျိုးတွေအထိ လုပ်တတ်ပြီး အဆိုပါဝဲဂယက်ကြီးထဲကနေ လွတ်မြောက်ဖို့ ကြိုးစားမယ်ဆိုရင်လည်း ဘယ်လိုကြီးမားတဲ့ ထိခိုက်နာကျင်မှုမျိုးတွေကို လုပ်ဦးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေကိုပါ တစ်ဆက်တည်း လုပ်တတ်ကြပါတယ်။ သင်တန်ဖိုးထားရတဲ့ လူပုဂ္ဂိုလ်၊အရာဝတ္ထုတွေနဲ့ ကိုင်ပေါက်ပြီး သူ့လက်ထဲကနေ ရုန်းမထွက်နိုင်အောင် ခြိမ်းခြောက်နေပြီဆိုရင်တော့ အဲ့သည့်ဆက်ဆံရေးကနေ အမြန်ဆုံးရုန်းထွက်ဖို့ အချိန်တန်ပါပြီလို့ အကြံပြုလိုက်ပါတယ်။
အမျိုးသမီးတိုင်း နှိပ်စက်ကလူပြုခံရတဲ့ ဆက်ဆံရေးမျိုးကနေ ကင်းဝေးပြီး ပျော်ရွှင်အေးချမ်းသာယာတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတို့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းလိုက်ပါတယ်။
အလင်းဦး