ၾကားသိရသမွ်

ဖခင်ဖြစ်သူက ကျဆုံးသွားတာကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေးတွေအတွက် တိုက်ခန်းလေးတစ်ခန်းပေးအပ်ပြီးတတ်နိုင်သလောက်ကူညီခဲ့တဲ့ ပြည်သူတချို့

ပြည်သူလူထုနဲ့အတူ ရဲစွမ်းသတ္တိအပြည့်နဲ့ပါဝင်ရင်း အသက်ပေးသွားရတဲ့ သူရဲကောင်းတွေအတွက်လည်းစေတနာရှင်ပြည်သူတစ်စုက ကျန်ရစ်သူမိသားစုကို ဝိုင်းဝန်းကူညီပေးနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ အစ္စလာမ်ဘာသာဝင် ရှဟီဒီမာမွတ်ဘိုင်(ခ)ကိုသေးကတော့ မတ်လ(၁၅)ရက်နေ့မှာ ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး မတ်လ(၁၆)ရက်နေ့ မနက်စောစော(၅:၃၀)မှာတော့ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့သူရဲကောင်း ကိုသေးမှာဆိုရင် သားသမီးတွေလည်းရှိတာကြောင့် ကလေးတွေကတော့ မိဘမဲ့ဖြစ်သွားရရှာတာဖြစ်ပါတယ်။

ရှဟီဒီမာမွတ်ဘိုင်(ခ)ကိုသေးရဲ့ သားသမီးတွေကတော့ သမီးကြီးရိုကိုင်ရာ(၁၂)နှစ်နဲ့ သားငယ် ရှာအ်ဗာန်(၇)နှစ် တို့ဖြစ်ပါတယ်။

ကိုသေးက အသက်ရှိစဉ်တုန်းကဆိုရင် ရပ်ကွက်ထဲမှာ သူဝါသနာပါတဲ့ လျှပ်စစ်၊မီးပူ၊ပန်ကာ၊ပေါင်းအိုး စတာတွေကို ပြင်ပေးပြီး ရိုးရိုးသားသားလုပ်ကိုင် စားသောက်တာ ဖြစ်ပါတယ်။

ကိုသေးကတော့ လူပုံကသေးသေး၊ဖြူဖြူပျော့ပျော့လေး ဖြစ်ပေမယ့် လူထုလှုပ်ရှားမှုတွေမှာဆိုရင် တက်တက်ကြွကြွနဲ့ရှေ့ဆုံးကနေပါဝင်တာ ဖြစ်ပါတယ်။ကိုသေး ကျဆုံးမယ့်နေ့ကဆိုရင်လည်း အိမ်မှာပန်ကာပြင်နေရင်း လူအင်အားလိုလို့လာဝိုင်းပေးကြပါဆိုပြီးခေါ်တယ်ကြားလို့ ညီအစ်ကိုတွေ ထွက်လိုက်သွားကြတာ လို့ သိရပါတယ်။

ကိုသေးရဲ့ဇနီးသည်က လွန်ခဲ့တဲ့ငါးနှစ်ကျော်က ဆုံးပါးသွားခဲ့တာဖြစ်ပြီး အခုလည်း သူပါကျဆုံးသွားတာကြောင့်ပြည်သူလူထုကတော့ ကလေးတွေအတွက် အရမ်းစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။

စေတနာရှင်ပြည်သူတစ်စုကလည်း ကိုသေးရဲ့ကျန်ရစ်သူမိသားစုအတွက် တစ်နိုင်တစ်ပိုင်လေး လှူဒါန်းကြပြီး တိုက်ခန်းလေးတစ်ခန်းကိုလည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကလေးတွေအတွက် မွေ့ယာ၊ခေါင်းအုံး စတဲ့ပစ္စည်းလေးတွေကိုလည်း ပြည့်ပြည့်စုံစုံစီစဉ်ပေးကြတာဖြစ်ပါတယ်။အခုလိုမျိုး ဝိုင်းဝန်းလှူဒါန်းကြတဲ့ ပြည်သူတွေရဲ့အလှူကို သာဓုခေါ်ရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder