ပတ်ဝန်းကျင်မှာ ကြည့်ကြည့်ပါ။ အစည်းအဝေးတွေမှာဆို ဘယ်သူတွေ ထဆွေးနွေးနေလဲ၊ သင်တန်းတွေမှာ မေးခွန်းမေးလိုက်ရင် ဘယ်သူတွေရဲ့အသံ အများဆုံးကြားရတတ်လဲ။ အများစုက ယောက်ျားတွေပါ။ ဒါကိုကြည့်ရင် မိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းမှုကို အလွယ်တကူ သိနိုင်ပါတယ်။
ဒါ ဘာကြောင့်လဲ။ မိန်းကလေးတွေရဲ့ ပင်ကိုယ်ဗီဇကြောင့်လား။ Leaders are made ခေါင်းဆောင်တွေကို ပျိုးထောင်လို့ရတယ် ဆိုတဲ့ အယူအဆ တွင်ကျယ်လာတဲ့ ဒီနေ့ခေတ်မှာ ပင်ကိုယ်ဗီဇ ဆိုတာထက် မိဘအုပ်ထိန်းသူတွေရဲ့ ပျိုးထောင်မှုနဲ့သာ အဓိကဆက်စပ်တယ်လို့ ထင်မိပါတယ်။
စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ ကျောင်းတစ်ကျောင်းမှာ လေ့လာမှုတစ်ခုလုပ်တော့ စာမေးပွဲကျတဲ့ ကျောင်းသားတွေ၊ ကျောင်းသူတွေကို ဒီကျရှုံးမှုအပေါ် ဘယ်လိုခံစားရသလဲ ဆိုပြီး မေးပါတယ်။ အဲဒီအခါ ကျောင်းသားတွေက ခပ်အေးအေးပဲဖြေတယ်၊ ‘ကျွန်တော်တို့ ဂိမ်းကစားတာ များသွားလို့၊ အာရုံစူးစိုက်မှု လျော့သွားလို့’ စသဖြင့်ပေါ့။ မိန်းကလေးတွေကတော့ ‘သမီးတို့ အသုံးမကျလို့’ ဆိုတဲ့ အဖြေမျိုး ဖြေတယ်။
ဘာလို့လဲ။ ဆရာမတွေက စာမလုပ်တဲ့ ကျောင်းသားနဲ့ ကျောင်းသူကို ဆူတဲ့ပုံစံ မတူလို့ပဲ။
ကျောင်းသားကိုတော့ ‘နင်တို့က ဉာဏ်ကောင်းရက်နဲ့၊ ကြိုးစားရင် ရနေတာကို အပျင်းထူနေကြတယ်’ ဆိုတာမျိုး ဆူပြီး မိန်းကလေးတွေကိုတော့ ‘ညံ့လိုက်တာ၊ မိန်းကလေးဖြစ်ပြီး ဒီလောက်တောင် ပျင်းရသလား’ စသဖြင့် ပြောပါတယ်။of
ဒီတော့ ယောက်ျားလေးတွေက ဒီရှုံးနိမ့်မှုကို ‘အခိုက်အတန့်’လို့ပဲ သဘောထားတယ်။ ငါတို့ ကြိုးစားလိုက်ရင် ဒါကို ကျော်လွှားနိုင်မှာ ဆိုတဲ့ ယုံကြည်မှုရှိတယ်။ မိန်းကလေးတွေကတော့ ငါတို့က သုံးမရတဲ့သူတွေပါ၊ တစ်သက်လုံးလည်း အောင်မြင်မှာ မဟုတ်ဘူး ဆိုတဲ့ အငုံ့စိတ်တွေ ဝင်သွားပါတယ်။
ဆိုလိုတာကတော့ အုပ်ထိန်းသူတွေရဲ့ ပျိုးထောင်မှုပုံစံတွေက ယောက်ျားလေးကို ရဲရင့်စေတယ်။ မိန်းကလေးကိုတော့ ငြိမ်ဝပ်စေတယ်။ ယောက်ျားဆိုတာ ပြောရဲလုပ်ရဲ ဆုံးဖြတ်ရဲမှ။ မိန်းကလေးကတော့ ဗိုင်းကောင်းကျောက်ဖိ၊ အလိမ္မာအိမ်ပါ။
ရလဒ်အနေနဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ဘူး။ မပြောရဲ မဆိုရဲ ဖြစ်လာတယ်။ တော်တာက တော်တာ တစ်ပိုင်း၊ ယုံကြည်မှုရှိခြင်း မရှိခြင်းက တစ်ပိုင်း။ တော်တယ်၊ သိတယ်၊ မပြောရဲဘူး၊ မဆုံးဖြတ်ရဲဘူးဆိုတဲ့အခါမှာ ခေါင်းဆောင်နေရာတွေ မရတော့ဘူး၊ မပေးချင်ကြတော့ဘူး ဖြစ်လာတယ်။ တကယ်တော့ ဒါဟာ အုပ်ထိန်းမှုပုံစံတွေနဲ့ အများကြီး သက်ဆိုင်မှုရှိတယ်။
တကယ်လို့များ ကိုယ်ဟာ သမားရိုးကျ မိန်းကလေးတစ်ယောက်အဖြစ် ပျိုးထောင်ခံခဲ့ရတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး ထင်နေရင်လည်း အားငယ်စရာ မလိုဘူး။ ကြိုးစားတည်ဆောက်လို့ ရတယ်။ ပြင်ဆင်လို့ ရတယ်။ ပြောင်းလဲဖို့အတွက် အဓိက လိုတာက ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်စိတ်ပဲ။
နောက်ဆုံးတစ်ခုကတော့ အိမ်ထောင်ဖက်။ ထက်မြက်တဲ့ အမျိုးသမီးအများစုကို ကြည့်လိုက်ရင် Single ဖြစ်ရင်ဖြစ် (အပျိုကြီး သို့မဟုတ် Single mother ပေါ့) ဒါမှမဟုတ်ရင် သူတို့အိမ်ထောင်ဖက်က နားလည်မှုရှိတဲ့သူ၊ ဖိုဝါဒ သိပ်မလွန်ကဲတဲ့သူ ဖြစ်နေတာ တွေ့ရတယ်။
ဒါတွေကလည်း ဘာလို့လဲဆိုရင် လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကြောင့်ပဲ။ ကျွန်တော်တို့ ယောက်ျားတွေဟာ အဲဒီသတ်မှတ်ချက်တွေကြားမှာ ကြီးပြင်းလာတယ်။ စိတ်ကူးထဲက အိမ်ထောင်ဖက်ပုံစံကို မေးကြည့်။
အများစုက ဖြေလိမ့်မယ်၊ အိမ်မှုကိစ္စ နိုင်နင်းရမယ်၊ အလုပ်က ပြန်လာရင် အိမ်ထမင်း အိမ်ဟင်းလေး စားချင်တယ်၊ ကိုယ်ရှာသမျှကို စီးတဲ့ရေ ဆည်တဲ့ကန်သင်း လို စုနိုင်တဲ့သူမျိုး ဖြစ်ရမယ် စသဖြင့် ကိုယ့်ကို ဖြည့်ဆည်းပေးတဲ့သူ၊ ကိုယ်လွှမ်းမိုးလို့ရတဲ့သူ၊ ကိုယ့်ကို မှီခိုအားကိုးတဲ့သူ၊ မိန်းကလေးပီသသူကိုသာ လိုချင်ကြတယ်။
ဒီအခါ ကိုယ်ယူလိုက်တဲ့ မိန်းကလေးက ဒီပုံစံအတိုင်း မဟုတ်ဘူး၊ သူ့ခြေထောက်ပေါ် သူရပ်တယ်၊ တော်ရုံ အားမကိုးဘူးဆိုရင် အိမ်ထောင်ရေးမှာ အဆင်မပြေတော့ဘူး။
အဲဒီလိုပြောလို့ ယောက်ျားက ဘာအလုပ်မှမလုပ်နဲ့၊ အိမ်မှုကိစ္စလုပ်၊ ကလေးထိန်း၊ မိန်းမကပဲ ပိုက်ဆံရှာမယ်၊ ဒီလိုပြောတာ မဟုတ်ဘူး။ သူလည်း သူ့အလုပ်သူလုပ်၊ သူ့ဟာသူ အောင်မြင်အောင် ကြိုးစား။
တစ်ဖက်မှာလည်း ကိုယ့်လက်တွဲဖော်ကို ကိုယ်လိုပဲ အလုပ်လုပ်ခွင့်ပေး၊ အောင်မြင်ခွင့်ပေး၊ ဖွံ့ဖြိုးခွင့်ပေး။ လက်ထပ်ပြီးပြီ မင်းအလုပ်ထွက်လိုက် ငါပဲ လုပ်ကျွေးမယ် ဆိုတာမျိုးက ပါရမီဖြည့်ဘက်ကောင်း မဟုတ်ဘူး။
တကယ်တော့ ပါရမီဖြည့်တယ် ဆိုတာ ယောကျာ်းကိုချည်း မိန်းမက ဖြည့်ရမှာမဟုတ်သလို တစ်ယောက်ကပဲ တစ်လမ်းသွားပုံစံ ဖြည့်စရာ မလိုဘူး။ အပြန်အလှန်ဖြည့်လို့ရတယ်။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ရင်း သူ့အိပ်မက်ကိုလည်း လက်တွေ့ဖြစ်လာအောင် ကူညီပေးတာကမှ ပါရမီဖြည့်တာ ဖြစ်ပါတယ်။
စဉ်းစားကြည့်ရင် ယောကျာ်းနဲ့ မိန်းမဆိုတာ ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံလိုပါပဲ။ တောင်ပံတစ်ဖက်က ဘယ်လောက် သန်စွမ်းနေပါစေ၊ တစ်ဖက်က ချည့်နဲ့နေရင် ဒီငှက်က ဘယ်ကိုမှ မရောက်နိုင်သလို အမြင့်လည်း ပျံနိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် အမျိုးသမီးတွေ တိုးတက်လာခြင်းဟာ ကျွန်တော်တို့ အမျိုးသားတွေ တိုးတက်လာခြင်းလည်း ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းအတွက်လည်း ကောင်းပါတယ်။
ဒီလိုမျိုး အမျိုးသမီးတွေ ထက်မြက်လာဖို့ဆိုရင် ပင်ကိုယ်ဗီဇဆိုတာထက် ငယ်ရွယ်စဉ်က မိဘအုပ်ထိန်းသူများရဲ့ ပျိုးထောင်ခဲ့တဲ့ ပုံစံ၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်စိတ်နဲ့၊ ကြီးလာတဲ့အခါမှာ ဘဝထဲရောက်လာမယ့် လက်တွဲဖော် ဘယ်လိုလူလဲ ဆိုတာတွေက ပိုအရေးကြီးပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ