ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တော့မယ် စဉ်းစားရင် ဘဝရှင်သန်ရေးအတွက် ဝန်ထမ်းလုပ်မလား ၊ ကိုယ်ပိုင်လုပ်ငန်းပဲ ထောင်မလားဆိုတာ ရွေးချယ်ရတော့မှာပါ။ တကယ်တော့ ကိုယ်ပိုင်စီးပွားရေးဆိုတာ ဝန်ထမ်းလုပ်တာထက် ပိုပြီး စွန့်စားမှု ၊ မသေချာမှု များပါတယ်။ တစ်ချိန်တည်းမှာပဲ အခွင့်အလမ်းနဲ့ အနာဂါတ်လည်း ပိုမို ကောင်းမွန်တောက်ပနိုင်ပါတယ်။ လုပ်ငန်းသေးသေးလေးကနေ စတင်ပြီး ကိုယ်ပိုင် လုပ်ငန်းလုပ်တော့မယ်ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အခုပြောမယ့် အချက်တွေက တကယ်အသုံးဝင်မှာပါ။
(၁) ဈေးကွက် သုတေသနလုပ်
ကိုယ့်မှာ စီးပွားရေးအိုင်ဒီယာတစ်ခု ရှိထားတယ်ဆိုရင် ဒီအချိန်ဟာ ဒါကို တကယ်အကောင်အထည်ပေါ်လာအောင် စီစဉ်ဖို့ အချိန်ကျပြီ ဖြစ်ပါတယ်။ ဒီတော့ ပထမဆုံးကိုယ်သွားမယ့် လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတွေလိုအပ်မယ် ၊ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမယ် ၊ ဘယ်လောက်အထိ ဈေးကွက်ရှိနိုင်တယ် ၊ ကိုယ်လိုမျိုး ဘယ်ကုမ္ပဏီတွေက ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ပေးနေသလဲဆိုတာ စိစစ်ပြီး ကိုယ့်ဘက်က ဘာတွေလုပ်နိုင်မလဲ ရှာပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို မေးခွန်းတွေ ထုတ်နေဖို့ပါပဲ။
(၂) အစီအစဉ်ဆွဲ
Source : saskiaconstantinou.com
စီးပွားရေးအစီအစဉ်တစ်ခု ရေးဆွဲဖို့က ဒုတိယအဆင့်ပါ။ ခေါင်းထဲက စိတ်ကူးကို အကောင်အထည်ဖော်သွားမယ့် မြေပုံတစ်ခုကို ချရပါမယ်။ ဒီထဲမှာ တစ်ခြားသူတွေဆီက ငွေကြေးနဲ့ ရင်းနှီးမြှပ်နှံမှုကို ရှာဖွေသွားမယ်ဆိုရင်လည်း သီးသန့် စီးပွားရေးအစီအမံတစ်ခုကို ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ရေးဆွဲဖို့လိုပါတယ်။
(၃) ငွေကြေး စီမံမှုလုပ်
Source: Lakeland Bank
လုပ်ငန်းတစ်ခုထောင်ဖို့အတွက် ပိုက်ဆံအများကြီး မလိုပေမယ့် လုပ်ငန်းကနေ အမြတ်မထွက်ခင် ကြားကာလမှာတော့ ဒီလုပ်ငန်းပေါ် သုံးစွဲရတာတွေ ရှိပါတယ်။ လုပ်ငန်း လိုင်စင်ဆောင်တာ ၊ မှတ်ပုံတင်တာ အပါအဝင် နောက်ဆုံး ရုံးခန်းငှားတာ ၊ ဈေးကွက်ဆင်းတာ ၊ လစာပေးတာကအစ ငွေကြေးကို စီမံတတ်ဖို့ လိုပါတယ်။
(၄) စီးပွားရေး ပုံစံရွေးချယ်
Source: Money Crashers
စီးပွားရေးပုံစံဆိုရာမှာ တစ်ဦးပိုင်သွားမလား ၊ ပါတနာနဲ့ သွားမလား ၊ ဒါမှမဟုတ် ကော်ပိုရေးရှင်းပုံစံနဲ့ ထွက်မလား ဆိုတာကိုလည်း ထည့်တွက်ရမှာပါ။ ကနဦး စီးပွားရေးမော်ဒယ်ကို ရွေးပြီးမှသာ စီးပွားရေးအလားအလာအတိုင်း ကိုယ်သွားချင်သလို သွားလို့ရအောင် ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။
(၅) လုပ်ငန်းနာမည်ပေးပြီး မှတ်ပုံတင်
Source: USA Today
အလုပ်ခွင်မှာ သုံးနိုင်ဖို့ လုပ်ငန်းနာမည်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် လုပ်ငန်းဝက်ဘ်ဆိုက်ပါ တစ်ခါတည်း ရွေးချယ် နာမည်ပေးသင့်ပါတယ်။ ကိုယ်လုပ်မယ့် လုပ်ငန်း အမျိုးအစားကို မှတ်ပုံတင်ရုံးသွားပြီး မှတ်ပုံတင်သင့်ပါတယ်။ ဒါမှသာ နောက်ပိုင်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ပြဿနာ မရှိတော့မှာ ဖြစ်ပါတယ်။
(၆) ငွေအဝင်အထွက် ကိုင်မယ့်သူရှာ
Source: DNA India
အလုပ်တစ်ခု တည်ထောင်ရာမှာ ငွေကြေး အဝင်အထွက်ကို စိစစ်ပေးမယ့် စာရင်းကိုင်တစ်ယောက်လိုပါတယ်။ ဒါမှသာ လစာ ၊ ဝင်ငွေ ၊ အခွန်ကအစ စီမံပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် စာရင်းကိုင်စနစ်ကို ကိုယ်တိုင်ပဲ လုပ်လုပ် ၊ ကျွမ်းကျင်သူ စာရင်းကိုင်တစ်ယောက်ပဲ ငှားငှား ပြဿနာမရှိပါဘူး။ တစ်ချို့ဆို စာရင်းကိုင်ဆော့ဖ်ဝဲလ်သုံးတာလည်း ရှိပါတယ်။
(၇) လုပ်ငန်းကို ဒီလိုစတင်ပါ
Source: SmallBusiness.co.uk
စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်နိုင်ဖို့ လုပ်ငန်းနေရာသတ်မှတ်ဖို့လည်း အရေးကြီးပါတယ်။ ရုံးခန်းနေရာ ရွေးရာမှာ အိမ်မှာ ဖြစ်စေ တစ်ခြားစီးပွားရေးလုပ်ငန်းခွင်တစ်နေရာမှာ ငှားပြီး ဖြစ်စေ နေရာသတ်မှတ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ်လုပ်နေတဲ့ စီးပွားရေးနဲ့ ကိုက်ညီတဲ့ အလုပ်နေရာမျိုး ဖြစ်ဖို့ပါပဲ။ ဒီအဆင့်မှာတော့ ဝန်ထမ်းတွေ ငှားပြီး အလုပ်တစ်ခု စတင်ရမယ့် အချိန်ပါပဲ။ တကယ်လို့ဝန်ထမ်းမငှားဘဲ ကန်ထရိုက်စနစ်နဲ့ သွားမယ်ဆိုရင်လည်း ဒီအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဖြစ်ရမှာပါ။
စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်လည်ပတ်ပြီ ဆိုတာနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ လိုလာပါပြီ။ ဒီအတွက် ဈေးကွက်မြှင့်တင်ရေးအစီအစဉ်များ သုံးရမှာ ဖြစ်ပါတယ်။ ဒါအပြင် စီးပွားရေးထူထောင်မှုမှာ လိုအပ်တဲ့ လှုပ်ရှာမှုတွေ လုပ်နေရပါမယ်။ ဒါတွေကတော့ တစ်ဆင့်ချင်း သွားရမှာပါ။ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု အောင်အောင်မြင်မြင် စတင်နိုင်ဖို့ဆိုရင် အခုပြောမယ့် အချက်တွေကို အကောင်အထည်ဖော်ဖို့လိုပါတယ်။ ဒီအဆင့်တွေကို တစ်ဆင့်ချင်း ဖြတ်သန်းသွားခြင်းအားဖြင့် ကိုယ်ပိုင်စီးပွားလေးလုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင် ထူထောင်နိုင်မှာ ဖြစ်ပါတယ်။