အသိပညာ

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့

“တစ်နေ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်” ဆိုတဲ့အရာက လူငယ်တိုင်းရဲ့ အိမ်မက်တစ်ခု ဖြစ်ပါတယ်။ မိဘတွေကို မှီခိုစရာ မလိုဘဲ ကိုယ့်အရည်အချင်း၊ ကိုယ့်အားထုတ်မှုနဲ့ ပိုက်ဆံတွေရှာပြီး လွတ်လပ်တဲ့ ဘဝလေးတစ်ခုမှာ ရပ်တည်ရင်း မိသားစုကို ပြန်စောင့်ရှောက်နိုင်ဖို့က လူငယ်အများစုရဲ့ ဆန္ဒပါ။ ဒါပေမယ့် မှီခိုမှုတွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့တွေက တစ်ခုခုဆို ကိုယ့်ဘာသာ ရင်ဆိုင် ဖြေရှင်းဖို့ထက် သူများကို အားကိုးလိုက် မိတာပဲ များပါတယ်။

ပါးစပ်ကသာ ကြွေးကြော်နိုင်ပေမယ့် တကယ်အကောင်အထည် ဖော်ဖို့က အိမ်မက် သာသာပဲ ရှိတဲ့ဘဝ ဖြစ်နေရတာပေါ့။ ဆိုပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မားမားမတ်မတ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြသူတွေ အများကြီး ရှိပါတယ်။ သူတို့ကို ကြည့်ရတာ ယုံကြည်မှု ရှိတယ်၊ လွတ်လပ်တယ်၊ စမတ်ကျတယ်၊ ရင့်ကျက်တယ်၊ အရည်အချင်း ရှိတယ်။

ဒီလိုမျိုး သူတို့တွေကို အားကျပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင် သူလေးတွေအတွက် ဒီလိုဖြစ်နိုင်ဖို့ ဘယ်လိုစိတ်ဓာတ်မျိုး ထားရမယ်၊ ဘာတွေ လေ့ကျင့်ယူရမယ်၊ ဘာတွေ ပြင်ဆင်ထားသင့်တယ် ဆိုတာလေး သိသလောက်ထဲက ဝေမျှပေးပါမယ်။ ကိုယ်စွမ်းကိုယ်စနဲ့ ရပ်တည်နိုင်ကြပါစေ။

၁. ကိုယ့်အားကိုယ်ကိုးပါ

တစ်ခါတစ်လေ တစ်ချို့ မိဘတွေက သားသမီးကို အချစ်လွန်ပြီး စိတ်ပူတတ်လွန်းတဲ့အခါ နေရာတကာ သူတို့ပါတယ်၊ သူတို့လုပ်ပေးတယ်၊ အကုန်လိုက် စီမံပေးတယ် အဲ့တော့ ကလေးက ကိုယ့်ဘာသာ ဘာမှ မလုပ်တတ်တော့ဘူး။

မိဘတွေပါမှ ဆိုတာမျိုး ဖြစ်လာတယ်။ လူကသာ အရွယ်ရောက်နေပေမယ့် တစ်ယောက်တည်းဆို မသွားတတ်၊ မလာတတ်၊ မလုပ်ရဲ၊ မကိုင်ရဲနဲ့ သတ္တိတွေ ကြောင်လာတယ်။ ကိုယ့်အားကိုယ် မကိုးတတ်တော့ဘူး။ အဲ့တော့ မိဘ၊ သူငယ်ချင်း ဒါမှမဟုတ် တစ်ယောက်ယောက်ကို အမြဲ မှီခိုနေရမှ အဆင်ပြေတဲ့ ဘဝမျိုး ရောက်သွားတယ်လေ။

ဒါကြောင့်မို့ နေရာတကာ သူများကို အားကိုးတယ် ဆိုတာ မကောင်းပါဘူး။ လူဆိုတာ အချိန်တန် အရွယ်ရောက်ရင် သူ့အရွယ်နဲ့သူ လုပ်နိုင်တဲ့ အစွမ်းအစတွေက ရှိကြပြီးသားပါ။ ကိုယ့်အတွေးအခေါ်၊ ချင့်ချိန် ဆုံးဖြတ်နိုင်စွမ်း၊ အရည်အချင်း တွေအပေါ် မူတည်ပြီး ကိုယ့်အားကိုယ် ကိုးနိုင်အောင် ကြိုးစားသင့်ပါတယ်။ မိဘတိုင်းကတော့ သားသမီးကို အချစ်ပို၊ စိတ်ပူတတ်ကြတာ ဆိုပေမယ့် အလွန်အကျွံဆိုရင်တော့ ကိုယ့်သားသမီးကို ကိုယ်တိုင် ဖျက်ဆီးရာလည်း ကျတတ်တာမို့ မိဘတွေ အနေနဲ့လည်း ဆင်ခြင်သင့်ပါတယ်။

၂. သင်ယူခြင်း အတတ်ပညာ

ဘဝဆိုတာ ချိုမြိန်ခြင်းထဲက ခါးသက်တဲ့ အရသာတစ်ခု ဖြစ်ပါတယ်။ ငိုကြွေးမှုရှိရင် ရယ်မောခြင်း ရှိမယ်၊ ပျော်ရွှင်ခြင်း ရှိရင် ဝမ်းနည်းရှိမယ်၊ ဒါဟာ ဘယ်တော့မှ ပစ်ပယ်လို့မရတဲ့ ဒွန်တွဲခြင်းပါပဲ။

ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင် ရပ်တည်ပြီး အရာအားလုံးကို ကိုယ့်ဘာသာ ရင်ဆိုင်ရတဲ့အခါမှာ ခါးသက်မှုတွေက ပိုပြီး ပြင်းထန်နေမှာပါ။ ကိုယ် မခန့်မှန်းထားတဲ့ အရာတွေရော၊ ကြိုတွေးမထားတဲ့ အရာတွေရော၊ မဖြတ်ကျော်နိုင်လောက်ဘူးလို့ ထင်တဲ့အရာတွေပါ အသေးဆုံးကနေ အကြီးမားဆုံး အခက်အခဲတွေအထိ ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။

အဲဒီအချိန်ကျရင် သင်ယူခြင်း အတတ်ပညာကို အသုံးချတတ်ဖို့ လိုပါတယ်။ ကြုံလာတဲ့ အခက်အခဲ၊ ခါးသီးမှုတွေကနေ သင်ယူတတ်မယ်၊ သင်ခန်းစာ ယူတတ်မယ်ဆိုရင် ရင့်ကျက်တည်ငြိမ်သူအဖြစ် တဖြည်းဖြည်း အသွင်ပြောင်း လာမှာပါ။ ဒါဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ကိုယ့်ခြေထောက်ပေါ်ကိုယ် အပြည့်အဝ ရပ်တည်နိုင်လာပါလိမ့်မယ်။

၃. ဝေဖန်မှုတိုင်းအတွက် မခံစားပါနဲ့

တိုက်ခိုက်မှုတွေ အားလုံးထဲမှာ စကားလုံး တိုက်ပွဲက ခံရအခက်ဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်မလုပ်တဲ့ အရာ၊ မတွေးတဲ့အရာ၊ တကယ်မဟုတ်တဲ့ အရာကို စွပ်စွဲတာမျိုးတွေ၊ အကောင်းဆုံး ကြိုးစားပေမယ့် အဆိုးမြင်ပြီး တစ်ချိန်လုံး အပြစ်ရှာခံနေရတာတွေ၊ ခနခန ဝေဖန်ခံရတာမျိုးတွေ တစ်ချို့တစ်လေ ကြုံဖူးကြမှာပါ။

လူတွေက လျှောက်ဝေဖန်နေကြတာ ဂရုစိုက်မနေနဲ့ ဆိုပြီး တခြားလူတစ်ယောက်ကို အကြံပေးဖို့က သိပ်လွယ်ပါတယ်။ ကိုယ်ခံစားနေရတာမှ မဟုတ်တာ ကိုယ်ချင်းစာဖို့ ခက်တယ်လေ။ ဒါပေမယ့် အမှန်တရားကလည်း ဒီအရာပါပဲ။ ဝေဖန်မှုတိုင်းအတွက် လိုက်ခံစားနေလို့ မရပါဘူး။

ပြောသမျှကိုသာ ခေါင်းထဲထည့်ပြီး ခံစားနေမယ်၊ စိတ်တိုမယ်၊ စိတ်ဓာတ်ကျမယ် အဲလိုဖြစ်နေရင် မကြာခင် ပြိုလဲသွားဖို့က အသေအချာပါပဲ။ ဒါကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ့်ဘာသာ တကယ်ရပ်တည်နိုင်တဲ့သူ ဖြစ်ချင်ရင် ဝေဖန်မှုတိုင်းကို လိုက်ခံစားနေတာ ရပ်လိုက်ပါ။ ဝေဖန်မှုတွေကို ချင့်ချိန်ပါ၊ ယူသင့်တာယူ၊ ပြင်သင့်တာပြင်၊ အမှိုက်တွေကိုတော့ ဂရုစိုက်မနေဘဲ လွှင့်ပစ်လိုက်ပါ။

၄. ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

ကျွန်တော်တို့တွေ မိသားစုအတွက် စဉ်းစားတယ်၊ သူငယ်ချင်းတွေကို ခုံမင်တယ်၊ မိတ်ဆွေတွေကို တန်ဖိုးထားကြတယ် ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့တတ်တယ်။

သူများကို ဂရုစိုက်တာ အရမ်းကောင်းတဲ့ အရာပါ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မေ့ထားရင်တော့ ကိုယ့်တန်ဖိုးက တစ်စ တစ်စ ကျလာမှာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ချစ်ခြင်းက မိမိတန်ဖိုး မိမိမြှင့်တင်ခြင်းပါပဲ။

သန့်သန့်ပြန့်ပြန့် ဝတ်စားတာ၊ ကျန်းမာရေး ဂရုစိုက်တာ၊ ကိုယ့်ဘဝကို ကျေနပ်လက်ခံတာ၊ ယုံကြည်ချက် ရှိတာ၊ ဆုံးဖြတ်ချက် ပြတ်သားတာ၊ လွတ်လပ်စွာ တွေးခေါ်တာ၊ ကိုယ့်အမြင်ကို လေးစားတာတွေကအစ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းထဲ ပါဝင်ပါတယ်။

ဒါတွေကြောင့်မို့ ကိုယ့်ဘာသာ ရပ်တည်နိုင်သူတွေကို ကြည့်လိုက်ရင် ယုံကြည်ချက် အပြည့်နဲ့ အားကျဖို့ကောင်းပြီး ရှိန်ချင်စရာလည်း ကောင်းနေရတာပါ။ တကယ်လို့များ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ မေ့ထားနေမယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထား၊ မချစ်တဲ့ သူတစ်ယောက်ကို ဘယ်သူမှလည်း တန်ဖိုးထားမှာ မဟုတ်ပါဘူး။

၅. အရည်အချင်း

ကိုယ့်ဘာသာ ရပ်တည်တော့မယ် ဆိုရင် အရည်အချင်းက စကားနည်းနည်း ပြောလာပါပြီ။ ဘာမှ မလုပ်တတ်၊ မကိုင်တတ်၊ မစီမံတတ်၊ မဖြေရှင်းတတ်ဘဲနဲ့တော့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ဘာသာ ရပ်တည်သူတွေက ဖြစ်လာသမျှ သူတို့ဘာသာ ရင်ဆိုင်တယ်၊ ကြုံသမျှ ပြဿနာ သူတို့ဘာသာ ဖြေရှင်းတယ်၊ ကိုယ့်ဝမ်းစာလောက်တော့ အေးဆေး ရှာဖွေနိုင်တဲ့ အရည်အချင်း ရှိကြတယ်။

အရာအားလုံးမှာ သူများကို မှီခို အားထားနေတာမျိုး မဟုတ်ဘဲ ကိုယ့်အားကိုယ်သာ ကိုးရမှာ ဖြစ်တဲ့အတွက် “ငါက ခြေမွှေးမီးမလောက် လက်မွှေးမီးမလောင်” နေခဲ့တာလေ ဆိုပြီး စောဒက တက်လို့မရပါဘူး။

ဒီလောက်လေးတောင် မလုပ်နိုင်ရင်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ် ဆိုတဲ့အိမ်မက်ကို မေ့ထားလိုက်ပါ။ ဒါကြောင့်မို့ ဖြစ်နိုင်ရင်တော့ ပညာရပ်တစ်ခုခုမှာ ကျွမ်းကျင်အောင် ကြိုးစားပါ၊ အရည်အချင်း ရှိလာအောင် သင်ယူ လေ့လာပါ။ ဒါဆိုရင် ဘယ်သူ့ကိုမှ အားထားနေစရာ မလိုဘဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရပ်တည်နိုင်မှာ အသေအချာပါပဲ။

၆. ထိန်းချုပ်နိုင်စွမ်း

ထိန်းချုပ်နိုင်စွမ်းဆိုတာ အရေးကြီးဆုံး ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ မိဘတွေကို မှီခိုနေတဲ့ အချိန်မှာတော့ သူတို့ အားကိုးနဲ့ ကြိုက်သလို နေလို့ ရတယ် ဆိုပေမယ့် ကိုယ့်ခြေထောက်ပေါ် ရပ်တည်ဖို့ ဆုံးဖြတ်တဲ့ အချိန်မှာတော့ ရင့်ကျက်မှု ရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ပါ ကြိုတင်ပြင်ဆင် ထားရမှာပါ။

ကိုယ့်ဘာသာ ရပ်တည်လိုက်ပြီ ဆိုတာနဲ့ ကိုယ်ဟာ မေမေ့ရင်ခွင်ထဲက ကလေးလေး မဟုတ်တော့ပါဘူး။ လူကြီးတစ်ယောက် ဖြစ်နေပါပြီ။ ကိုယ့်ဘဝ ကိုယ့်လမ်းကြောင်းကို ကိုယ့်ဘာသာ စီမံ ဆုံးဖြတ်ရတော့မှာပါ။

အမြဲတမ်း စိတ်လိုက်မာန်ပါနဲ့ ကိစ္စတိုင်းကို တုံ့ပြန်နေလို့ မရသလို ကြိုက်တာတွေ့တိုင်း ပြေးဝယ်နေလို့လည်း အဆင်မပြေတော့ပါဘူး။ အရာရာမှာ သူ့နေရာနဲ့သူ ကျိုးကြောင်းတကျ ဆင်ခြင် ထိန်းချုပ်နိုင်မှ ရှေ့ဆက်လျှောက်ဖို့က အဆင်ပြေမှာပါ။ ဒါကြောင့်မို့ နေရာတကာ ကိုယ့်စိတ်ချည်းပဲ အလိုမလိုက်ဘဲ ချင့်ချင့်ချိန်ချိန်နဲ့ သင့်တော်သလို ထိန်းချုပ်တတ်အောင် သင်ယူပါနော်။

၇. သန်မာပါစေ

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူ တစ်ယောက်က သန်မာပြီး ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုပါတယ်။ ကိုယ့်ဘာသာ အရာအားလုံး ရင်ဆိုင် ဖြေရှင်းနေရတာမို့၊ အံတုပြီး ရှင်သန်နေရတာမို့ စိတ်ဓာတ် ပျော့ညံ့နေလို့တော့ မရပါဘူး။

မတရားမှုနဲ့ အခက်အခဲတွေ များလွန်းလှတဲ့ လောကကြီးမှာ ရူးချင်လောက်အောင်ကို ဒုက္ခ ပေးခံရမှာပါ။ မျှော်လင့်ချက်တွေလည်း အကြိမ်ကြိမ် အသတ်ခံရလိမ့်မယ်၊ ခဏခဏ ကျရှုံးလိမ့်မယ်။ ဒါပေမယ့် ဒီသဘောတရားတွေကို သေချာနားလည်ပြီး ရင်ဆိုင်နိုင်ခြင်းက အကြီးမားဆုံးသော သန်မာမှုပါပဲ။ ပြီးတော့ ဘဝမှာ ငြင်းဆိုဖို့လည်း မကြောက်ပါနဲ့။

အားနာတတ်လွန်းလို့၊ ငြင်းဖို့ ကြောက်လို့ မလုပ်ချင်ဘဲ လုပ်ရတာတွေ၊ ဆုံးရှုံးလိုက် ရတာတွေ အများကြီးပါပဲ။ ဒါသန်မာသူတစ်ယောက်ရဲ့ ပုံစံမဟုတ်ပါဘူး။ကိုယ့်ဘဝမှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ မားမား မတ်မတ် ရပ်တည်ဖို့ လိုပါတယ်နော်။

ဆုံးဖြတ်ချက်တွေ၊ ခံယူချက်တွေ ခိုင်မာ ပြတ်သားပြီး ကိုယ်ကလည်း သန်မာ ကြံ့ခိုင်နေမှ ကိုယ့်ခြေထောက်ပေါ် ကိုယ်အမှန်အကန် ရပ်တည်နိုင်မှာပါ။ ဒါကြောင့်မို့ ငြင်းဆိုသင့်တာတွေ ငြင်းဆိုဖို့ မကြောက်ပါနဲ့၊ ယုံကြည်ချက် အပြည့်နဲ့ သန်မာပါစေနော်။

Credit Live and dream