ဗဟုသုတ

“လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး”

“လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး”

မျက်မှန်ကို ဒီနေ့မှ စတပ်တဲ့သူဟာသူ့နှာခေါင်းပေါ်မှာ မျက်မှန်ရှိနေတာကိုအချိန်ပြည့် သတိထားမိနေတယ်။

နေရတာ မလွတ်လပ်ဘူး။ ခဏခဏ မျက်မှန်ကို ချွတ်ကြည့်တယ်။ တပ်ကြည့်တယ်။ မျက်မှန်ကို မကြာမကြာ အဝတ်နဲ့သုတ်တယ်။

ဒါပေမယ့် မျက်မှန်တပ်တာ ကြာသွားတဲ့အခါ မျက်မှန်တပ်ထားမှန်း မသိတော့ဘူး။မျက်မှန်ဟာ ကိုယ့်မျက်နှာရဲ့အစိတ်အပိုင်း

တစ်ခုလို ဖြစ်သွားပြီ။ မျက်မှန်တပ်ထားတယ် ဆိုတာကို မေ့ထားလို့ရသွားပြီ။

စိတ်ကောင်းရှိတဲ့သူ စေတနာကောင်းတဲ့သူဟာ သူ့ကိုယ့်သူ “ငါ စိတ်ကောင်းရှိတယ် ငါ စေတနာ ကောင်းတယ်”လို့ မတွေးတော့ဘူး။

အဲဒီလို တွေးနေသေးတယ်ဆိုရင်စိတ်ကောင်း တကယ်မရှိသေးဘူး။စိတ်ကောင်းရှိဖို့ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ လုပ်ယူနေရတဲ့အဆင့်မှာပဲ ရှိသေးတယ်။

စိတ်ကောင်းရှိတာဟာသူ့ပင်ကိုယ်သဘာဝ မဖြစ်သေးဘူး။တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားတဲ့အခါ သူစိတ်ကောင်းရှိတာကို သူမေ့ထားလိုက်ပြီ။ မတွေးတော့ဘူး။အဲဒီအခါမှာမှ သူဟာ တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားပြီ။

ခွင့်လွှတ်တတ်တဲ့သူဟာ ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။ “ငါ ခွင့်လွှတ်လိုက်တယ်”လို့ မတွေးဘူး။”ငါ ခွင့်လွှတ်တယ် ငါခွင့်လွှတ်တယ်”လို့ ခဏခဏ တွေးနေရင် ဘယ်လို အဓိပ္ပာယ် ပေါက်သလဲ။ခွင့်မလွှတ်နိုင်သေးဘူးလို့ အဓိပ္ပာယ်ပေါက်တယ်။ ခွင့်လွှတ်ဖို့ ကြိုးစားနေတယ်။

ခွင့်လွှတ်လိုက်မယ်လို့တောင် မတွေးတော့တဲ့ အချိန်မှာ တကယ်ခွင့်လွှတ်နိုင်ပြီ။

ရောင့်ရဲတဲ့သူဟာ ရောင့်ရဲတယ်။ ဒါပေမယ့်”ငါက ရတာနဲ့ရောင့်ရဲတယ်”လို့ မတွေးဘူး။ကိုယ် ရောင့်ရဲကြောင်းကို သူများကို မပြောတော့ဘူး။ငါက ရောင့်ရဲတယ်လို့ မကြာခဏပြောနေရင် တကယ်ရောင့်ရဲတာ မဟုတ်သေးဘူး။

ရောင့်ရဲတယ်ဆိုတဲ့ ဂုဏ်ကို လိုချင်နေသေးတယ် ကိုယ့်ကို ရောင့်ရဲတဲ့သူလို့ အများမြင်အောင် သိအောင် လုပ်နေတယ်။အဲဒီလိုဂုဏ်ကို လိုချင်နေသေးတာကိုက မရောင့်ရဲသေးလို့ပဲ။

အဲဒီလိုပဲ ဥပုသ်စောင့်တယ်၊ တရားအားထုတ်တယ်။အဲဒါကို လူတွေသိအောင် ပြောနေတယ်ဆိုရင် မလုပ်ခင်ကတည်းက လူသိစေချင်တဲ့ဆန္ဒ ရှိနေတယ်။အဲဒီလို ဆန္ဒရှိနေရင် စေတနာမမှန်သေးဘူး။ အတ္တစိတ်က လွှမ်းမိုးထားတုန်းပဲ။ အတ္တစိတ်က လုပ်နေတယ်။

ငါက သူများထက် ပိုလုပ်နိုင်တယ်ဆိုတဲ့ မာနစိတ်က လွှမ်းမိုးနေသေးတယ်။

အတ္တစိတ်, မာနစိတ်တို့ မရှိတော့ရင် လုပ်ချင်တဲ့ဆန္ဒရှိလို့ လုပ်လိုက်တယ်။ အဲဒီအကြောင်းကို မပြောတော့ဘူး။

မေးရင်တောင် လိုတာထက် ပိုမပြောဘူး။ တိုတိုနဲ့လိုရင်းပဲ ပြောမယ်။စားနိုင်တာ ဂုဏ်တစ်ခု မဟုတ်သလို မစားဘဲနေနိုင်တာလည်း ဂုဏ်တစ်ခု မဟုတ်ပါဘူး။

တစ်ချို့က စားနိုင်တာကို ကြွားတယ်။တစ်ချို့က မစားဘဲနေနိုင်တာကို ကြွားတယ်။ နှစ်ဦးစလုံးဟာ မလွတ်လပ်တဲ့သူတွေပဲ။

အပျော်အပါးတွေကို များများခံစားတဲ့သူကသူ ခံစားနိုင်တာကို ကြွားတယ်။အပျော်အပါးတွေကို မခံစားတဲ့သူကသူ မခံစားတတ်တဲ့အကြောင်းကို ကြွားတယ်။နှစ်ဦးစလုံးရဲ့စိတ်ဟာ သဘာဝချင်းတူတူပဲ။ ကြွားတာဟာ မလွတ်လပ်တာပဲ။.

ကာင်းတာကိုလုပ်တဲ့အခါမှာ လူသိစေချင် တဲ့စိတ် အားကြီးနေရင် လွတ်လပ်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။တကယ်ကောင်းတဲ့သူဟာ “ငါ ကောင်းတယ်” လို့တောင် မတွေးတော့ဘူး။

တရားဟာ ကိုယ့်ဘဝနဲ့ထပ်တူဖြစ်နေရင် လုပ်နေပေမယ့် လုပ်နေတယ်လို့ မတွေး တော့ဘူး။ကိုယ့်ရဲ့ပင်ကိုယ်သဘာဝ ဖြစ်သွားပြီ။ အသက်ရှူနေသလို ဖြစ်သွားပြီ။ နှလုံးခုန်နေသလို ဖြစ်သွားပြီ။တမင်တကာ လုပ်ယူနေရရင် သိနေတယ်။ ပင်ကိုယ်ဖြစ်သွားရင် မသိတော့ဘူး။ လုပ်နေရတယ်လို့ မထင်တော့ဘူး။

စာနည်းနည်းတတ်တဲ့သူဟာ သူ့ကိုလူတွေက စာတော်တော်,တတ်တယ်လို့ ထင်စေချင်တယ်။ဒါကြောင့် အကိုးအကားတွေများများနဲ့ ပြောချင်တယ်။ ရေးချင်တယ်။ စာပေကို တကယ်ချစ်လို့ လေ့လာတဲ့သူဟာ နှစ်တွေကြာလေလေ သူသိတာဟာ နည်းနည်း လေး မသိတာက အများကြီးဆိုတာကို သိလာ လို့ သူတတ်ကြောင်းကို မပြချင်တော့ဘူး။ သူ့ကို လူတွေအထင်မကြီးမှာကို မကြောက်တော့ဘူး။ သူဟာ အထင်ကြီးတာ အထင်သေးတာ

နှစ်မျိုးလုံးကို လွန်မြောက်သွားပြီ။သူဟာ သူစာတတ်တာကို မေ့ထားလို့ရသွားပြီ။ ဒါကြောင့် စကားပြောတဲ့အခါ မလိုအပ်ဘဲနဲ့ အကိုးအကားတွေကို မထည့်တော့ဘူး။ ရိုးရိုးပဲပြောတယ်။ မေးလာမှဖြေတယ်။မမေးဘဲ မဖြေဘူး။ သူ့စိတ်ကို စာက လွှမ်းမိုးမှု မရှိတော့ဘူး။

ငွေများများ မရဖူးတဲ့သူဟာ ပထမအကြိမ် ငွေများများရလိုက်ရင် အဲဒီငွေထုပ်ကို ဘယ်နေရာမှာထားရမှန်း မသိတော့ဘူး။မကြာခဏ အဲဒီငွေထုပ်ကို ကိုင်ကြည့်နေ တတ်တယ်။ အဲဒီငွေထုပ်ကို စိတ်မချလို့ အိပ်တာတောင် စိတ်မဖြောင့်နိုင်ဘူး။ တစ်ရေးနိုးတောင် သတိရနေတယ်။

ဒါပေမယ့် ငွေကိုများများရှာနိုင်လာတဲ့အခါငွေကို မေ့ထားလိုက်တော့တယ်။ငွေရဖို့ အဓိကမထားတော့ဘဲ ကိုယ်တန်ဖိုး ထားတာကို လုပ်ဖြစ်ဖို့ အဓိကထားပြီး အလုပ်လုပ်တယ်။

ငွေနဲ့ကြွားတဲ့သူ အိမ်နဲ့ကြွားတဲ့သူ ကားနဲ့ကြွားတဲ့သူ ပစ္စည်းနဲ့ကြွားတဲ့သူ စိန်တွေ ရွှေတွေနဲ့ကြွားတဲ့သူဟာတကယ်လူချမ်းသာ မဟုတ်သေးဘူး။

တကယ်ချမ်းသာတဲ့သူဟာသူချမ်းသာတာကို မေ့ထားလို့ရသွားပြီ။ပြည့်စုံနေတဲ့စိတ်ရှိတဲ့သူဟာ သူပိုင်ဆိုင်တာတွေကို မေ့ထားလိုက်ပြီ။

ထမင်းဝနေတဲ့သူဟာ ထမင်းစားဖို့အကြောင်းကို မတွေးတော့ဘူး။ထမင်းစားပြီးပေမယ့် ထမင်းအကြောင်းကိုပဲ တွေးနေသေးတယ်ဆိုရင် ဘယ်လိုယူဆမလဲ။ သူ့စိတ်က ဆာနေသေးတယ်။

ဒါကြောင့် ငွေဘယ်လောက်ရှိရှိ ငွေအကြောင်း ကိုပဲ တွေးနေရင် သူ့စိတ်ထဲက မွဲနေသေးလို့။ သူဟာ မလွတ်လပ်သေးဘူး။ ငွေရဲ့ကျွန် ဖြစ်နေသေးတယ်။

တကယ် ရာထူးကြီးကြီးနဲ့တန်တဲ့သူဟာ ရာထူးအကြောင်းကို မတွေးတော့ဘူး။သူနဲ့ မတန်တဲ့ရာထူးကို ရထားတဲ့သူဟာ သူ့ရာထူးအကြောင်းကို သူမေ့လို့မရဘူး။ဘယ်သူနဲ့တွေ့တွေ့ သူ့ရာထူးကို တလေးတစား အကြိမ်ကြိမ်ခေါ်ပြီး သူ့ကိုစကားပြောနေမှ သူကျေနပ်တယ်။

သူ့ရာထူးကိုမခေါ်ဘဲ သူ့နာမည်ကိုခေါ်တဲ့သူကို သူ,ရန်ငြိုးထားတော့မယ်။သူ့စိတ်က သူ့ရာထူးထက် မြင့်သွားတဲ့အခါမှာ တော့ သူ,ရာထူးကိုမေ့သွားပြီ။တာဝန်ကျေအောင်တော့ လုပ်မယ်။ ဒါပေမယ့် အဲဒီရာထူးကို အဓိက မထားတော့ဘူး။

အဲဒီလိုလူမှ ရာထူးနဲ့တန်တဲ့သူ ဖြစ်သွားပြီ။ သူ့အလုပ်ကိုသူ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နိုင်ပြီ။ ဒါပေမယ့် အဲဒီလိုလူက သိပ်ရှားပါတယ်။

ရာထူးကြီးတဲ့သူတွေနဲ့ သိကြောင်း ရင်းနှီးကြောင်း ပြောနေတဲ့သူဟာရာထူးကို သိပ်အထင်ကြီးနေတဲ့သူ ဖြစ်တယ်။သူ့ကိုယ်ကိုသူ နည်းနည်း အထင်သေးတဲ့စိတ် ရှိတယ်။ ဒါကြောင့် သူ့ရဲ့ဆက်ဆံရေးတွေဟာ လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံတဲ့ ဆက်ဆံရေး မဟုတ်ဘူး။

ကိုယ့်အဆင့်အတန်းဆိုတာကို မေ့ထားလို့ ရတဲ့သူ, သူ့အဆင့်အတန်းဆိုတာကိုလည်း မေ့ထားလို့ရတဲ့သူမှသာ လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံနိုင်မယ်။

မရှိတာကိုလည်း မေ့ထားနိုင်မှ ရှိတာကိုလည်း မေ့ထားနိုင်မှ လွတ်လပ်တဲ့စိတ်နဲ့ လုပ်သင့်တာကို ဆက်လုပ်နိုင်မယ်။

လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာကိုအကောင်းဆုံးဖြစ်အောင် လုပ်တယ်။ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီးလူသိအောင် မကြွားဘူး။

လွတ်လပ်တဲ့သူ ရှားလိုက်တာနော်။

Credit – ဆရာတော်ဦးဇောတိက

unicode

“လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး”

မျက်မှန်ကို ဒီနေ့မှ စတပ်တဲ့သူဟာသူ့နှာခေါင်းပေါ်မှာ မျက်မှန်ရှိနေတာကိုအချိန်ပြည့် သတိထားမိနေတယ်။

နေရတာ မလွတ်လပ်ဘူး။ ခဏခဏ မျက်မှန်ကို ချွတ်ကြည့်တယ်။ တပ်ကြည့်တယ်။ မျက်မှန်ကို မကြာမကြာ အဝတ်နဲ့သုတ်တယ်။

ဒါပေမယ့် မျက်မှန်တပ်တာ ကြာသွားတဲ့အခါ မျက်မှန်တပ်ထားမှန်း မသိတော့ဘူး။မျက်မှန်ဟာ ကိုယ့်မျက်နှာရဲ့အစိတ်အပိုင်း

တစ်ခုလို ဖြစ်သွားပြီ။ မျက်မှန်တပ်ထားတယ် ဆိုတာကို မေ့ထားလို့ရသွားပြီ။

စိတ်ကောင်းရှိတဲ့သူ စေတနာကောင်းတဲ့သူဟာ သူ့ကိုယ့်သူ “ငါ စိတ်ကောင်းရှိတယ် ငါ စေတနာ ကောင်းတယ်”လို့ မတွေးတော့ဘူး။

အဲဒီလို တွေးနေသေးတယ်ဆိုရင်စိတ်ကောင်း တကယ်မရှိသေးဘူး။စိတ်ကောင်းရှိဖို့ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ လုပ်ယူနေရတဲ့အဆင့်မှာပဲ ရှိသေးတယ်။

စိတ်ကောင်းရှိတာဟာသူ့ပင်ကိုယ်သဘာဝ မဖြစ်သေးဘူး။တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားတဲ့အခါ သူစိတ်ကောင်းရှိတာကို သူမေ့ထားလိုက်ပြီ။ မတွေးတော့ဘူး။အဲဒီအခါမှာမှ သူဟာ တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားပြီ။

ခွင့်လွှတ်တတ်တဲ့သူဟာ ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။ “ငါ ခွင့်လွှတ်လိုက်တယ်”လို့ မတွေးဘူး။”ငါ ခွင့်လွှတ်တယ် ငါခွင့်လွှတ်တယ်”လို့ ခဏခဏ တွေးနေရင် ဘယ်လို အဓိပ္ပာယ် ပေါက်သလဲ။ခွင့်မလွှတ်နိုင်သေးဘူးလို့ အဓိပ္ပာယ်ပေါက်တယ်။ ခွင့်လွှတ်ဖို့ ကြိုးစားနေတယ်။

ခွင့်လွှတ်လိုက်မယ်လို့တောင် မတွေးတော့တဲ့ အချိန်မှာ တကယ်ခွင့်လွှတ်နိုင်ပြီ။

ရောင့်ရဲတဲ့သူဟာ ရောင့်ရဲတယ်။ ဒါပေမယ့်”ငါက ရတာနဲ့ရောင့်ရဲတယ်”လို့ မတွေးဘူး။ကိုယ် ရောင့်ရဲကြောင်းကို သူများကို မပြောတော့ဘူး။ငါက ရောင့်ရဲတယ်လို့ မကြာခဏပြောနေရင် တကယ်ရောင့်ရဲတာ မဟုတ်သေးဘူး။

ရောင့်ရဲတယ်ဆိုတဲ့ ဂုဏ်ကို လိုချင်နေသေးတယ် ကိုယ့်ကို ရောင့်ရဲတဲ့သူလို့ အများမြင်အောင် သိအောင် လုပ်နေတယ်။အဲဒီလိုဂုဏ်ကို လိုချင်နေသေးတာကိုက မရောင့်ရဲသေးလို့ပဲ။

အဲဒီလိုပဲ ဥပုသ်စောင့်တယ်၊ တရားအားထုတ်တယ်။အဲဒါကို လူတွေသိအောင် ပြောနေတယ်ဆိုရင် မလုပ်ခင်ကတည်းက လူသိစေချင်တဲ့ဆန္ဒ ရှိနေတယ်။အဲဒီလို ဆန္ဒရှိနေရင် စေတနာမမှန်သေးဘူး။ အတ္တစိတ်က လွှမ်းမိုးထားတုန်းပဲ။ အတ္တစိတ်က လုပ်နေတယ်။

ငါက သူများထက် ပိုလုပ်နိုင်တယ်ဆိုတဲ့ မာနစိတ်က လွှမ်းမိုးနေသေးတယ်။

အတ္တစိတ်, မာနစိတ်တို့ မရှိတော့ရင် လုပ်ချင်တဲ့ဆန္ဒရှိလို့ လုပ်လိုက်တယ်။ အဲဒီအကြောင်းကို မပြောတော့ဘူး။

မေးရင်တောင် လိုတာထက် ပိုမပြောဘူး။ တိုတိုနဲ့လိုရင်းပဲ ပြောမယ်။စားနိုင်တာ ဂုဏ်တစ်ခု မဟုတ်သလို မစားဘဲနေနိုင်တာလည်း ဂုဏ်တစ်ခု မဟုတ်ပါဘူး။

တစ်ချို့က စားနိုင်တာကို ကြွားတယ်။တစ်ချို့က မစားဘဲနေနိုင်တာကို ကြွားတယ်။ နှစ်ဦးစလုံးဟာ မလွတ်လပ်တဲ့သူတွေပဲ။

အပျော်အပါးတွေကို များများခံစားတဲ့သူကသူ ခံစားနိုင်တာကို ကြွားတယ်။အပျော်အပါးတွေကို မခံစားတဲ့သူကသူ မခံစားတတ်တဲ့အကြောင်းကို ကြွားတယ်။နှစ်ဦးစလုံးရဲ့စိတ်ဟာ သဘာဝချင်းတူတူပဲ။ ကြွားတာဟာ မလွတ်လပ်တာပဲ။

ကောင်းတာကိုလုပ်တဲ့အခါမှာ လူသိစေချင် တဲ့စိတ် အားကြီးနေရင် လွတ်လပ်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။တကယ်ကောင်းတဲ့သူဟာ “ငါ ကောင်းတယ်” လို့တောင် မတွေးတော့ဘူး။