ဟာသ

သရဲ​ခြောက်သည်ဟု​နာမည်​ကြီးသော သင်္ချိုင်းထဲမှ စက်ဘီးဖြတ်စီးမိသူတစ်ယောက်ရဲ့ အဖြစ်

စက်​ဘီး ချိန်းကျသွားပြီ ။ ဒီသင်္ချိုင်းက သရဲ​ခြောက်သည်ဟု​နာမည်​ကြီး ။ မလွဲသာ၍ ဒီသင်္ချိုင်း ကိုဖြတ်​သည့်​လမ်းက သွားရ​တာ။ကြောက်​ကြောက်​နှင့်​တတ်​သမျှဘုရားစာ ရွတ်​ပြီး​ခြေသွက်​သွက်​နင်းလာကာမှ ချိန်းက ကျရ​လေခြင်း ။ ဆက်​နင်း၍မရ ဆင်းတွန်း​ပြေးရ​အောင်​လည်း အဆင်​မ​ပြေ ။ မတတ်​နိုင်​ချိန်းပြန်​တင်​ရ​တော့မည်​။

လပြည့်​ညမို့ ထိန်​ထိန်​သာ​နေသည့်​လမင်းအလင်း​ရောင်​ကြောင့်​ပတ်​၀န်းကျင်​ကိုအထင်းသားမြင်​နေရသည်​။ ထိုမြင်​နေရခြင်းသည်​ကိုပင်​သူ့အတွက်​ကျော့စိမ့်​စရာ ။ အုတ်​ဂူဖြူဖြူ​တွေ​မြေစာပုံ​တွေ ချုံ​တွေကို မကြည့်​မိ​စေရန်​ထိန်းရင်း ချိန်းပြန်​တင်​ဖို့ တုတ်​တို​လေး နှစ်​ချောင်းရှာ​နေမိသည်​။ခွေးအူသံကြား​သော်​လည်း လှမ်းမကြည့်​ရဲ ငှက်​အော်​သံကြား​သော်​လည်း​မော့မကြည့်​ဝံ့ သစ်​ရွက်​လူပ်​သစ်​ကိုင်းရိုက်​သံတို့ကိုလည်း ဂရုမပြုရဲ​ပေ ။ တုတ်​တို​လေး နှစ်​ချောင်း ရပြီမို့ ချိန်းပြန်​တင်​ရန်​လုပ်​သည်​။ ယခင့်​ယခင်​က အလွယ်​တကူပြန်​တင်​၍ရ​သော်​လည်း ယခုတခါခက်​နေသည်​။ချော်​လိုက်​ပြုတ်​လိုက်​ကျလိုက်​နှင့်​အ​တော်​ဂရုစိုက်​တင်​နေသည့်​တိုင်​အဆင်​မ​ပြေ​သေး။

” ဘာဖြစ်​တာလဲ ”

တုတ်​တို​နှစ်​ချောင်းလုံး လွတ်​ကျသွားသည်​။ နှလုံးခုန်​သံတို့သည်​နားစည်​၀တွင်​လာ​စောင့်​သည့်​အလားကျယ်​လောင်​စွာကြား​နေရသည်​။ တကိုယ်​လုံး​ချွေး​စေးပြန်​၍ အသက်​ရူပင်​မ၀ ဖြစ်လာသည်​။ ရဲစိတ်​တင်​ပြီး အသံလာရာန​ဘေးဘက်​ကို ကြည့်လိုက်​သည်​။အသက်​လေးဆယ်​ကျော်​ခန့်ဦး​လေးကြီးတဦး ရပ်​နေသည်​။

” ဟို.. ဟို စက်​ဘီးချိန်းကျသွားလို့ ”

” ဖယ်​ဖယ်​ငါတင်​ပေးမယ်​”

ဦး​လေးကြီးသည်​တည်တည်​ငြိမ်ငြိမ် ကျွမ်းကျွမ်း ကျင်​ကျင်​ပင် ချိန်းကို ပြန်​တင်​လိုက်​သည်​။ ထိုဦး​လေးလုပ်​နေသည်​ကိုကြည့်​ပြီး​ရောက်​နေသည့်​နေရာနှင့်​ပတ်​၀န်းကျင်​ကို အ​ဖော်​ရှိသည်​ဟု အ​တွေး​ကြောင့်​ကြောက်​စိတ်​တို့် မရှိသ​လောက်​ပင်​ပျောက်​ကွယ်​သွားသည်​။

” မင်းစက်​ဘီးချိန်းက အ​တော်​လျော့​နေတာဘဲကွ ဘာလို့ပြန်​မတင်း ထားတာလဲ ”

” ဟုတ်​ပြန်​တင်းထားမလို့ဘဲ မလုပ်​ဖြစ်​သေးတာ ”

“​အေကွာ အဲ့လို့ လုပ်​စရာရှိတာ ချက်​ချင်းမလုပ်​ဘဲ​နေ့​ရွှေ့ည​ရွှေ့လုပ်​တာမ​ကောင်းဘူးကွ အ​ရေးရယ်​အ​ကြောင်းရယ်​ဆို အလုပ်​မတွင်​ကျယ်​ဘူး ဆုံးရူံးမူလည်းရှိနိုင်​တယ်​၊ ရာဇ၀င်​မှာ မြင်းခွာက သံတ​ချောင်းမရိုက်​မိလို့ စစ်​ရူံးရတဲ့ထိဖြစ်​ခဲ့ဖူးတယ်​ကွ ၊ အ​သေးအမွှား​လေးဘဲဆိုပြီး ဂရုမပြု ချက်​ချင်းမလုပ်​ဆောင်​ခဲ့တဲ့အ​ကြောင်းတရား​ကြောင့်​ပေါ့ကွာ ၊ဖတ်​ဖူး မှတ်​ဖူးရင်​လည်း လက်​တွေ့လိုက်​နာကျင့်​သုံးတတ်​မှ ”

” ဟုတ်​ဦး​လေး မှတ်​သားကျင့်​သုံးပါ့မယ်​၊ ဒါနဲ့ ဦး​လေးက ဘယ်​သွားမလို့လဲ ဒီသင်္ချိုင်းကို တ​ယောက်​ထဲ ဖြတ်​သွားရတာ မ​ကြောက်​ဘူးလား ”

“​ကြောက်​တယ်​ဆိုတာ မလုပ်​ဖူး မကြုံဖူးလို့ကွ ၊ စင်​ပေါ်မတက်​ဖူးသူဟာ စင်​ပေါ်တက်​ရမှာ​ကြောက်​တယ်​၊ လူကြားထဲစကားမ​ပြောဖူးသူဟာ လူကြားထဲစကား​ပြောရမှာ​ကြောက်​တယ်​၊ ငလျင်​လူပ်​တာ မကြုံဖူးသူဟာ ငလျင်​လူပ်​ရင်​ကြောက်​တယ်​။ ငလျင်​လူပ်​တာ အမြဲကြုံ​နေကျ ဂျပန်​တွေဆို မ​ကြောက်​တတ်​တော့ဘူး ဘယ်​လို​နေရမယ်​ဘယ်​လိုပြင်​ဆင်​ရမယ်​သိ​နေပြီ​လေ ။ မင်းကိုဘဲ ကြည့်​ဒီသင်္ချိင်းဖြတ်​လမ်းကို တ​ယောက်​ထဲညဘက်​သွားတာ မလုပ်​ဖူး​တော့​ကြောက်​နေတယ်​။ သင်္ချိုင်း ထဲမှာ စက်​ဘီးချိန်းကျတာမကြုံဖူး​တော့ အသဲလွင့်​မတတ်​ကြောက်​နေရတယ်​မဟုတ်​လား ”

” ဟုတ်​တယ်​ဗျ ဦး​လေးနဲ့သာမ​တွေ့ရင်​ကျွန်​တော်​ချိန်း​တောင်​ပြန်​တင်​လို့ရပါ့မလားဘဲ အ​တော်ကို​ကြောက်​နေတာ​ဗျ ၊ ဒါဆို ဦး​လေးက ညဘက်​ဒီလမ်းကိုဖြတ်​သွားနေကျလား အဲ့ဒါ​ကြောင့်​မ​ကြောက်​တော့တာလား​ဗျ ”

” ဘယ်​ဟုတ်​မလဲကွာ ငါမ​သေခင်​တုန်းကဆို ဒီ​လမ်း​ကို​နေ့ဘက်​တောင်​မဖြတ်​ရဲဘူး ၊ ခု​တော့ ရောက်​တာ ၃ နှစ်​ရှိပြီဆို​တော့လည်း ဒီ​နေရာက ငါ့တွက်​နေသားကျ​နေပါပြီကွာ မ​ကြောက်​တော့ပါဘူး ”

စက်​ဘီးကို စီး​ပြေးသည်​လား တွန်း​ပြေးသည်​လားပင်​မမှတ်​မိ သင်္ချိုင်းကထွက်​ဖို့အ​ရေး အရှိန်​တင်​သုတ်​နှင်​ရ​တော့သည်​။

@ကိန်းဟို

==========















