ယနေ့ခေတ်လူငယ်တွေရဲ့ ဖြစ်တတ်တဲ့သဘောတရားလေးကို မှန်ကန်တဲ့ရူထောင့်က မြင်ပေးဖို့ ရေးသားထားတဲ့ဆောင်းပါးလေးပါ။
“ညီမက Exနဲ့ အတူနေခဲ့ဖူးတယ်။အခုတော့ ပြတ်သွားပါပြီ။အခု ညီမကို နောက်တစ်ယောက်ကလာproposeလုပ်တယ်အစ်ကို။ညီမ အတိတ်မှာ မှားခဲ့တာကိုအခု ပြောပြလိုက်ဖို့ သင့်လား။ဘယ်အချိန်ပြောပြရမလဲ။တစ်ချိန်ချိန်မှာ သူသိသွားရင်ပြဿနာဖြစ်နိုင်လားအစ်ကို”
ဒီဖြစ်စဥ်ကို လူ့အဖွဲ့အစည်းရဲ့ problem issueအဖြစ်တွေးမိနေတာ ကြာပြီ။၁။ယောကျာ်းက လူပျိုမစစ်ခွင့်ရှိပါတယ်။ဘယ်သူက ဒီအခွင့်အရေးပေးသလဲဆိုတော့သမိုင်းအဆက်ဆက်က ပေးခဲ့တဲ့ အခွင့်အရေးပါ။မိန်းမကတော့ အပျိုမစစ်ခွင့်မရှိဘူး။ဒါကလည်း သမိုင်းအဆက်ဆက်ကပိတ်ပင်ခဲ့တာပဲ။ကျနော်တို့ ရှိပြီးသား လူမှုစည်းမျဥ်းကြီးကို ဆက်လက်ကျင့်သုံးမလား။ဒါမှ မဟုတ် အသစ်ပြင်ဆင်မလား။မလိုအပ်ဘဲထုတ်တဲ့စည်းကမ်းဟာအနှောက်အယှက်ဖြစ်ပါတယ်။အဟန့်အတားဖြစ်ပါတယ်။အထူးသဖြင့် လွတ်လပ်ပျော်ရွှင်မှုရဲ့ အဓိကရန်သူဟာ စည်းကမ်းဖြစ်သလို ဘေးကင်းလုံခြုံမှုရဲ့ အကောင်းဆုံး မိတ်ဆွေဟာလည်း စည်းကမ်းဖြစ်နေတယ်ပြန်တယ်။
ဒီတော့ စည်းမျဥ်း စည်းကမ်းကို ထားရှိခြင်းပယ်ဖျက်ခြင်းဆိုတာဟာလွတ်လပ်ပျော်ရွှင်မှုနဲ့ ဘေးကင်းလုံခြုံမှုထဲက ဘယ်တစ်ခုကို ရွေးရမလဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ။တစ်ချိန်တုန်းက မိန်းမဆိုတာ ယောကျာ်းအတွက် အကောင်းဆုံး amusementပဲ။ယောကျာ်းဟာ အုပ်စိုးသူဖြစ်ခဲ့တယ်လွှမ်းမိုးသူဖြစ်ခဲ့တယ်၊ရွေးချယ်သူဖြစ်ခဲ့တယ်။သီတာဒေဝီရွေးချယ်ပွဲလိုမျိုး မိန်းမရွေးပွဲတွေ ရှိခဲ့တယ်။မိန်းမဟာ အရွေးချယ်ခံသာဖြစ်ခဲ့တယ်။
မိန်းမခံစားချက်ကိုထည့်မစဥ်းစားခဲ့ဘူး။
လွတ်လပ်ပျော်ရွှင်ခွင့်မရှိတဲ့မိန်းမတွေကို ဘေးကင်းလုံခြုံမှုသာပေးခဲ့တယ်။စစ်မက်ခေတ်၊လက်ရုံးခေတ်ဖြစ်ခဲ့လို့လည်း မိန်းမတွေဟာ လွတ်လပ်ပျော်ရွှင်ဖို့ထက် ဘေးကင်းလုံခြုံဖို့ကိုသာ ဦးစားပေးခဲ့တယ်။ဒါကြောင့်လည်း ယောကျာ်းရွေးတဲ့အခါ ရုပ်ရည်ထက် ခွန်အားကို ဦးစားပေးခဲ့ကြတယ်။အတွေးအခေါ်အယူအဆ လူမှုစည်းမျဥ်းတွေဟာ ခေတ်နဲ့ယှဥ်ပြီးဖြစ်လာတဲ့အရာတွေပါ။ယောကျာ်းရဲ့ စိတ်ဆန္ဒတွေကိုသာ ဦးစားပေးခဲ့တဲ့ခေတ်တုန်းက မိန်းမသားရဲ့သဝန်တိုခွင့်က သုညပဲ။ဒါပေမယ့် ယောကျာ်းတွေရဲ့ သဝန်တိုခွင့်ကတော့ ၁၀၀%ပဲ။သိပ်လူလည်ကျတတ်တဲ့ ရှေးပညာရှိအမျိုးသားကြီးက ယောကျာ်းရဲ့သဝန်တိုမှုကို ဖုံးဖိပြသွားတယ်။
မိန်းမတစ်ယောက်ကို ကြိုးသေးသေးလေးတွေနဲ့ စည်းနှောင်လိုက်တယ်။စည်းနှောင်ထားတဲ့ ကြိုးတစ်ချောင်းပျက်သွားတာနဲ့ အဲဒီမိန်းမသည် မိန်းမပျက်ဖြစ်သွားပြီ။မိန်းမသည် မျက်လွှာချနေရမယ်။ထဘီကို ခြေမျက်စိဖုံးရမယ်။စကားကို တီးတိုးသာပြောရမယ်။ကြိုးအထပ်ထပ်တုပ်လို့ ငြိမ်သက်သွားခြင်းကို ဣန္ဒြေလို့ အမည်တပ်ပစ်လိုက်တယ်။ရုန်းမရလို့ ကြောက်ရွံ ငြိမ်သက်ခြင်းမျိုးဟာ ဣန္ဒြေလို ခန့်ငြားတည်ငြိမ်ခြင်းမဟုတ်ဘူးလေ။
မိန်းမပေါင်းများစွာကို ခွဖူးတဲ့ မင်းတြားကြီးကျ ဣန္ဒြေသိက္ခာအပြည့်ပေါ့။ဣန္ဒြေထဲမှာမှ လောကီ၌အမြတ်ဆုံးသော ရာဇဣန္ဒြေတဲ့လေ။ဘာလို့ဒီနေ့ခေတ်အကြောင်းကို မပြောဘဲ အတိတ်ကို ဆွဲခေါ်ရသလဲဆိုရင် ဒီနေ့ခေတ်လူထုရဲ့ mind setကို အပြစ်မဖွဲ့ချင်လို့ပါ။နားလည်ပေးချင်လို့ပါ။ကျနော်တို့ဟာ သမိုင်းရဲ့ အကျိုးဆက်တွေကို အမွေဆက်ခံနေရတုန်းပဲ။ကျနော်တို့ဟာ လူမှုအိမ်အိုကြီးမှာ နေထိုင်ကြရတာပါ။အိမ်အသစ်တစ်လုံးဆောက်ပြီး နေဖို့မလွယ်သလို ယဥ်ကျေးမှုတော်လှန်ရေးကြီးတစ်ရပ်လည်း မဆင်နွှဲလိုဘူး။ဒါကြောင့် ဆွေးမြေ့နေပြီဖြစ်တဲ့ အစိတ်အပိုင်းတွေကိုပဲ ရွေးပြီးပြင်ဆင်ကြမယ်။
အထိုင်မပြတ်ဘဲ ကောင်းလာစေမယ့်အရာ။အခုကျနော်ရေးလိုတဲ့ topicကတော့ သမိုင်းက ချန်ခဲ့တဲ့ အယူအဆဖြစ်သော(မိန်းမသည် လက်မထပ်မချင်း အပျိုစစ်ရမည်)ဆိုတဲ့ စည်းမျဥ်းကြီးကို ဆက်လက် ဆုပ်ကိုင်မလား။ဒါမှမဟုတ် မိန်းမသည်လည်း ယောကျာ်းနည်းတူ အပျိုမစစ်ခွင့်ရှိသည်လို့ ပြောင်းလဲ သတ်မှတ်မလား။တစ်ဘက်ကို ရွေးပါဆိုရင် ကျနော်က အပျိုမစစ်ခွင့်ရှိသည်ဘက်ကိုရွေးမယ်။
ဘာကြောင့်လဲဆိုတော့ မိန်းမသည် ယောကျာ်းထက်နိမ့်ကျသည်လို့ မခံယူထားလို့။မိန်းမသည် ယောကျာ်းကဲ့သို့အခွင့်အရေးမရသင့်လို့ မခံယူထားလို့။သေးကို မတ်တပ်ပေါက်ဖို့ အဆင်မပြေတာနဲ့ပဲ ယောကျာ်းမိန်းမ အရမ်းကြီး ကွာခြားသလို မခံယူထားလို့။(ရေသဘင်ပွဲတွေမှာတော့ မိန်းမလည်းမတ်တပ်ခိုးပေါက်ကြတာပဲ တန်းတူအခွင့်အရေးပေးချင်သလို တန်းတူတာဝန်ယူမှုကိုလည်း ပြန်တောင်းဆိုချင်တယ်။မိန်းမသည် မှီခိုမဟုတ်။မိန်းမနဲ့ ယောကျာ်းသည် မတူညီကွဲပြားရုံသာဖြစ်ပြီး နိမ့်ကျကွာခြားနေခြင်းမဟုတ်။မိန်းမသည်လည်း ယောကျာ်းကဲ့သို့ သွေးသားဆန္ဒရှိ။မိန်းမသည်လည်း ယောကျာ်းကဲ့သို့ ဆင်ခြင်တုံတရားရှိ။မိန်းမသည်လည်း ယောကျာ်းကဲ့သို့ ငွေရှာနိုင်စွမ်းရှိ။ မိန်းမသည်လည်း ယောကျာ်းကဲ့သို့ ဦးဆောင်နိုင်စွမ်းရှိ။မိန်းမသည်လည်း ယောကျာ်းကဲ့သို့ တာဝန်ယူနိုင်စွမ်းရှိ။ ပြောရင် အရည်အချင်းနဲ့ အခွင့်အရေးဟာတိုက်ရိုက်အချိုးကျတယ်။ ခေတ်အရွေ့မှာ မိန်းမတွေ ပညာသင်ခွင့်ရလာတယ်။အရည်အချင်းဖြည့်ဆည်းခွင့်ရလာတယ်။အရည်အချင်းရှိလာကြတယ်။ အခွင့်အရေးကတော့ တရားဝင်မရသေးဘူး။လည်ပင်းပေါ်တင်ထားတဲ့ဓားလိုပဲ။ မလှီးပါဘူးပြောပေမယ့်လည်း လှီးလိုက်တာနဲ့ သေသွားနိုင်တယ်။ အခုလည်း လူ့အဖွဲ့အစည်းက မိန်းမတွေရဲ့လိင်မှုအခွင့်အရေးကို နားလည်ပေးတ
လိုလို၊နားလည်မပေးတာလိုလိုနဲ့ မတင်မကျကြီး။
မိန်းမတစ်ယောက် having sexလုပ်တာမဟုတ်ဘဲ sex chatတာလောက်ဆိုရင်ကို အပြစ်သားကြီး ကျနေတာပဲ။
ဒီတော့ မိန်းမသည်လည်း အပျိုမစစ်ခွင့်ရှိသည်ဆိုတဲ့ အယူအဆကို ကိုင်စွဲပြီး လူမှုပြဿနာတွေ ဖြေရှင်းရတော့မယ်။”ညီမရေ အတိတ်မှာ မှားခဲ့ဖူးတယ်လို့မသုံးပါနဲ့။အမှန်အမှားဟာ ကဏ္ဍတိုင်းသုံးစရာမလိုဘူး။ အခွင့်အရေးရှိမရှိနဲ့သာ တိုငိးတာပါတယ်။နေခွင့်ရှိလို့ နေတာဖြစ်တဲ့အတွက် ညီမမမှားဘူး။ Sexကို အမှန်အမှားတိုင်းတဲ့အချိန်တော့ရှိတယ်။နစ်နာမှု၊ဆိုးကျိုးများမှုဆိုတဲ့ ရှုထောင့်ကကြည့်ရင်အချိန်မတန်ခင်လိင်ဆက်ဆံခြင်းဟာ ဆိုးကျိုးများတယ်။ပြောခဲ့သလိုပေါ့။အစွမ်းအစနဲ့ အခွင့်အရေးဟာ တိုက်ရိုက်အချိုးကျတယ်။လိင်မှုပြဿနာကို ကာကွယ်နိုင်စွမ်း၊ကုသနိုင်စွမ်းမရှိဘဲ လိင်မှုအခွင့်အရေး လိုချင်ရင်မှားတယ်။လိင်မှုပြဿနာဆိုတာက ရုပ်ပြဿနာအားဖြင့် မလိုချင်ဘဲ ဗိုက်ထွက်တာ၊HDပြန့်တာ မျိုးပေါ့။
စိတ်ပြဿနာကတော့ ကိုယ့်ကို ပြတ်မယ့်ကောင်ကိုမှ မပြတ်နိုင်ဘဲ စွဲလန်းနေတာမျိုး။ဘယ်သူ့အပေါ်မှားသလဲဆိုတော့ ကိုယ့်အပေါ်ကိုယ်မှားတာပါ။အနာဂတ်သတို့သားအပေါ်မှားတာမဟုတ်ဘူး။ကိုယ့်ဆော်အပျိုမစစ်ရင် နာကျင်တတ်ကြတာဟာ ယောကျာ်းတွေမှာရှိနေကြတဲ့ သမိုင်းပေးဒဏ်ရာပါ။သဘောထားမကြီးဘူးလို့ ပြောမထွက်ဘူး။သဘောထားကြီးခြင်းဆိုတာ မေတ္တာတရားနဲ့ဥာဏ်ပညာရဲ့ ဒြပ်ပေါင်းတစ်ခုပါ။ဒါပေမယ့် သဘောထားကြီးဖို့ဆိုတာ သင်ယူရတယ်၊လေ့ကျင့်ရတယ်။ငါ့မှာလည်း သွေးသားဆန္ဒရှိသလို သူ့မှာလည်း သွေးသားဆန္ဒရှိမှာပဲလို့နားလည်စာနာပေးတတ်ရတယ်။သူ့အခွင့်အရေးရှိလို့ သူလုပ်တာကို ကိုယ်ကနာကျင်နေရရင် ကိုယ့်အပေါ် ကိုယ်မတရားဘူး။
ဒီတော့ အမျိုးသားတို့အနေနဲ့လည်းသူ့အခွင့်အရေးကိုယ့်အခွင့်အရေး နားလည်တတ်ရင် တော်တော်အဆင်ပြေသွားမှာပါ။