မိန်းကလေးတွေအနေနဲ့ တစ်ဘဝလုံးလက်တွဲမယ့်သူဟာ မိမိအပေါ်မှာကောင်းမွန်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်စေချင်ကြတာပါ။ သူမရွေးချယ်လိုက်တဲ့ လူအပေါ်မှာမူတည်ပြီး ကံကောင်းတယ် ကံဆိုးတယ်ဆိုတာကလည်း အများကြီးသက်ရောက်မှုရှိစေပါတယ်။ ဒီတော့ သင့်အနေနဲ့ သင့်ချစ်သူ သင့်ဘဝလက်တွဲဖော်ကို ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင် လိုက်နာရမယ့်အချက်လေးတွေ သိထားသင့်မယ်ထင်ပါတယ်။
(၁) ယုံကြည်ရတဲ့သူဖြစ်ရမယ်
မိန်းကလေးတွေရဲ့ ပင်ကိုယ်စိတ်အခံက ယောင်္ကျားလေးတွေထက်ပိုပြီး သံသယကြီးကြပါတယ်။ တကယ်ချစ်မိလာတာနဲ့အမျှ သူတို့ရဲ့လက်တွဲဖော်အပေါ်စိတ်မချခြင်း သံသယဖြစ်ခြင်းတွေ ဖြစ်လာတက်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူမရဲ့သံသယစိတ်တွေကို ဖျောက်ပေးနိုင်ပြီး သူမစိတ်ချရတဲ့သူတစ်ယောက်အဖြစ် ယုံကြည်မှုခိုင်ခိုင်မာမာတည်ဆောက်ပေးသင့်ပါတယ်။
(၂) သစ္စာရှိရမယ်
ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ ဖောက်ပြန်ဖို့လွယ်ကူနေတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ သစ္စာရှိခြင်းဆိုတာ ငွေကြေးစည်းစိမ်တွေထက် တန်ဖိုးရှိတဲ့အရာတစ်ခုလို့ဆိုနိုင်ပါတယ်။ ကိုယ့်ချစ်သူအပေါ် သစ္စာရှိတယ်ဆိုတာကလည်း ယောင်္ကျားကောင်းတို့ရဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် သင့်မိန်းကလေးကို ကံကောင်းတဲ့သူတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင် သစ္စာရှိရှိချစ်နေဖို့လည်း လိုအပ်ပါတယ်။
(၃) စိတ်ချမ်းသာအောင်ထားရမယ်
ကိုယ်ချစ်မြတ်နိုးတဲ့ မိန်းကလေးကို စိတ်ချမ်းသာအောင်ထားချင်ကြတာ ယောင်္ကျားကောင်းတို့ရဲ့ ဆန္ဒ တစ်ခုပဲမဟုတ်လား။ ဒါဆို သူမကို စိတ်ဆင်းရဲစေမယ့်အရာတွေ ဝမ်းနည်းရစေမယ့် ကိစ္စမျိုးတွေကို အတက်နိုင်ဆုံးရှောင်ကျဉ်ရမှာပါ။ သူမကိုမျက်ရည်တွေဖန်တီးပေးမှာလည်း အပြုံးတွေဖန်တီးပေးမှာလားဆိုတာ သင့်ရဲ့လုပ်ရပ်တွေပေါ်မှာပဲ မူတည်နေမှာဖြစ်ပါတယ်။
(၄) တန်ဖိုးထားရမယ်
တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်တန်ဖိုးထားခြင်းက နှစ်တွေဘယ်လောက်ပဲကြာသွားပါစေ ခိုင်မြဲတဲ့အချစ်တစ်ခုကို တည်ဆောက်နိုင်တဲ့ လျို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်သဘောတစ်ခုတည်းကိုမကြည့်ဘဲ သူမကိုအလေးနက်ထားပြီး တိုင်ပင်တာ သူမကိုပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာ သူမအချစ်ကိုအသိမှတ်ပြုတာတွေ လုပ်သင့်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုတန်ဖိုးထားချစ်မြတ်နိုးတယ်ဆိုရင် သူမဟာလောကမှာ အပျော်ရွှင်ရဆုံးမိန်းကလေးဖြစ်မှာသေချာပါတယ်။