ပြည်တွင်းသတင်း

ယခု​မေလအတွက်​ သိန်းတစ်သောင်းခွဲ ကံထူးရှင် . . .။

ကျပ်သိန်းတစ်သောင်းခွဲဆုကို စစ်တွေမြို့က (၃) တန်းကျောင်းသူလေး ဆွတ်ခူး

ယနေ့ ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်လိုက်သည့် (၁၆) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဆွတ်ခူးသွားပါတယ်။ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် ငပိန်လမ်းနေ ဦးအောင်ဆန်းဝင်းနှင့် ဒေါ်မေကြီးဖြူတို့၏ သမီး မကြည်ဖြူစင်သိန်းက ဃ ၃၁၃၁ဝ၂ ဂဏန်းဖြင့် သိန်းတစ်သောင်းခွဲထီဆုကြီးကို ဆွတ်ခူးရရှိသွားခြင်းဖြစ်ပါတယ်။

“အခုလို ထီဆုကြီးပေါက်လို့ အတိုင်းမသိ ပျော်မိပါတယ်။ အလှူတွေ လုပ်သွားမယ်။ စစ်ဘေးရှောင်တွေကိုလည်း လှူသွားမယ်။ ထီကိုယ်စားလှယ်ကိုလည်း ကားတစ်စီးဝယ်ပေးဖို့ စိတ်ကူးထားပါတယ်။”ဟု မကြည်ဖြူစင်သိန်း၏ မိခင် ဒေါ်မေကြီးဖြူက ပြောပါတယ်။

ထီပေါက်သည့် မကြည်ဖြူစင်သိန်းသည် ရွာကြီးတောင်မူလွန်ကျောင်းတွင် တတိယတန်းကို ဖြေဆိုထားသူဖြစ်ပါတယ်။ ဒေါ်မေကြီးဖြူတို့သည် မေလ လဆန်းပိုင်းတွင် တွန်းလှည်းဖြင့်လည်၍ ရောင်းချသည့် ထီးကိုယ်စားလှယ်ထံမှ ထီ ၅ စောင်တွဲကို သမီးဖြစ်သူအမည်ဖြင့် ထိုးခဲ့ခြင်းဖြစ်ပါတယ်။

ထီပေါက်သည့် မကြည်ဖြူစင်သိန်း၏ ဖခင်သည် သုံးဘီးဆိုင်ကယ်မောင်းပြီး မိခင်ဖြစ်သူမှာ အိမ်တွင် ကြက်ဥနှင့် မုန့်တီဖတ်ရောင်းချကြကြောင်း၊ သူတို့ မိသားစုတွင် မုန့်တီဖတ်လုပ်သည့်ဖိုတစ်ခုရှိတယ်လို့လည်း သိရပါတယ်။

၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည့် ကျပ်သိန်းတစ်သောင်းထီဆုကြီးကိုလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နာရီစင်အနီးတွင် နေထိုင်သူ ဦးစံရွှေခိုင်က ဆွတ်ခူးခဲ့ဖူးပါတယ်။crd





