အေထြအေထြဗဟုသုတ

သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့် (၅)မျိုး

Zawgyiဖြင့်ဖတ်ရန်


ချမ်းသာမယ့် နည်းလမ်းဆိုတာ ရှိသလို၊ ဆင်းရဲမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ ချမ်းသာမယ့်နည်းလမ်းကို မသိသေးသူတွေက ဆင်းရဲစေမယ့် နည်းလမ်းတွေကို ရအောင်ရှောင်ရှားလိုက်တာနဲ့ ချမ်းသာမယ့်နည်းလမ်းကို တစ်ဖက်ကနေ ပြန်လည်ကျင့်သုံးရာ ရောက်စေမှာပါ။ အခုဖော်ပြပေးမှာကတော့ သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့်(၁၀)မျိုး ဖြစ်ပါတယ်။ ရှောင်ရှားကြပါ

(၁) ကိုယ်ရှာနိုင်တာထက် ပိုသုံးရင်

တစ်ချို့တွေက အသုံးနဲ့အဖြုန်း မကွဲကြပါဘူး။ တစ်ချို့ ငွေသုံးအလွန်ကြမ်းပါတယ်။ ဒီလူတွေဟာ သေချာပေါက် မချမ်းသာကြဘူးဆိုတာ သတိချပ်စေချင်ပါတယ်။တစ်ချို့တွေက ကိုယ်ရှာတာ ကိုယ်သုံးဖို့ပဲဆိုပြီး သဘောထားကာ အရမ်းကာရော လျှောက်သုံးတတ်ကြပါတယ်။ ရှာနိုင်သလောက် အချိန်တော့ သုံးရဦးမှာပါဘဲ။ မရှာနိုင်တော့ရင်တော့ ဆင်းရဲခြင်းဆိုတဲ့ဒဏ်ကို ခံစားရမှာပါ

(၂) မလိုအပ်သောနေရာတွေမှာ ငွေအသုံးပြုခြင်း

မအပ်စပ်သောအရာဆိုတာက တစ်ခါတလေ ဂုဏ်ပကာသနတစ်ခုအတွက် ငွေကြေးကို ဒလဟောသုံးတာမျိုးပါ။ ဥပမာအနေနဲ့ မြင်သာအောင်ပြောရရင် သုံးနှစ်လောက် နေလို့ဖြစ်နေတဲ့အိမ်ကို သူများဆီကနေ အကြွေးခံပြီး ပြန်ဖျက်ဆောက်တာတို့ ဘာတို့ပေါ့။ အကြွေးအတွက် အတိုးက ဆပ်နေရလို့ အကြွေးနွံနစ်နေပါတယ်

တစ်ခါတလေ ဘတ်စ်ကားလောက်နဲ့ သွားလို့ရတဲ့ခရီးကို ရှိုးပဲ့တယ်ဆိုပြီး တက္ကစီပဲ စီးတဲ့အကျင့်မျိုးပေါ့။ တစ်ချို့ကကျတော့ ရေခဲသေတ္တာ တစ်ခုရှိနေရက်နဲ့ နောက်ထပ် ရေခဲသေတ္တာတစ်လုံး ထပ်ဝယ်တာမျိုး ရှိတတ်ပါတယ်အလွန်ဈေးကြီးတဲ့ အစားအစာတွေကိုပဲ နေ့စဉ်လိုလို စားနေတာမျိုးပေါ့။ တစ်ချို့က ငွေကုန်ကြေးကျများမှ ဂုဏ်ရှိတာလို့ ထင်တဲ့သူတွေလည်း ရှိပါတယ်

(၃) တစ်ယောက်ကိုမှ မကူညီဖူးခြင်း

ဒါကလည်း လူမှုရေးဘက်ကနေ ကြည့်မယ်ဆိုရင် မဖြစ်သင့်တဲ့ကိစ္စပါ။ သင်ဟာ ဘယ်သူ့ကိုမှ လောက်လောက်လားလား မကူညီဖူးဘူး၊ အားလုံးကို အပေါ်စီးကနေ ဆက်ဆံခဲ့ဖူးသူ၊ အကူအညီလာတောင်းသူ မှန်သမျှကို ခပ်ပျက်ပျက် ခပ်ရိုင်းရိုင်းပြောပြီး မောင်းထုတ်တတ်သူဆိုရင် သင် ဒုက္ခရောက်နေချိန်မှာ တစ်ယောက်ယောက်က သင့်ကို လာပြီးကူညီမယ်လို့ မမျှော်လင့်ပါနဲ့။ ဒီတော့ လူလောကမှာ နေထိုင်မယ်ဆိုရင် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီစိတ်ဓာတ် ထားရမှာပါ

(၄) အကြွေးထူခြင်း….

လူတစ်ယောက်ကို ဆင်းရဲတွင်းထဲမှာ ကြာရှည်နစ်စေတဲ့ အရာကတော့ အကြွေးပါဘဲ။ လက်ရှိ အရပ်ထဲမှာ ငွေတိုးချေးစားသူတွေနဲ့သာ ငွေကြေးကိစ္စ အလုပ်လုပ်ပါက အတော်လေး ကြောက်စရာကောင်းတာကို တွေ့ရပါတယ်။ တစ်ချို့က လုံးဝမဖြစ်သင့်တဲ့ အတိုးနှုန်းနဲ့ ငွေတိုးချေးစားနေတာတွေလည်း ရှိပါတယ်

တစ်လလျှင် ငွေကျပ်တစ်သိန်းမှာ အတိုးနှုန်း (၂၅)%ကနေ အနိမ့်ဆုံး (၁၀)%အထိ ရှိပါတယ်။ ငွေပမာဏများလေ အတိုးပေါ်အတိုးဆင့်ပြီး ဆင်းရဲတွင်းနစ်လေပါဘဲ။ ငွေကို အတိုးနဲ့ယူသုံးတာက လက်တလော အဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ အဆင်မပြေနိုင်ဘူးဆိုတာ ကောင်းကောင်းသဘောပေါက်ဖို့ လိုပါတယ်

(၅) လောင်းကစားနဲ့ အပျော်အပါးမက်ခြင်း….

တစ်ချို့တွေက ငွေစကြေးစလေး ရွှင်လာပြီဆိုရင် တစ်ထိုင်တည်းနဲ့ ပိုက်ဆံဂဏန်းငါးလုံးလောက် အသာလေးကုန်နိုင်တဲ့ ဘီယာဆိုင်တို့၊ ကေတီဗွီတို့၊ မာဆက်တို့ကို မျက်စောင်းထိုးချင်ကြပါတယ်

တစ်ချို့က ဒီလိုမဟုတ်ပဲ ငွေမျော ငွေနဲ့လိုက်-ဆိုပြီး လောင်းကစားကို ဝါသနာထုံကြပါတယ်။ လောင်းကစားဆိုတာ ဘယ်တုန်းကမှ လူကို သုခတရားတွေ ပေးစွမ်းတာမျိုး မရှိပါဘူး။ တစ်ချို့အကျိုးပေးတယ်ဆိုတာ လောလောဆယ် ကံလိုက်နေလို့ပါ။ လောင်းကစားသမားတွေအများစုကို ကြည့်လိုက်ပါ … ဘယ်သူက လူမွေးလူရောင် ပြောင်လို့လဲ

ဒီလိုပဲ တစ်ချို့က ငွေရွှင်ပြီဆိုရင် မိန်းမဘက်ကို လှည့်တတ်ကြပါတယ်။ အပျော်အပါးဘက်ကို လှည့်တတ်ကြပါတယ်။ အဲဒီလိုမိန်းမဆိုတာ ငွေက ဘယ်ခလုတ်ကို နှိပ်ရင်ထွက်တယ်ဆိုတာ သိပြီးသား မိန်းမလည်တွေက များပါတယ်။ နောက် ရောဂါဘယ ကူးစက်မှုရှိ၊ မရှိကလည်း စိတ်မချရပါဘူး။ သင့်အတွက် ဆင်းရဲတွင်းနက်စေမယ့် အမူအကျင့်တွေမို့ ရှောင်ရှားဖို့ လိုပါတယ်

Credit – Shwemom