“ကိုဗစ်ထိန်းချုပ်ခြင်းကိုကျောင်းဖွင့်ရင်းတစ်ပြိုင်တည်းလုပ်ဆောင်နေဟုဒေါက်တာ
ခင်ခင်ကြီးဆို”
ကိုဗစ် ရောဂါဖြစ်ပွားမှုများနေသည့် နိုင်ငံများမှာပင် ကျောင်းဖွင့်ရင်း ကိုဗစ်ထိန်းချုပ်ခြင်းများကိုတစ်ပြိုင်တည်းလုပ်ဆောင်နေ၍ ကိုဗစ် ကာကွယ်ရေး စည်းကမ်းများကိုလိုက်နာပြီး မိဘများအနေဖြင့် စိုးရိမ်ကြီးစရာမလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောဆိုသည်။
“လက်ရှိအခြေအနေမှာ ကလေးတွေကို မိဘတွေက ကျောင်းတွေမှာ ကိုဗစ်တွေ့တာနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ကြတယ်။ ကိုယ်တိုင်ကလည်း မိဘဖြစ်တော့ သိပါတယ်။ကျောင်းတွေမှာ ဖြစ်တယ်ဆိုတာကလည်း ရောဂါပိုးတွေ့တဲ့တစ်ယောက်၊ နှစ်ယောက်ကနေပြီး ကူးစက်သွားတဲ့ သဘောရှိတဲ့အတွက် နှာခေါင်းစည်းတပ်မယ်။
လက်သန့်ဆေးရည်နဲ့ မကြာခဏ ဆေးမယ်ဆိုရင် ကိုယ့်ထမင်းဘူးနဲ့ကိုယ်စား၊ ကိုယ့် အသုံးအဆောင်နဲ့ကိုယ် မရောနှောဘူး။ အချင်းချင်းမရောနှောဘူး။ မိမိကလေးနေမကောင်းဘူး။ဖျားနာမယ်ဆိုရင်၊ ကိုယ့်အိမ်မှာ လူကြီးတစ်ဦးက ကိုဗစ်လက္ခဏာတွေရှိတယ်ဆိုရင် ကလေးကို ကျောင်းမလွှတ်နဲ့ပေါ့။
နောက်တစ်ချက်က ကလေးကို ကိုဗစ်စည်းကမ်းတွေကို သေသေချာချာ လေ့ကျင့်သင်ထားပေးထားမယ်ဆိုရင်ကြောက်စရာမလိုပါဘူး။ကလေးတွေမှာဖြစ်ရင် သေဆုံးမှုက ရာခိုင်နည်းတယ်။ ကလေးတွေမှာ ဖြစ်တာကလည်းကိုဗစ်စုစုပေါင်း ဖြစ်တာထက် ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းပဲရှိပါတယ်။
ကိုဗစ်(၁၉)က ဘယ်တော့မှဆုံးမယ်ဆိုတာ မပြောနိုင်သေးဘူး။ ရောဂါ ဖြစ်ပွားမှုများဆဲ ထိုင်းမှာတောင် ဇွန် ၁၄ရက်က ကျောင်းတွေဖွင့်နေတယ်။ နောက်လက စပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ကမ်းခြေကို ဖွင့်တော့မှာပေါ့” ဟု ၎င်းက ပြောဆိုသည်။ရန်ကုန်တိုင်းဒေသကြီးရှိ မဟော်သဓာကိုယ်ပိုင်အထက်ကျောင်းနှင့် TTC ကျောင်းများတွင် ကိုဗစ်(၁၉) ရောဂါ ကူးစက်မှုများကို ထိန်းချုပ်နိုင်ကြောင်း ဒေါက်တာ ခင်ခင်ကြီးက ဆက်လက်ပြောဆိုသည်။