ငါးကန်အောက်ဆီဂျင်ပေးပန့်နဲ့ “လူကိုအောက်ဆီဂျင်ပေးလို့ရမလား❓” လို့ မေးတဲ့သူရှိပါတယ်။
တလောက နှာခေါင်းနှစ်ပေါက်မှာငါးကန်ပိုက်တပ်ပြီး အသက်ရှုပြတဲ့အိန္ဒိယကြီးတစ်ယောက်ကိုမြင်ပြီးမေးပုံရပါတယ်။ သူကတစ်မိနစ်နှစ်မိနစ်လောက်လုပ်ပြတာကို အဟုတ်ကြီးမှတ်နေပုံရပါတယ်။
ဒါမျိုးကမော်စီတုံးခေတ်မှာဆိုရင် စလွယ်နီနဲ့ဂုဏ်ပြုခံရမယ့်အမျိုးပါ။
လွဲနေတဲ့အချက်က ငါးကန်ပန့်ကလေပန့်ပါ။ ဘာအောက်ဆီဂျင်မှသပ်သပ်စစ်ထုတ်မပေးပါဘူး။
ငါးကန်ပန့်ထဲမှာ ကွိုင်တစ်ခုနဲ့သံလိုက်နှစ်တုံးပါပါတယ်။ ရိုးရှင်းတဲ့ electromagnetic သဘောတရားနဲ့ လေကိုရာဘာခံပြီးဖိသွင်းတာပါ။
AC လျှပ်စစ်ဓာတ်ပေးပြီး သံတုံးလေး ၂ တုံးကိုပူးလိုက်ခွာလိုက်လုပ်ခြင်းဖြင့်လေကိုဖိသွင်းပေးလိုက်တဲ့သဘောပါ။
ဖိအားနဲ့ထွက်လာတဲ့လေတွေဟာ ပူစီဖောင်းလေးတွေအဖြစ် ငါးကန်ထဲကရေကိုဖြတ်သန်းပြီး ရေမျက်နှာပြင်ပေါ်တက်သွားပါတယ်။
ရေမျက်နှာပြင်ကိုရောက်တာနဲ့လေဖူးဖောင်းကွဲသွားပါတယ်။ အဲ့ဒီအချိန်မှာရေထဲကိုအောက်ဆီဂျင်ပျော်ဝင်မှုဖြစ်ပေါ်စေပါတယ်။ ဒါပါပဲ။
ဒါကြောင့် အဲ့လိုငါးကန်ပန့်ကပိုက်ကို နှာခေါင်းတပ်တာဟာ စက်ဘီလေထိုးပြွန်ကိုနှာခေါင်းမှာတပ်သလိုပါပဲ။
ပရက်ရှာဖိအားတစ်ခုနဲ့ပြင်ပလေကို အဆုတ်ထဲဖိသွင်းတဲ့သဘောပါပဲ။ ပရက်ရှာအထိန်းအကွပ်မရှိရင် အဆုတ်ကိုထိခိုက်တတ်ပါတယ်။
ဒါဆိုရင် Oxygen concentrator မဟုတ်ဘူးပေါ့❓
လေထဲကနိုင်ထရိဂျင်မှမဖယ်ပေးတာ ဘယ်လိုလုပ်အောက်ဆီဂျင်စုပေးမှာလဲ။ Filter မခံထားလို့ ဖုန်မှုန့်တွေတောင်စုပ်ယူလာပါသေးတယ်။
ဒါဆိုရင် CPAP တို့ ventilator တို့သဘောမဟုတ်ဘူးလား❓
အဲ့ဒါတွေလုပ်ရင် ISO 5359:2014 standard ကိုလိုက်နာရပါတယ်။ Anaesthetic and respiratory equipment အတွက်လိုက်နာရမည့် လိုအပ်ချက်များပါ။
နဂိုကတည်းကထိခိုက်နေတဲ့ အဆုတ်နဲ့လေပြွန်ကို မပျက်ဆီးစေဖို့ဖြစ်ပါတယ်။
မထွင်ရဘူးလားမေးရင် ထွင်လို့ရပါတယ်။ ISO 5359:2014 standard နဲ့ လူရဲ့အသက်ရှုတဲ့ respiratory system ကိုသေချာအောင်အသေအချာနားလည်ပြီးမှ ထွင်ပါ။
မာလာဝီကကလေးတွေအတွက် အဲ့လိုပန့်နဲ့အသက်ရှုစက်ထွင်ပေးတာရှိပါတယ်။ ဒါပေမယ့်လက်လွတ်စပယ်လုပ်တာမဟုတ်ပါ။ အမေရိကန်နိုင်ငံ Houston ရှိ Rice University မှ စီနီယာဒီဇိုင်းကျောင်းသားတွေလုပ်ခဲ့တာပါ။ ထိန်းချုပ်တဲ့စနစ်တပ်ရပါတယ်။
ventilator လည်းကလေးတွေထွင်ကြတယ်ဘာညာနဲ့ နောက်တော့လည်းအသက်အန္တရာယ်မကင်းတာမို့ သတင်းပျောက်သွားပုံရပါတယ်။
ဒီလောက်လွယ်မှဖြင့် စီးပွားရေးသမားတွေလုပ်တာကြာပါပြီ။ စီးပွားရေးကုမ္ပဏီတွေဟာ တစ်ယောက်နဲ့တစ်ယောက်စားရိတ်လျော့ချပြီးရောင်းနိုင်ဖို့ အပြိုင်အဆိုင်လုပ်နေကြတာပါ။
လုပ်မရလို့မလုပ်တာပါ။ medical ventilator လုပ်တယ်ဆိုတာ လက်လွတ်စပယ်လုပ်လို့မရပါ။
အဲ့ဒီတော့ သေချာဂနမသိပဲ ရှယ်တာ မျိုးမလုပ်ပါနဲ့။ လိုက်လုပ်တဲ့သူမှာအသက်အန္တရာယ်ရှိနိုင်ပါတယ်။
Richard Myo Thant