အနုပညာ

ဒီကာလမှာ အလွန်အသုံးဝင်စေမယ့် အာဟာရပြည့်ဝစွာ နေထိုင်စားသောက်ရမယ့် နည်းလမ်းကောင်းတွေကို ရေးသားဝေမျှလာတဲ့ သင်ဇာဝင့်ကျော်

လတ်တလောအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေ အရမ်းကို မြန်ဆန်နေတာ ဖြစ်ပါတယ်။ အရင်လိုMask တပ်၊ လက်ဆေးရုံနဲ့တင် မရတော့ဘဲ သေသေချာချာ ဂရုတစိုက်နဲ့ နေထိုင်သွားလာဖို့ လိုအပ်နေပါပြီ။အနုပညာရှင်များကလည်း အာဟာရပြည့်ဝအောင် စားသောက်ရန်နဲ့ အားကစားလေ့ကျင့်ခန်းတစ်ခုခု လုပ်ဖို့အတွက်တိုက်တွန်းနေကြတာကိုလည်း မြင်တွေ့ရပါတယ်။ မနေ့ညကလည်း သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ လူမှုကွန်ယက်တွင် ကျန်းမာရေးကောင်းမွန်စေရန် နေထိုင်စားသောက်ရမယ့် နည်းလမ်းကောင်းတွေကို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

သူမကတော့ Stay at home ကာလမှာ hand stand training ပြန်စပြီဖြစ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရက်၊ဆေးလိပ် မတည့်တာမှန်သမျှ အကုန်ရှောင်တဲ့အကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် အားကစားပုံမှန်လုပ်လေ့ရှိပြီး ဆေးအနေနဲ့ vitamin C တစ်မျိုးတည်းကိုသာ သောက်သုံးပါတယ်။ ကျန်တဲ့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့vitamin တွေကိုတော့ ဆေးအဖြစ်မသောက်သုံးဘဲ အသီးအနှံနဲ့ အသားငါးတွေသာ ရွေးစားဖြစ်တဲ့အကြောင်း ဝေမျှထားပါတယ်။ မနက် (၈) နာရီမထိုးခင် နေပူစာလှုံပြီး အရမ်းအရေးကြီးတဲ့ ကိစ္စရှိမှသာ အပြင်ကို ထွက်တဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

ဒီရက်ပိုင်းတွေမှာ ဘာသာရေးလည်း ပိုလုပ်ဖြစ်ပြီး တရားထိုင်ပြီး ဝင်လေထွက်လေမှတ်ရင်း စိတ်ပိုငြိမ်အောင်အသက်ရှုလေ့ကျင့်ခန်းတွေလည်း လုပ်လို့ရကြောင်း ဝေမျှထားပါတယ်။ ဒီကာလမှာ ကိုယ်ခံအားကောင်းစေဖို့အတွက် စိတ်ညစ်စရာတွေ သိပ်မတွေးဘဲ ပိုစား၊ပိုအိပ်ဖို့လိုကြောင်း သူမလက်ရှိနေထိုင်တဲ့ ပုံစံတွေကို ရေးသားထားတာ ဖြစ်ပါတယ်။ အားလုံးလည်း COVID ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ပါစေလို့လည်း ဆုတောင်းပေးထားပါသေးတယ်။ ဒီကာလမှာ အတတ်နိုင်ဆုံး အိမ်မှာ နေထိုင်ခြင်းဟာ ရောဂါထိန်းချုပ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် နေထိုင်စားသောက်ရင်း ဒီရောဂါကြီးကို ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

CRD – Myanmarload