ၾကားသိရသမွ်

ဇနီးက ကလေးမွေးဖွားပြီးခါစ အဲလိုတော့မလုပ်သင့် ပါဘူး

ဇနီးဖြစ်သူကို မကြာခဏစနောက်ကျီစယ်တတ်ပြီး သူ့ရဲ့ကိုယ်ပိုင် youtube ချန်နယ်မှာတင်လေ့ရှိတဲ့ ထိုင်းက “ ကာရင် ၁၄၁၂” လို့ချန်နယ်အမည်ပေးထားတဲ့ နာမည်ကျော် Youtube ဆယ်လီတစ်ဦးဟာ ပြီးခဲ့သော ဇန်နဝါရီလ ၁ ရက်နေ့တုန်းက “ကားထဲ အသုံးပြုပြီးတဲ့ကွန်ဒုံးတွေ့ရှိတယ်” လို့နာမည်ပေးထားတဲ့ သူ့ရဲ့ဇနီးကိုစနောက်ထားတဲ့ ဗီဒီယိုကလစ်လေးအသစ်တစ်ခု အွန်လိုင်းမှာ တင်လိုက်ပါတယ်။

၎င်းဟာ ကွန်ဒုံးထဲကိုအုန်းနို့ထည့်ပြီး ကားအတွင်းတစ်နေရာမှာသွားဖွက်ထားပြီးနောက် တွေ့သွားတဲ့ဇနီးဖြစ်သူရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ရန် တမင်ရိုက်ကူးစီစဉ်ထားတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။

အစမှာ သူ့ရဲ့လမ်ဘိုဂီနီကားထဲက မောင်းသူထိုင်ခုံဘက်ခြမ်းမှာထားခဲ့သေးတယ်။ ဒါပေမယ့် သူ့မိန်းမက မတွေ့လိုက်ဘဲ အဲ့ဒီတစ်ခေါက်က မအောင်မြင်ခဲ့ပါဘူး ။

ထို့နောက် ကားနောက်တစ်စီးပြောင်းပြီး ထင်သာမြင်သာပိုရှိတဲ့နေရာမှာ ထားလိုက်ပါတော့ တယ်။ ဒီတစ်ခေါက် သူ့ရဲ့ကြံစည်မှုက အောင်မြင်တယ်လို့ ဆိုလို့ရပါ တယ်။

နောက်ဆုံးတော့ ကားပေါ်ရောက်နေတဲ့ ကလေးမွေးဖွားပြီးခါစသူ့ဇနီးသည်က ကားထဲအမှိုက်တွေလိုက်ရှင်းရင်း ရုတ်တရက်တွေ့သွားတယ်။

တွေ့သွားသောဇနီးဖြစ်သူမှာ ချက်ချင်းဆိုသလို ဒေါသထွက်ပြီး ငိုကာ ယောင်္ကျားဖြစ်သူအား ရဲတွေလူဆိုးစစ်ဆေးသလို ရိုက်နှက်ထုထောင်းကာ မေးခွန်းများစွာတရစပ်ပြောဆိုမေးမြန်းနေပါ တယ်။ “ရှင်က ကျွန်မနဲ့သားသမီးမျက်နှာကိုတောင်မထောက်၊ သစ္စာဖောက်ရက်တယ်” ဆိုပြီး ယောင်္ကျားဖြစ်သူကို ဆဲဆိုကျိန်းမောင်းတာနဲ့ အကြီးအကျယ်ငိုကြွေးကာ ကွာရှင်းပြတ်စဲအဆင့်ထိ ပိုချဲ့သွားခဲ့ပါတယ်။

ယောင်္ကျားဖြစ်သူကလည်း ဟိုတစ်ယောက်ကိုလွဲချလိုက် ဒီတစ်ယောက်ကိုလွဲချလိုက်နဲ့ သူ့ဟာမဟုတ်ကြောင်း အတင်းပြန်ငြင်းဆိုနေရှာတယ်။

လမ်းတစ်လျှောက်လုံး ပွစိပွစိဖြစ်လာပြီး အိမ်လည်းပြန်ရောက်ကော အိမ်ထဲအထိ မတည်ငြိမ်သေးအခြေအနေပဲ၊ နောက်ဆုံးမှာတော့ အကြောင်းအရာအားလုံးမှာ စနောက်ကျီစယ်တမင်ပြုလုပ်စီစဉ်ထားကြောင်း ယောင်္ကျားက ဖွင့်ပြောလိုက်ပါတော့တယ်။

အကြောင်းမှန်သိသွားသောမိန်းမကတော့ အနည်းငယ်ငြိမ်သက်သွားခဲ့သော်လည်း တခြားမိန်းမအကြောင်းနဲ့ပတ်သက်လာရင် သူအရမ်းခံစားလွယ်ကြောင်းဆိုပြီး ဆက်လက်ငိုကြွေးနေဆဲပါ။

ဒီအကြောင်းအရာအွန်လိုင်းမှာပျံ့နှံ့သွားပြီးနောက် ဝင်ရောက်ကြည့်ရှုသူ ၂.၄ သန်းကျော်ရှိပြီး၊ ဝေဖန်ရှုံ့ချသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

ဒီအကြောင်းအရာကို ရယ်မောဖို့ဟာသနောက်စရာအကြောင်းမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ အထူးသဖြင့် ကလေးမီးဖွားပြီးခါစအမျိုးသမီးတွေကို ဒီလိုမျိုးစနောက်ပြုလုပ်ဖို့ လုံးဝမသင့်တော်ဘူးလို့ မှတ်ချက်များစွာရေးသားထားပါတယ်။

သွေးသားနုသေးသော ကလေးမီးဖွားပြီးခါစအမျိုးသမီးသည် ခန္ဓာကိုယ်တွင်းဟော်မုန်းအပြောင်းအလဲရှိ၍ စိတ်အတက်အကျလွယ်တဲ့အချိန်၊ စိတ်ဓါတ်ကျလွယ်တဲ့ အချိန် ဖြစ်တာကြောင့် ဒီလိုအချိန်မျိုးမှာ စိတ်ခံစားချက်ထိခိုက်လွယ်စေတဲ့အကြောင်းအရာတွေ လုံးဝမပေးသင့်ကြောင်း ဆိုကြပါတယ်။

ဒါပေမယ့် တချို့မှတ်ချက်တွေကလည်း သဘောကျနှစ်သက်ပြီး အရမ်းဟာသမြောက်တယ်လို့ ရေးသားထားတာရှိပြီး၊ တချို့ကလည်း ယောင်္ကျားကို ပြင်းထန်စွာကိုယ်ထိလက်ရောက်တုံ့ပြန်ထားတဲ့ မိန်းမဖြစ်သူရဲ့အပြုအမူကိုကြည့်ပြီးတော့ ဒါဟာ ယောင်္ကျားသားအပေါ် ရက်စက်ပြီးအကြမ်းဖက်ရာရောက်တဲ့အပြုအမူပါဆိုပြီး ကွာရှင်းပြတ်စဲပေးရန် ယောင်္ကျားဘက်ကို အားပေးထားတဲ့မှတ်ချက်တွေလည်း ရေးသားထားတာတွေ့ရပါတယ်။