ၾကားသိရသမွ်

စားသောက်ကုန်နှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာနေမှု နှင့် အတူ တိုင်းပြည်၏ စီးပွားရေး သည် ဇောက်ထိုး မိုးမျှော် ထိုးကျလာနေပြီ

ကျပ်ငွေ တန်ဖိုးသည် စက်တင်ဘာလ ဆန်း မှစ၍ လေးပတ် အတွင်း ၆၀% အထိ ဆက်တိုက်ဆိုသလို ထိုးဆင်း လာနေမှု ကြောင့် စားသောက်ကုန်နှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာနေမှု နှင့် အတူ တိုင်းပြည်၏ စီးပွားရေး သည် ဇောက်ထိုး မိုးမျှော် ထိုးကျလာနေပြီ ဖြစ်သည်ဟု ရိုက်တာ သတင်းဌာန ၏ သတင်းပေးပို့ချက် ကို ကမ္ဘာ မီဒီယာများတွင် ပါရှိလာခဲ့သည်။

ကျပ်ငွေ တန်ဖိုး ၆၀% ကျဆင်း

အာဏာသိမ်းပြီး နောက်ပိုင်း ၄၈ ကီလိုဂရမ် အလေးချိန်ရှိ ဆန်တအိတ်၏ တန်ဖိုးသည် ၄၈,၀၀၀ ကျပ် အထိ တိုးမြှင့်လာသဖြင့် ၄၀% တက်လာပြီး ဓါတ်ဆီ တလီတာကို ယခုအခါ ၁,၄၄၅ ကျပ် ဖြင့် ဝယ်ယူနေရပြီ ဖြစ်ကြောင်း ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

အာဏာမသိမ်းခင်တွင် ၁,၃၀၀ မှ ၁,၄၀၀ ကျပ်အကြား ရှိ ဒေါ်လာဈေးသည် ယခုအခါ ၂,၅၀၀ မှ ၂,၇၀၀ ကျပ် အထိ ပေါက်ဈေးရှိလာနေသည်။ ယခင်က တကျပ်သားလျှင် ၁၃.၅ သိန်း ကျပ်သာ ရှိသော ရွှေတန်ဖိုးသည် ၂၂.၅ သိန်း ကျပ်အထိ ရှိလာခဲ့သည်။ တလီတာ လျှင် ကျပ် ၆၆၀ နှင့် ၇၇၀ အကြား ရှိသောဓါတ်ဆီစျေးသည် ကျပ် ၁,၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

ရန်ကုန်ရှိ ပလပ်စတစ် အိတ်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်တဦးက မူ ဈေးနှုန်းကို ၃၀% တင်ရောင်းခဲ့ရ၍ အရောင်းအဝယ်များ ထိုင်း သွားရသည်ဟု ဆိုသည်။

CB Atm တွင် ငွေထုတ်ရန် တန်းစီစောင့်ဆိုင်းနေကြသူများ

ဘဏ်များ မှ မိမိတို့၏ စုဆောင်းငွေများကို ငွေအလုံအလောက် ထုတ်မပေးနိုင်တော့၍ အချို့က လက်ဝတ် ရတနာများ ထုတ်ရောင်းလာကြသည်ဟု ရန်ကုန်ရှိ ရွှေကုန်သည်တဦးက ပြောပြသည်။ မရေရာ မသေချာသော အနာဂတ် ကြောင့် အားလုံးသည် ဝယ်ခြမ်းဖို့ထက် မိမိတို့ လက်ဝယ်ရှိ ငွေများကို တတ်နိုင်သမျှ ခြစ်ကုတ်စု ဆောင်းလာကြ၍ အရောင်းအဝယ်များ ထိခိုက်ပျက်စီးလာခဲ့ရပြန်သည်။

ထိုအရေးသည် ဒေါ်လာ လဲလှယ်နှုန်း အား စီးပွားရေး အတက်အကျ ပြဒါးတိုင် အဖြစ် သတ်မှတ်တိုင်းတာ တတ် သော စစ်ဗိုလ်ချုပ်ကြီးများ အဖို့ အထူး တုန်လှုပ်ချောက်ချား လာနေကြသည်ဟု နိုင်ငံတကာ အကြပ် အတည်း များ လေ့လာရေး အဖွဲ့၏ မြန်မာ အရေး ကျွမ်းကျင်သူ ရစ်ချတ် ဟိုဆေးက ဆိုသည်။

ဟိုဆေးက rattle ဟူသော စကားလုံးကို သုံး၍ ၎င်းတို့၏ စိတ်ခံစားမှု ကို ပေါ်လွင်အောင် ဖေါ်ပြသွားသည်။ ယင်းမှာ ပိတ်လှောင်ခံထား ရသော တရိစ္ဆာန်တကောင်၏ လှောင်အိမ်ကို အပြင်မှ ဆွဲကိုင်လှုပ်ရမ်းခြင်း၊ သံတိုင်များကို တုတ်ဖြင့် ပတ္တလား တီးသလို တီးခေါက်ပါက အထဲရှိ တရိစ္ဆာန်များ ခံစားရပုံ မျိုး ကို ဆိုလိုသည်။

လူထုကို လက်နက်အားကိုး ဖြင့် အနိုင်ကျင့် ခြိမ်းခြောက်ထားဖို့သာ ကျွမ်းကျင်သော စစ်ခေါင်းဆောင်များ အဖို့ ယခုလို ထင်မှတ်မထားသော စီးပွားရေး အလဲလဲ အပြိုပြို ဖြစ်လာမှုကို မည်သို့မျှ ကာကွယ်နိုင်စွမ်း မရှိတော့ သည်မှာ ထင်ရှားလာနေပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့ ၏ ဗဟိုဘဏ်သည် ယခင်က ‌ပြင်ပ ‌ဒေါ်လာ ပေါက်ဈေးကို ၎င်းတို့ ရောင်းချသည့် ဈေးထက် ၀.၈% ပတ်ဝန်းကျင် အတက်အကျ သာ အရောင်းအဝယ် လုပ်ခွင့်ပြုထားရာမှ မည်သို့မျှ မခံနိုင်တော့သည့် အဆုံး စက်တင်ဘာ ၁၀ ရက်နေ့တွင် ပယ်ဖျက်ပေးလိုက်ရသည်။

အဘယ်အတွက်ကြောင့် ထိုသို့ ပယ်ဖျက်လိုက်ရသည် ဆိုသည်ကို အကြောင်းပြချက် တစုံတရာ မပေးသော်လည်း စစ်ကောင်စီ ၏ ဘဏ္ဍာ တိုက် အတွင်း နိုင်ငံခြား အရံငွေများ ကုန်ခန်းစ ပြုလာနေသည့် လက္ခဏာ ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

ထို့နောက်ပိုင်းတွင် ဗဟိုဘဏ်မှ လှေမျောလှေ နှင့်လိုက် ငွေမျော ငွေနှင့် လိုက် ဆိုသလို စက်တင်ဘာ ၁၃ မှ ၂၇ ရက်အတွင်း အမေရိကန် ဒေါ်လာ ၆၅ သန်းကို တဒေါ်လာ ၁,၇၅၀ နှုန်း ဖြင့် ဓါတ်ဆီ၊ စားသုံးဆီ နှင့် ဆေးဝါးများ တင်သွင်းသည့် ကုမ္ပဏီများ အား ထုတ်ရောင်းကာ ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း အရာထင်ခဲ့ခြင်း မရှိပေ။

ဤသည်ကလည်း စစ်ကောင်စီ ၏ မကျက်တကျက် အယူအဆများ ကို လိုက်လုပ်ပေးနေရသော ဗဟိုဘဏ် အပေါ် ဈေးကွက်က လုံးဝ အယုံအကြည် မရှိခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။

စားသောက်ကုန်နှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာနေ

ကမ္ဘာဘဏ်၏ ခန့်မှန်းချက်အရ ဆိုမူ ၂၀၂၀ နှစ်ကုန်ပိုင်း အထိ နိုင်ငံခြား အရံငွေ ဒေါ်လာ ၇.၇ ဘီလီယံ ရှိထားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ပို့ကုန်ပမာဏ ကျဆင်းလာမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် ပြည်ပမှ အကူအညီ များ ခန်းခြောက်လာမှု များကြောင့် နိုင်ငံခြားဝင်ငွေ ရရာ ရကြောင်း မရှိတော့သဖြင့် လက်ကျန်ငွေများကို ချွေတာရတော့မည် ဖြစ်သည်။ ထို့အတွက် နိုင်ငံခြားငွေ လဲလှယ်မှု ထိန်းချုပ်ရေး အတွက် အခက်အခဲများ ရှေ့လျှောက် ကြုံတွေ့လာရဖွယ် ရှိနေလေသည်။

ကမ္ဘာဘဏ်မှလည်း စီးပွားရေးသည် ၁၈% အထိ ကျဆင်းသွားမည်ဟု ခန့်မှန်းထားမှုများနှင့်အတူ အာဆီယံ နိုင်ငံ များ အတွင်း အလုပ်လက်မဲ့ နှုန်း နှင့် ဆင်းရဲမှု နှုန်း အမြင့်ဆုံး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ထိုသို့ စီးပွားရေး ကမောက်ကမ ဖြစ်လာမှုသည် ကိုဗစ် ကပ်ရောဂါ ကြီး နှင့် အတူ စစ်အုပ်ချုပ်ရေးအား နိုင်ငံ တဝှမ်း နည်းမျိုးစုံဖြင့် လက်နက်ကိုင် တော်လှန်လာမှု များ တိုးမြှင့်လာမှု ကြောင့် ဖြစ်သည်။

နိုင်ငံရေး အခြေအနေ ဆိုးဝါးလာသည်နှင့် အမျှ ငွေကြေး အခြေအနေသည်လည်း ပို၍သာ ဆိုးဝါးလာဖို့ ရှိကြောင်း ဘဏ် အထက်တန်း အရာရှိတဦးက မှတ်ချက်ချခဲ့သည်။

လူများ ပို၍ ဆင်းရဲ လာဖို့သာ ရှိနေသည်ဟု ရန်ကုန် နေ ပြည်သူတဦးက ကောက်ချက်ချခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက် ၂၀၂၀ တွင် နိုင်ငံသား တဦးစီ၏ ကုန်ထုတ်လုပ်မှု ပမာဏ သည် ဒေါ်လာ ၁,၄၀၀ အထိ ရှိလာနေခဲ့ပြီး ယင်းသည် တနိုင်ငံလုံး၏ ကုန်ထုတ်လုပ်မှု တန်ဖိုး ကို လူဦးရေ နှင့် ဂဏန်း သင်္ချာ နည်းဖြင့် စားထားသည့် ရလဒ်ပင် ဖြစ်သည်။

ယခုအချိန်တွင်တော့ တိုင်းပြည်သည် မျောချင်ရာ မျောနေသည့် အနေအထား ဖြစ်လာနေသဖြင့် လူများ ပို၍ ဆင်းရဲ လာဖို့သာ ရှိနေသည်ဟု ရန်ကုန် နေ ပြည်သူတဦးက ကောက်ချက်ချခဲ့သည်။

တဖက်တွင် စစ်တပ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအပေါ် အာရုံစိုက် ချေမှုန်းနိုင်ရန် ချစ်ကြည်ရေးဟု အကြောင်းပြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပေါ် အပစ်အခတ် ရပ်စဲရေး ကို ကြေညာခဲ့သော် လည်း ၎င်းတို့ တုတ်တုတ်မျှ မလှုပ်ရဲအောင် ရုရှား၊ ယူကရိန်း နှင့် ဆာဘီယား တို့မှ လက်နက်ကြီးများ ဝယ်ယူ လျှက် ရှိပြီး ထိုသို့ဝယ်ယူနိုင်ရန် ကြားခံ ပွဲစား အဖြစ် ဆောင်ရွက်ပေးနေသူသည် Myanmar Chemical & Machinery (MCM) ကုမ္ပဏီ ပိုင်ရှင် အောင်လှိုင်ဦးပင် ဖြစ်သည်ဟု ဧရာဝတီ တွင် ဖေါ်ပြထားသည်။

ငွေတိုက်စာချုပ် (Bonds)

NUG မှလည်း ရံပုံငွေ ရှာဖွေ နိုင်မည့် နည်းလမ်း တရပ်အဖြစ် treasury bonds ခေါ် ငွေတိုက်စာချုပ်များ ထုတ် ရောင်းပြီး ငွေချေးငှားနိုင်ရန် စဉ်းစားလျှက်ရှိနေသည်။ မိမိနိုင်ငံ အတွက် ပံ့ပိုးမည့် လူများ အပေါ် လမ်းပွင့် သွား စေမည့် အစီအစဉ် တရပ်လည်း ဖြစ်ပြီး ယခုအခါ ဒေါ်လာ သန်း ၅၀ ဖိုး အထိ ပင် ဝယ်ယူရန် စာရင်း ပေးလာ သူများပင် ရှိလာနေပြီဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

ပြည်ပရောက် NUG ဝန်ကြီးချုပ်၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့သော မြန်မာ ပြည်သူများ နှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးပွဲတွင် ထိုအစီအစဉ် ကို ထည့်သွင်း ဆွေးနွေးသွားခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် နည်းလမ်း တခု အဖြစ် ပြည်ပရောက် မြန်မာများ မှ လစဉ် မိမိတို့ တရက်တာ ဝင်ငွေ ကို ထည့်ဝင် လှူဒါန်း နိုင်ရေး အတွက် အကောင်အထည် ဖေါ်သွားရန် သဘောတူညီခဲ့ကြသည်။

Getty Images

ကိုရီးယားရောက် မြန်မာများက One Day Challenge (ငါ့နိုင်ငံ အတွက် ငါ့တရက်) ဆောင်ပုဒ်ဖြင့် စတင် လှုပ်ရှား လာပြီး အဖွဲ့ဝင်အင်အား တထောင်ကျော်အထိ ရှိလာနေပြီ ဖြစ်သည်ဟု သိရသည်။

ပြည်သူ့အင်အား ဖြင့် တော်လှန်ရေးကြီး မုချအောင်မြင်ရမည်!!!

Hla Soewai

ကိုးကား – REUTERS / IRRAWADDY NEWS