ပရိသတ်အချစ်တော် သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ လူမင်းတို့ကို ခံဝန်ထိုးရင် ပြန်လွှတ်ပေးမယ်လို့ နစက က ညှိနှိုင်းနေ
ဒီကနေ့ နိုင်ငံတဝန်းက အကျဉ်းသားတွေကို SAC က လွှတ်ပေးချိန်မှာ အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံကျော် ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊အိန္ဒြာကျော်ဇင်နဲ့ လူမင်းတို့ကို ခံဝန်ထိုးရင် ပြန်လွှတ်ပေးမယ်လို့ နစက က ညှိနှိုင်းနေတယ်လို့ မာကျူရီမီဒီယာရဲ့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
နောက်နောင် ဒီလိုအပြုအမူတွေမလုပ်ကြောင်းနဲ့ လုပ်ခဲ့လို့ရှိရင် ယခုပြစ်ချက်ဟောင်းကိုပါ ပြန်လည်အမှုဖွင့်မယ်ဆိုတဲ့ ခံဝန်မျိုးနဲ့ ညှိနှိုင်းနေကြတာပါ။
ဒါပေမဲ့ သရုပ်ဆောင် ပြေတီဦး၊အိန္ဒြာကျော်ဇင်နဲ့ လူမင်းတို့ကတော့ လက်ရှိအချိန်အထိ လက်မခံသေးဘူးလို့လည်း သိရပါတယ်။
ယခု နစက လက်ထက်မှာသာမကဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကတည်းက အနုပညာရှင်တွေဟာ နိုင်ငံရေးနဲ့ပတ်သက်လို့အမှုအခင်းဖြစ်ခဲ့ရင် ခံဝန်ထိုးပြီး ထိန်းသိမ်းခံရာကနေ လွတ်မြောက်လာကြတဲ့ ဖြစ်ရပ်တွေရှိပါတယ်။
သာဓကအနေနဲ့ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံမှာ တက်ကြစွာပါဝင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်အကယ်ဒမီနှစ်ထပ်ကွမ်း (ဒေါ်)အေးအေးသင်းဆိုရင်လည်း ခံဝန်ထိုးရင် အနုပညာလှုပ်ရှားခွင့်ပေးမယ်ဆိုတဲ့ ယခင်စစ်အစိုးရကို ကမ်းလှမ်းချက်ကို သေသည်အထိလက်မခံခဲ့တဲ့ အနုပညာရှင်တစ်ဦးအဖြစ် သမိုင်းက မှတ်တမ်းတင်ထားဆဲဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ အနုပညာရှင်တွေထဲက လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ ရဲတိုက်၊ အိန္ဒြာကျော်ဇင်၊ ပိုပိုနဲ့ ဝင်းမင်းသန်းတို့ ပြန်လည်လွတ်မြောက်လာဖို့ကို ပရိသတ်တွေသာမကဘဲ အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက မျှော်လင့်နေကြတာဖြစ်ပါတယ်။
unicode