ဖတ်ရင်းနဲ့ အသားတေပါ တဆတ်ဆတ်တုန်စေတဲ့ စာရေးဆရာစိမ်းသော်တာရေးတဲ့ “တူမီးရှိုက်သံ”
💢တူမီးရှိုက်သံ💢
——————————-
တောင်ဇလပ်တွေ ပွင့်တော့မယ် မိုင်ရေ
ဝိတိုရိယတောင်ပေါ်
နောက်တခေါက် ပြန်မရောက်နိုင်တော့မှာတွေးရင်း
တိမ်ပင်လယ်ထဲ နစ်မြုပ်သွားရတဲ့သင်္ဘောဟာ
နာကျင်ရပေါင်းများလို့
နှလုံးသားမှာ အသားမာတွေတောင် တက်ခဲ့ပါပြီ မိုင်
ခေါ်နူးစုမ်တောင်ဇလပ်တွေ
ဒီတစ်နှစ်မှာ သွေးစွန်းတော့မယ်ထင်ပါရဲ့ မိုင်
အာရှတိုက်အမြင့်ဆုံးမြေသားဖုံးလွမ်းရာ
ငါတို့အမှတ်တရတွေ ကွန်းခိုရာ
(၁၀၂၀၀)အမြင့်ပေထက် ငါတို့ပျံတက်ခဲ့ရာ
၃၄၅မျိုးသောငှက်တို့ရဲ့အသိုက်ဟာ
ဆူညံပေါက်ကွဲသံတွေနဲ့ အကျည်းတန်ခဲ့ပြီပေါ့
အခုလောက်ဆို
မျက်ခုံးဖြူ ငှက်ပြာချောက်ကလေးလည်း
ဟိုးတောနက်နက်ထဲ ပုန်းအောင်းနေလောက်ပြီ မိုင်…
နှာခေါင်းနဲ့ ပုလွေမှုတ်သူအဖွားလည်း
တောတောင်တနေရာမှာ ထင်းစိုလေးတွေမီးစွဲဖို့
အမောတကော ဟောဟဲလိုက်အောင်ကုန်းမှုတ်နေရှာရောပေါ့…
စားပွဲဝိုင်း ယဉ်ကျေးမှုဟာ
တူမီးလောက် အလုပ်မဖြစ်မှန်း
လူ့တိရိစ္ဆာန်တွေကြောင့် နားလည်ခဲ့ရပါတယ် မိုင်
ငါတို့ဒဏ်ရာ အနာတရတွေဟာ
ကမ္ဘာ့သတင်းမီဒီယာတွေရဲ့
စက္ကန့်မိနစ်ပိုင်းလောက် အာသာဖြေစရာ
ဒီလိုပါပဲ မိုင်ရယ်
ဘေးအိမ်မှာ နာရေးရှိပေမဲ့
ကိုယ့်အိမ်မှာ သိပ်မပြောင်းလဲသလိုပေါ့
UN မှာ တံခါးဖွင့်ဖွင့် ပိတ်ပိတ်
တောင်တရုတ်ပင်လယ်မှာ လေယာဉ်တင်သင်္ဘောကြီးပဲဆိုက်ဆိုက်
ငါတို့အမှိုက်ကို ငါတို့လှဲရမယ်မဟုတ်လား…
မိုင်ရေ….
ခေတ်အဆက်ဆက်နောက်အကျဆုံးပြည်နယ်မှာ
အစောဆုံးပန်းတွေ ပွင့်ပြ ကြွေပြခဲ့တာ
လူသားဆန်တဲ့ တို့ဘိုးဘေးတွေရဲ့အမွေပဲပေါ့
လက်သန်းနဲ့ရေးလို့မှ မလှရင်
လက်ညိုးကွေးပြီး ရွေးရဲပါတယ်
စနစ်ကိုတိုက်တာဆိုတော့ အမြစ်ကိုချိုးဖို့လိုတယ်
ငါတို့ ဝေးနေရဦးမှာပေါ့ လောလောဆယ်
တောင်ယာအပြန်
မိုင့်ပလိုင်းထဲ ဟင်းသီးဟင်းရွက်တွေအောက်
သစ်ခွတခက် ဝှက်ခဲ့တဲ့တရားခံဟာ
ငါပဲပေါ့ မိုင်
ဆလိုင်း နင်အရမ်းလည်တယ်
လည်ပင်းကငွေဆွဲကြိုးကလေးကိုင်
ရှက်ပြုံးစစနဲ့ခေါင်းငုံ့
ဆာဟေးဟို့ လို့ ကြည်စယ်တော့
ရုတ်တရက်မျက်ဝန်းလေးပင့် နှုတ်ခမ်းကိုက်
လက်နုနုတွေနဲ့ ပြန်ထုရိုက်တယ်
နင့်ပါးမှာ သစ်ခွရနံ့သင်းလို့
ငါ့ရင်မှာ အောက်ချင်းငှက်ဖိုကြီးက တစာစာအော်လို့..။
ခိုဒိုပွဲတော်ပြီးရင် နင့်ပေါင်ဆီခွင့်တောင်း
နှစ်ယောက်တကမ္ဘာတည်မယ့်အိပ်မက်တွေလည်း
နှင်းစက်တွေလို
နေရောင်မှာ ညွတ်တွဲပြိုကွဲခဲ့ရပြီ မိုင်
ပြည်ထဲရေးနဲ့ ဝမ်းရေးထက်
လွမ်းရေးခက်သတဲ့
ဗမာစကားပုံထဲ ငါမှတ်မိသမျှ
နင်မရှိမှ သိသိသာသာပါပဲ မိုင်ရေ
မိုးလုံးပြည့်လောကဓံထဲ
ကြပ်ခိုးစွဲဘဝများယိုဖိတ်နေပုံ
မိုင်ရေ
ဘဝဆိုတာ ဖူးဝေလင်းမြခွင့်မရခင်
မသေအောင်ရုန်းကန်ဖောက်ထွက်
တကိုင်းချိုးရုံနဲ့ ညိုးချုံးသွားစရာမှမလိုတာကွယ်..
အဲဒီလိုပဲ
ကိုယ့်အနာကိုယ် လျှာနဲ့သပ်လိုက်ရတယ် မိုင်
နင့်ကို နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းမှာ
ဆူညံပွက်လောရိုက်နေတဲ့ ကမ္ဘာပျက်ထဲ
အရိပ်တွေ အရောင်တွေ ဖျပ်ခနဲ ဖျပ်ခနဲ လျှပ်စီးလက်လို့
အဲဒီနေ့က
ပြာယာခတ်နေတဲ့ နင်ဟာ
အထုပ်အပိုးတွေ မနိုင့်တနိုင့်သယ်ရင်း
မီးခိုးငွေ့တွေတထောင်းထောင်းထနေတဲ့ ရွာကလေးဆီ
သမင်လည်ပြန်လှည့်ကြည့် လှည့်ကြည့်
လေအဝေ့မှာပုဝါစလေး လွင့်လာသလို
လူတန်းကြီးလည်း တောစပ်ကနေတရွေ့ရွေ့
မီဇိုရမ်လား…
တောတောင်တနေရာရာလား…
သွားပေအုံးတော့ မိုင်ရေ…။
ကမ်းပါးနံရံ ဘယ်နှစ်ခု
မြစ်ချောင်းပင်လယ် ဘယ်နှစ်ခု
ငါတို့ကြားမှာ ခြားနေသလဲ
နိုင်ငံတော်အာဏာဆိုတဲ့ သူရူးကြိုက်အလွှာတလွှာပဲဖြစ်မယ်
ခြောက်ခြားဖွယ်တိတ်ဆိတ်တဲ့ညအမှောင်ထဲ
မီးကျည်းခဲရဲရဲပေါ်
ငါ့လိပ်ပြာအတောင်တဖျပ်ဖျပ် ခတ်မိပေါ့ မိုင်ရေ
တော်လှန်ရေးဆိုတာ
ဝါးညှပ် က သလိုပါပဲ မိုင်
အကွက်ကျကျမနင်းနိုင်ရင်
ရန်သူ့လက်ဖျားမှာ အသက်ပါသွားနိုင်တယ်
ဟန်တချက်မှားရင် ဇီဝိန်ပျက်သွားနိုင်တယ်
ဒါပေမဲ့ ငါမကြောက်ပါဘူး မိုင်ရယ်
တို့အဘွားရဲ့ ပါးရဲတွေလို
စွဲခိုင်စိတ်နှလုံးနဲ့
ကြိုးတန်းပေါ်လျှောက်
ရန်သူနဲ့ ဓားချင်းယှဉ်ပေါက်ဆဲ…
ဘယ်လောက်အော်အော် မကြားတဲ့နားတွေအတွက်
မျက်လုံးတလုံးအတွက် မျက်လုံးတလုံး
နားတဖက်အတွက် နားတဖက်ပဲပေါ့ မိုင်
နင့်နှလုံးသားပေါ်ကမျက်ရည်စက်တွေအတွက်
ဗုံးဆံထိလို့ပျောက်ဆုံးသွားရတဲ့ နင့်မောင်လေးခြေတဖက်အတွက်
မီးခိုးလုံးတွေရဲ့ခြေတော်တင်ခြင်းခံရတဲ့ ရွာကလေးအတွက်
မဝေခင် ကြွေရတဲ့ပန်းတွေအတွက်
တချက်ချင်း တတောင့်ချင်း
ငါပြန်ယူခဲ့ပါ့မယ် မိုင်
မိုင်ရေ
နိုင်ငံမြေပုံကို ဖက်လိုလိပ်
ငါတို့ဘဝကို ဆေးလိုသိပ်
အရသာခံဖွာရှိုက်တတ်တဲ့လူတန်းစား ရှိနေသရွေ့
တူမီးတလက်နဲ့အောက်ချင်းငှက်ဟာ
ချင်းတောင်တန်းပေါ် ဆက်လက်ပျံသန်းနေမယ်
ပြာသောကောင်းကင်
ဒီမိုကရေစီလူသားသီချင်းသံ
တို့ကမ္ဘာမှာ စည်ပင်ဝေလျှံလာတဲ့တနေ့
ပြန်လည်ဆုံတွေ့ကြမယ် မိုင်
သံသရာစွယ်တော်ပင်အောက်
ငါတို့ဘယ်တော့လောက် တရွက်ဖြစ်မလဲ
စစ်ရှောင်စခန်းတနေရာက
မိုင် ကျန်းမာပါစေကွယ်…
NWN
#စိမ်းသော်တာ
ခေါ်နူးစုမ် = နတ်မတောင်
ဆာဟေးဟို့ = ပဲများတယ်
ခိုဒို = ကောက်သစ်စားပွဲတော်
ပေါင် = အဖေ
credit/coppy@
စာရေးဆရာစိမ်းသော်တာအား လေးစားစွာ ခရက်ဒစ်ပေးပါသည်