အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရေတွေကြီးနေတဲ့ကြားက ဒန်အိုးကြီး စီးပြီး မင်္ဂလာသွားဆောင်ခဲ့ကြတဲ့ သတို့သားနဲ့ သတို့သမီး စုံတွဲပုံတွေက မိုးသည်း ရေကြီးလို့ စိတ်
ဒုက္ခရောက်နေကြတဲ့ အဲဒီဒေသက လူတွေကို တဒင်္ဂ စိတ်ကြည်နူး ပျော်ရွှင်စရာ ဖြစ်သွားခဲ့ရပါတယ်။
ကယ်ရဲလားပြည်နယ် သာလက်ဗက်ဒီရွာက အကက်ရှ်နဲ့ အိုင်ရွှာယာတို့ စုံတွဲဟာ တနင်္လာနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သူတို့ရဲ့ မင်္ဂလာပွဲကို မဖြစ်ဖြစ်အောင် လုပ်သွား
ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာပါ။
ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ကြတဲ့ သူတို့စုံတွဲ ဒန်အိုးကြီးကို လှေလိုလုပ်ပြီး မင်္ဂလာဆောင်မယ့် နေရာကို အရောက်သွားနေတဲ့ ပုံတွေက ဆိုရှယ်မီဒီယာမှာ တ
မဟုတ်ချင်း ပျံ့သွားခဲ့ပါတယ်။
ကယ်ရဲလားပြည်နယ်မှာ မိုးသည်းထန်ပြီး လူသေဆုံးရတဲ့အထိရေကြီး မြေပြိုမှုတွေ အကြီးအကျယ် ဖြစ်ခဲ့တာပါ။
မြစ်ရေတွေ လျှံတက်လာတဲ့အတွက် တံတားတွေ၊ လမ်းတွေ ရေနဲ့အတူ မျောပါသွားခဲ့ပြီး တချို့နေရာတွေမှာဆို မြို့တွေ၊ ရွာတွေ လုံးဝ အဆက်အသွယ် ပြတ်သွားခဲ့ပါ
တယ်။
အကက်ရှ်နဲ့ အိုင်ရွှာယာတို့ မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ဟိန္ဒူဘုရားကျောင်းငယ်လေးလည်း တချို့တဝက် ရေလွှမ်းမိုးခံခဲ့ရပါတယ်။
သူတို့စုံတွဲက နောက်ဘုရားကျောင်းတစ်ခုကနေ ဟင်းချက်ဒန်အိုးကြီးတစ်ခု ငှား၊ အထဲမှာ ဝင်ထိုင်ပြီး ရေကြီးနေတဲ့ လမ်းတွေပေါ်ကနေ မင်္ဂလာဆောင်မယ့်နေရာကို
ဝိုင်းကူပို့ပေးဖို့ လူတွေကို အကူအညီတောင်းခဲ့ပါတယ်။
“တစ်ခါမှ စိတ်မကူးခဲ့ဖူးတဲ့ မင်္ဂလာပွဲ ဖြစ်သွားခဲ့တယ်”လို့ သတို့သမီး အိုင်ရွှာယာ က Asianet သတင်းဌာနကို ပြောပြခဲ့ပါတယ်။
အစကတော့ ကိုယ့်မိသားစုနည်းနည်းနဲ့ပဲ မင်္ဂလာပွဲကို အကျဉ်းရုံးဖို့ စီစဉ်ထားခဲ့ပေမဲ့ မင်္ဂလာဆောင်ဖို့ ဒန်အိုးကြီး စီးပြီး သွားနေတဲ့ သူတို့ရဲ့ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့
သွားခဲ့ရာကနေ လူတွေရဲ့ စိတ်ဝင်တစား အာရုံစိုက်တာ ခံခဲ့ရတဲ့အတွက် သူတို့ရဲ့ မင်္ဂလာပွဲနေ့ကို လူတွေအများကြီးနဲ့ ကျင်းပခဲ့ပုံမျိုး ခံစားမိရတယ်လို့ မင်္ဂလာဦး
မောင်နှံက ပြောပါတယ်။
သူတို့ မင်္ဂလာဆောင်မယ့်ရက်ကို ဟိုးအစောကြီးကတည်းက ကြိုတင် ရက်သတ်မှတ်ပြင်ဆင်ထားခဲ့တာ ဖြစ်ပြီး အလုပ်ကနေ ဘယ်တော့မှ ခွင့်ရနိုင်မလဲ ဆိုတာ မသိ
တဲ့အတွက် ရက်ထပ်မရွှေ့ဆိုင်းချင်တော့ဘူးလို့ အကက်ရှ်က ပြောကြောင်း PTI သတင်းက ဆိုပါတယ်။
မင်္ဂလာဆောင်တဲ့ နေရာကို အရောက်သွားနိုင်ဖို့မှာ ရုတ်တရက်ကြီး ငှားစီးဖို့က ဒီဒန်အိုးကြီး တစ်ခုပဲ ရွေးစရာ ရှိတယ်လို့ အကက်ရှ်က ပြောပါတယ်။
BBC Burmese